Thursday, July 30, 2009

အသံမမြည်အောင်တီးတဲ့ဘင်ခရာ

စိတ်ညစ်နေတယ်၊ ဒုက္ခပါပဲ
အထပ်ထပ်ကြားနေရတဲ့ စကားများ
ငါလည်း သူတို့လို
ပိုက်ဆံတွေ ပိုက်ပြီး စိတ်ညစ်ချင်လိုက်တာ
ဒုက္ခရဲ့ မြူဆွယ်မှုအောက်ထဲ
ခေါင်းတိုးဝှေ့ချင်လိုက်တာ
ဒါမှ မနက်ဖြန်ဆိုတာ နည်းနည်းတော့
အဓိပ္ပါယ်ရှိမယ် မဟုတ်ပါလား။
ကတ္တီပါဖုံးထားစရာမလိုဘူး
ရွှေဓားဖြစ်ဖို့ မလိုပါဘူး
ခင်ဗျားတို့ ထိုးမယ်ဆိုရင်
ကြိုက်တဲ့ဓားကိုသာယူခဲ့ပါ
နောက်ကျောကိုထိုးသွားလည်းခွင့်လွတ်တယ်
ဒါမှ ဂျေဂျူဝိုင်ဆိုတာ အသက်ရှင်နေဆဲလို့
ကိုယ့်ကိုယ်ကို ခန့်မှန်းနိုင်မယ် မဟုတ်ပါလား။
ဘ၀ကို စစ်တမ်းကောက်လိုက်ရင်
အမှားတွေ တစ်ထပ်ကြီးနဲ့
နောင်တတွေ တစ်သီတတန်းကြီး ထွေးပိုက်ထားချင်လိုက်တာ
ဒါမှ အမှန်တစ်ခုလောက် ရဖူးရင်
ကြည်နူးမှုဆိုတာကို ရရှိဖူးမယ် မဟုတ်ပါလား။
တိုးတိုး တိုးတိုးနဲ့ ကျွတ်ကျွတ်လို့ စုတ်သပ်ပြီး
ဂျေဂျူဝိုင်ဆိုတာ သူလေ၊ မိုက်လိုက်တာဟယ်
ဆိုတဲ့ စကားသံမျိုးကြားချင်လိုက်တာ။
ဒါမှ ကျွန်တော် တစ်ယောက်ယောက်နဲ့
ပတ်သက်နေကြောင်း သိရမယ် မဟုတ်ပါလား။
ဖြန့်လက်တဲ့ လက်ဝါးထဲ ဘာမှ မပါခဲ့ဖူးသလို
ဆုတ်လိုက်တဲ့ လက်ထဲမှာလည်း ဘာမှ ပါမလာခဲ့ဖူးပါဘူး။


လေးဖြူ၏ အပယ်ခံ သီချင်းကို နားထောင်ရင်း စပ်မိတဲ့ ကဗျာလေးတစ်ပုဒ်ပါ။