Showing posts with label friends poem. Show all posts
Showing posts with label friends poem. Show all posts

Sunday, March 20, 2011

“လမ်းညွှန်ဆိုင်းဘုတ်အလိုအတိုင်းသာ ငါတို့တွေ လှမ်းဝင်”

Sunday, March 20, 2011 Posted by ဂျေဂျူဝိုင်
ကောင်းကင်ကကြယ်တွေကြွေတော့


ငါတို့တွေ ဆုတောင်းအသီးသီးပြုကြ

မောဟတွေ၊

လောဘတွေ၊

၂၁ ရာစုရဲ့ နောက်ဆုံးပေါ်ရမ္မက်တွေနဲ့

ငါတို့လတ်တလောအပူကို ကြယ်တွေဆီကို ပေါင်းကူးပေးကြ

ငါတို့ကြွေတဲ့အခါ

ကြယ်တွေ ဘယ်လိုဆုကိုများ တောင်းကြမလဲ။



ငါတို့တွေ အထုပ်အပိုးလေးပြင်ပြီး

ဒီအိမ်လေးထဲကို ၀င်လာခဲ့

ဒီအထုပ်လေးကိုဖြည်ရင်းနဲ့

ရင်းနှီးစားသောက်ခဲ့ကြ

တချို့တွေက ပညာတွေသင်

တချို့က ကြင်ယာကို ခင်

တချို့ကတော့ ကိုယ့်ကိုယ်ကိုသာ ခြယ်သရင်း



ငါတို့တွေ မပိုင်ဝက်မွေးကြတယ်။

ပန်းခြောက်ပင်တွေကိုမှ ရေလောင်းကြတယ်။

တပိုင်တနိုင် သီအိုရီနဲ့

ငါတို့ကို ငါတို့ မှတ်ပုံတင်ပြီးသား အမှန်တရားတွေလို့ထင်နေကြ

ပြီးတော့လည်း အဲဒီ အထင်ကိုသာ

ပန်းအိုးတစ်လုံးလို ဧည့်ခန်းထဲမှာ ချိတ်ဆွဲထားချင်ကြနဲ့

ငါတို့ဟာ ဟန်ပြသက်သက်ဖြစ်မှန်းမသိကို ဖြစ်လာခဲ့တာ။



ငါတို့မှာ ကျောနံပါတ်ရှိတယ်။

ငါတို့တွေ ကွင်းဘေးမှာ ရပ်နေတယ်။

ငါတို့တွေ တစ်ယောက်ပြီးတစ်ယောက် လူလဲကစားကြပေမယ့်

ဒီပွဲက ခုထိ အနိုင်အရှုံး မသဲကွဲသေးဘူး။

ငါတို့တွေဟာ တဖြည်းဖြည်းချင်းစီ ခြေကုန်လက်ပန်းကျလာ

ငါတိုရဲ့မှတ်ဥာဏ်တွေ ယို့ယွင်းလာကြ

အဟောင်းနဲ့ အသစ်ကို

ဝေေ၀၀ါးဝါးရှိလာ။



ငါတို့ကပဲ ဒီနေ့ကို တီထွင်တယ်

ငါတို့ကပဲ မနေ့ကကို ဖျက်ဆီးပစ်တယ်

ငါတို့ကိုယ် ငါတို့ Format အကြိမ်ကြိမ်ရိုက်တယ်။

ဓါတ်ခွဲခန်းမှာ အီးစီဂျီ ဆွဲနေသလိုပဲ

ကြည့် ….ငါတို့သွေးကြောမှာ အဆီအဆိမ့်တွေ ပိတ်ဆို့နေလိုက်တာ

အချိန်မှီ…..အသည်းအစားထိုးမယ်

ကျောက်ကပ်လဲလှယ်မယ်

အိမ်ရှင်၊ အိမ်ငှားဆိုပေမယ့်

ငါတို့က တချို့တွေကို ဖာထေးပေးခဲ့သင့်တယ်။



ဒါဟာ အရာရာမြန်နှုန်းမြင့်နည်းပဲ

ငါတို့ အမြင် အာရုံကိုမြင့်ရမယ်

ခပ်ဝေးဝေးက လွင့်ပျံလာမယ့်အသံတွေကို ငါတို့ နားစိုက်ထောင်

အထူးသတင်းကြေငြာချက်ကို အာရုံပြု….

သိပ်အံ့သြစရာ

ငါတို့ဟာ စီးဆော (Sea-Saw) တစ်ခုပေါ်မှာ

ငါတို့ရဲ့ နူးညံ့ကြင်နာမှုဟာ တဖြည်းဖြည်းအောက်ကိုကျလာ

အချိန်မှီ….အခုအခံကိုရှာတယ်

ငါတို့အတွက် အကာအကွယ်ကိုရှာရတယ်။



ဘယ်လိုနည်းနဲ့ပဲ ကမ္ဘာဟာ တောက်လောင်ပါစေ

ငါတို့မှာ ချနင်းစရာ သားကောင်က အဆင်သင့်ဖြစ်ရမယ်

ငါတို့တွေ ဟန်ဟန်ပန်ပန်ကို စုဆောင်းကြ

ငါတို့တွေ လက်ကိုင်အိတ်ကို ဖောင်းပွကြ

ငါတို့ဟာ ၀တ်ပုံစားပုံ သပ်သပ်ရပ်ရပ်နဲ့ဆိုတော့

ငါတို့လက်ရှိဟာ ငါတို့မနက်ဖြန်ကို အလွယ်တကူမမှတ်မိ

အဲဒီနည်းအတိုင်း

ငါတို့ကိုယ် ငါတို့ အကြိမ်ကြိမ် ပြန်ထိုးမိတယ်



တစ်၊

နှစ်၊

သုံး၊

လေး….

ငါတို့ကိုယ် ငါတို့ တိုင်ပင်ပေးရတယ်

ငါတို့တွေ ဖုတ်ဖက်ခါပြီးပြန်ထ

ငါတို့မျက်ရည်ကျတာကို မြင်ဖူးသူဟာ

ငါတို့ကို ပိုဝမ်းနည်းစေသူတွေ

ငါတို့ဘ၀အချိုးအကွေ့မှာ

သူတို့လက်ခေါက်မှုသံကိုလျစ်လျူရှု့ထား

ငါတို့တွေဟာ ပုန်းလျှိုးကွယ်လျှိုးဆိုပေမယ့်

စင်ပေါ်ကို ထင်ထင်ရှားရှား တက်ချင်ကြသေးတာ



ရှု့စားသာကြည့်ကြ

အဲဒီအထုံးကြီးကိုငါတို့ဖြေနေပုံ

အဲဒီ ဇာတ်ရှုပ်ကို မိုးလင်းမိုးချုပ်ဖျော်ဖြေပုံ

ဆရာ့ ဆရာကြီးတွေ နည်းအတိုင်း

ငါတို့တွေဟာ တသွေမတိမ်းကို လိုက်နာပုံတွေနဲ့

နောက်အထုပ် ထုပ်ဖို့ ငါတို့ဟာ မေ့လျော့ခဲ့ကြ

အွန်လိုင်းပေါ်တက်ရင်း မေ့လျော့ကြ

နိုက်ကလပ်တက်ရင်းနဲ့ မေ့လျော့ကြ

အိပ်ရာခင်းပေါ် ကျောဆန့်ရင်း မေ့လျော့ကြ

ဆူရှီစားရင်းမေ့လျော့ကြ



ငါတို့တွေ အပေးအယူမျှပါသေးတယ်။

ငါတို့တွေ နေကောင်းပါသေးတယ်။

ငါတို့လက်မောင်းသားတွေ တင်းတင်းရင်းရင်းရှိနေသေးတယ်။

ငါတို့ပတ်ဝန်းကျင်ဟာ စားကောင်း အိပ်ပျော်အခြေအနေပါ။

ငါတို့တွေ ဆခွဲကိန်းဘ၀ဖြစ်ရတာကိုပဲ ပျော်နေသေးတယ်။

အခုလောလောဆယ်တော့

ငါတို့ရဲ့ ဧရာဝတီလေး သိပ်ပြီးတော့ အိနြေ္ဒရနေ

စီးဆင်းနေပုံသိမ်သိမ်မွေ့မွေ့၊

အတိတ်တွေ ဘယ်လိုရှိရှိ ဒီနေ့ သူ သိပ်လှနေတယ်။

ဖူဂျီကိုထက် ငါတို့ပုပ္ပါးလေးကပိုလှတယ်

ငါတို့မြစ်သံလွင်လေး လတ်လတ်ဆတ်ဆတ်ရှိသေးတယ်။

တော်သေးတယ်

ငါတို့တွေ ဘုရားရှင်ရဲ့အဆုံးအမနဲ့ ကင်းကင်းကွာကွာ မဟုတ်သေးတာကိုက

ငါတို့ဒီဘက်အခြမ်းအတွက် ဘုရားတရလောက်အောင်ကို တော်သေးတယ်။





နှင်းနုလွင်



၁၅၊ ၀၃၊ ၂၀၁၁


အလမ္ပါယ်

Thursday, August 12, 2010 Posted by ဂျေဂျူဝိုင်
ရႊီ.. !!!

ပုလွေသံက
မိတ် ရှာနေတဲ့ မြွေတစ်ကောင်ရဲ့ တွန်သံလို
စူးစူးရှရှနိုင်လွန်း....။

ညှို့တတ်တဲ့ မြွေတစ်ကောင်ကို
နောက်ထပ် မြွေတစ်ကောင်က ထပ် ညှို့....။

ပါးပျဉ်းခွက်လေးကို
ယို့ယို့ပြီး နွဲ့နွဲ့ယိမ်း....... တိမ်း...။

ပုလွေနဲ့ မြွေ
ဘယ်သင်းက ဘယ်သင်းကို ထိမ်းကျောင်းသလဲ..?

မေးလို့ မြန်းလို့မှ မဆုံးသေး
“ ဟေ့လူ ! ခင်ဗျားမျက်နှာမှာ အကြေးခွံတွေ..”
“ ဟုတ်လား.. ဒါနဲ့ ခင်ဗျားမျက်ဆန်ကရော ဘာကြောင့် နီစွေးနေ..?။

အမြီး တိုတို .. ရှည် ရှည်
မြွေဟာ မြွေပဲ...။

ပုလွေသံကတော့
မြွေတစ်ကောင်လိုပဲ အလျားလိုက် တွန့်ငင်ပြီး
အာရုံဆီကို တရွတ်တိုက် ပွတ်....သပ်.......ဝင်
မနှစ်မြို့စရာပေမယ့်
ဘယ်မြွေမှာမှ တံခါးရွက်နဲ့ သော့ခလောက် မရှိကြဘူး....။

ဒါ...
မြွေတစ်ကောင်ကို
နောက်ထပ်မြွေတစ်ကောင်က ရွံရှာဖွယ် ညှို့တာပဲ
ပြီးတော့...
အထွေးလိုက် အထွေးလိုက် ညှို့ချက်မှာ ရစ်ပတ်ကြ
ရမ္မက်ကြောတွေ ဆွဲဆန့် လိမ်ခေါက် ကျုံ့ဝင်ကြ
ကျောရိုးရှည်တွေ ပို..ပိုပြီး
ရှည်မျောထွက်လာအောင် တောခွေးအ လိုမျိုး အူတွန်ကြ.../

အမြီး တိုတို.. ရှည်ရှည်
မြွေဟာ မြွေပဲ..
မြွေလို နေထိုင်ရင်လည်း မြွေပဲ....။

ရွှီ.. !!!

မိုးကေခမ်း

Tuesday, August 10, 2010

အဆိပ်သင့်နေတဲ့ကဗျာ

Tuesday, August 10, 2010 Posted by ဂျေဂျူဝိုင်
ဘာမွမဟုတ္ဘူး...
အကြည့်လေးတစ်ချက်ပဲ အလွဲလွဲအချော်ချော်ဖြစ်နေကြတာ
ပြီးတော့လည်းပြီးသွားမှာတွေပဲ
ခဏလေးပွင့်ခွင့်ရနေတာကိုများ
သူက လှတယ်, ငါက လှတယ်နဲ့ နားရှက်စရာ
သူများကို လက်ညှိုးမထိုးခင် ကိုယ့်ကိုယ်ကို အရင်စစ်ဆေးဦး
ခင်ဗျားတို့က အပေါ်ယံအရေပြားလောက်နဲ့ပဲ ဘ၀ကိုအဆုံးသတ်မှာလား
အဲဒီငါးခုံးမတွေကြောင့်ပဲ တစ်လှေလုံးပုပ်ပုပ်နေရတာ
ဘာဖြစ်လို့လဲ...
စင်အောက်ကိုရောက်နေလို့သိမ်ငယ်နေတာလား
မနာလိုစိတ်လောက်ရွံစရာကောင်းတာ ဘာမှမရှိဘူး
လာပါ...
မျက်နှာချင်းဆိုင်ပါ...
ရဲရဲပြောပါ...
ခင်ဗျားနောက်ကျောမှာဝှက်ထားတဲ့ဓားက
ခင်ဗျားနောက်ကျောကိုစိုက်ဝင်နေတာ ကြည့်မကောင်းဘူး
အားလုံး``ပုထုဇ္ဇနော ဥမ္မတ္တကော´´တွေချည်းပဲ
ကိုယ့်ကို လက်ခုပ်တီးပေးနေတာကြိုက်သလောက်
သူများကို လက်ခုပ်တီးပေးရမှာပျင်းတဲ့လူ
ဒီလောက်ပဲလား...
ခင်ဗျားရဲ့ရှင်သန်နေထိုင်မှုက ဒီလောက်တင်ပဲလား
လူဖြစ်ခွင့်ခဏရတုန်းလေး
လူလိုသူလိုအသက်ရှူသွားပါဦး
ဟိတ်... ဒီမယ်...!!!
မြွေပွေးတိုင်းအဆိပ်ရှိတဲ့အကြောင်း...
ဘယ်ကျမ်းဂန်မှသွားဖတ်နေစရာမလိုဘူး
အသက်လှလှရှူပါ...
အိပ်ရေးလှလှအိပ်ပါ...
မနာလိုစိတ်ကို ခပ်ထုတ်နိုင်သလောက်ခပ်ထုတ်ပစ်ပါ
ပန်းပွင့်တိုင်းမမွှေးတဲ့အကြောင်း
ခင်ဗျားနဲ့တွေ့မှပိုသေချာသွားတယ်
စကားများများပြောချင်ရင် စာပြန်သင်လိုက်ဦး
ကိုယ့်ကိုယ်ကို အရင်ဂရုစိုက်
အကြည့်ကို ဖြောင့်ဖြောင့်တန်းတန်းထား
နင်းထားတဲ့မြေကြီးဟာ အားလုံးနဲ့သက်ဆိုင်တယ်။


ထွန်းလင်းသစ်(ကန့်ဘလူ)

Friday, April 30, 2010

ငါ့ရဲ့ အဝေးက အနီးဆုံးကောင်းကင်

Friday, April 30, 2010 Posted by ဂျေဂျူဝိုင်
အဝေးကို လှမ်းငေးကြည့်လိုက်တယ်
မြေကြီးနဲ့ကောင်းကင်
တပူးတွဲတွဲစကားပြောကြရဲ့
ပင်လယ်ဟာကောင်းကင်ကြောင့်ပြာတယ်
ဘယ်လိုမှ မဖြစ်နိုင်ဘူးကောင်မလေး
မင်းကိုချစ်လို့ ဒီစကားကိုငါပြောတယ်
အဝေးကနေ နီးစပ်နေကြတဲ့ရင်ဘတ်နှစ်ခု
အလွမ်းငွေ့တွေနဲ့ဝိုင်းပတ်ကာရံထားတယ်
မေ့မေ့မောမောနဲ့ ပျော်နေခဲ့တာမဟုတ်ပါဘူး
ရင်ဘတ်ကိုဆုတ်ဖြဲပြီးပြုံးရိပ်သန်းပြနေရတာ
ငါတို့နှစ်ယောက်ကြား အမှန်တရားတွေဖြတ်ဖြတ်ပြေးတိုင်း
ငါ့ကိုယ်ငါ ပျောက်ဆုံးပစ်လိုက်ချင်တယ်
မင်းရဲ့ငိုသံတွေကြားမှာ
ပြိုဆင်းကျခဲ့ရတဲ့ငါ့ရဲ့မျက်ရည်ငွေ့တွေ
ဆွေးဆွေးမြေ့မြေ့ပဲထိုင်ငေးနေလိုက်ရတယ်
လောဘတကြီးပိုင်ဆိုင်ချင်ခဲ့ပါရဲ့
လမင်းမသာတဲ့ညဥ့်နက်နက်မနက်ဖန်တွေ
ကောင်းကင်ရောင်ပျောက်သွားတဲ့ပင်လယ်လို
ကိုယ့်ကိုယ်ကိုပြာလွင်ဖို့မဖြစ်နိုင်တဲ့အဖြစ်မှာ
ငါလေ....
``မင်း ကို သိပ် ချစ် တာ ပဲ´´
အဝေးကပဲကြိုးညှိနေရတယ်။


ထွန်းလင်းသစ်ကို ကဗျာစပ်ပေးပါလို့ပြောတော့ သူက အမှန်အတိုင်း စပ်ပေးသွားတယ်။


အလွမ်းနင့်နင့်..နဲ့... အဆင့်အဆင့် အမြင့်အမြင့်ကနေ.. တရင့်ရင့်.. ကြွေ

Wednesday, April 21, 2010 Posted by ဂျေဂျူဝိုင်
(၁)

အလွမ်းတွေကို
အလွမ်းအတိုင်း ထားရှိရင်း
ဆူလွယ်နပ်လွယ် ပန့်ခ် သီချင်းတစ်ပုဒ်ကိုပဲ ညဉ်းနေမိ

အိုကွယ်..
ချစ်သူ့ မျက်ဝန်းကလေးကို သတိတရနဲ့
ချစ်သူ့ ရင်ညွန့်ထက်က လော့ကတ်သီးလေးရယ်
ချစ်သူ့ လက်ကောက်ဝတ်က နတ်ဘုရားဆင်းတုရယ်ကိုပဲ
သဲကြီးမဲကြီး နာလိုခံခက်ဖြစ်နေရ
အနှိုင်းအဆ ဟာ ဒီလောက်လေးပါပဲ ချစ်သူ...



(၂)

ချစ်သူရယ်လေ..
ပူတယ်...
ဟောဒီ မန္တလေးဟာ ပူတယ်..
ကိုယ့် ရင်ထဲမှာလည်း ပူနေတယ်..
ကိုယ်တို့နှစ်ဦးရဲ့ ရှေ့ခရီးဟာလည်း မီးလိုပဲ ပူနေမတဲ့လား..?
ကိုယ် မထိကိုင်ဖူးသေးတဲ့ ချစ်သူလက်ဖ၀ါးလေးထဲမှာ
ကိုယ့် ဘ၀ရဲ့ အရာရာကို ဆုပ်ကိုင်ထားပြီး
အေးငြိမ်းသောခရီးဆီ နင် ထွက်ခွာသွားသင့်ပြီပဲ ချစ်သူလေးရယ်...

“ထားခဲ့တော့ပါ
ရင်မှာ နာလည်း
ကိုယ့် အသဲကို
ကွဲဖို့ အသင့်
ခင်းဆင့်မယ်...” တဲ့
အလျားလိုက် ဖြန့်ခင်းပေးထားသော သံယောဇဉ်မှာ
အသာအယာပဲ ဖြတ်လျှောက်သွားလိုက်ပါကွယ်
ချစ်သူ့ ဖ၀ါးနုနုနယ်နယ် အန္တရာယ်ကင်းစေရခြိမ့်မယ်...



(၃)

ချစ်သူရယ်လေ..
တစ်ယောက်ဆီတစ်ယောက်က
ရောက်ရှိချင်ရက်နဲ့ ဝေးနေရခြင်းဟာ
ကိုယ်လိုကောင်အတွက် ပိုပြီး “နာ” ရတယ်
ကိုယ်လိုလူအတွက် အိပ်မက်ထဲထိ “သေ” ရတယ်
ကိုယ်လို နှလုံးသားအတွက် ဗဟိုချက်ဆီ ကွက်တိ “ထိ” ပါတယ်..

“ဂျေဂျူဝိုင်ဆိုတာ ဆိုတာ
ဘ၀နဲ့အချစ်မှာ ဥပစ္ဆေဒကကံနဲ့ နတ်ဖြစ်သွားတဲ့ သတ္တ၀ါ” ... တဲ့
ဒါဟာ တကယ်ပဲ ချစ်သူလေး
အလွမ်းအဆွေးတွေ ရာနှုန်းများများနဲ့
ကိုယ့် ဘ၀ပေါ် ၀ဲဝဲကျလာတဲ့ ဓားချက်တိုင်းမှာ
ကိုယ့် ခံနိုင်ရည်ဟာ ထိုင်းမှိုင်းလာခဲ့ရ...

ချစ်သူပေးအပ်သမျှ ချိုမြိန်ခြင်းတွေနဲ့တင်
ကိုယ့်ရင်ဘတ်ရဲ့ ကိုလက်စထရော အချိုးအစားကလည်း
မတန်တဆပဲ များ များ လာခဲ့ရ...

ချစ်သူရေ..
ဝင်သက်လေ ထွက်သက်လေ အထိအခတ်တိုင်းမှာ
ချစ်သူ့ ခေါ်သံလေးဟာ ငြိလာကပ်ပါ
အဲဒီလို အခါများမှာ အသက်ရှူကြပ်လာ
အလွမ်းဆိုတာ..
အယ်လ်ကိုဟော ဆချိုးများများနဲ့ ဒရာဘယ်လ် ဘီယာ
ကိုယ် ယစ်မူးတတ်ခဲ့တာလည်း ကြာပြီပဲကွယ်...



(၄)

ချစ်သူရယ်လေ..
ကိုယ်လေ တိတ်တိတ်လေး
အတွေးထဲမှာ ခိုးခိုးပြီး စိတ်ကူးယဉ်

“ ချစ်သူ သတိမထားမိလိုက်ပဲ
ချစ်သူ့ ဆံနွယ်ဖျားကနေ ခြေဖ၀ါးလေးဆီအရောက်
တောက်လျှောက်စီးဆင်းခွင့်ရသော ရေစက်မှုန်ကလေး ဖြစ်ချင်..”

“ချစ်သူ့ လွတ်လပ်ခြင်းတွေအတွက် ချစ်သူ အနှံ့အပြားဆီ ထိကပ်ခွင့်ရတဲ့
ညဥ့်လွှာရုံ အ၀တ်အထည်ပါးပါးလေး ကိုယ် ဖြစ်ချင်..”

ဒါမှ မဟုတ်ရင်လည်း..
“ချစ်သူ နံနက်တိုင်းလိုလို စားဖြစ်တဲ့ ကြာဇံကြော်ထဲက
ဆတ်တောက် ဆတ်တောက် နင် ၀ါးမိတဲ့ မုန်လာဥနီဖတ်လေး ဖြစ်ချင်..”

“ချစ်သူ ချော့သိပ်လိုက်ရင် ချက်ချင်းပဲ အိပ်ပျော်သွားမယ့်
ငိုသံကျယ်ကျယ် ကလေးလေး ကိုယ် ဖြစ်ချင်..”

ဒီလိုပဲ တိတ်တိတ်လေး ခိုးခိုးပြီး စိတ်ကူးယဉ်
ချစ်သူ... မသိဘူး...


(၅)

ချစ်သူရယ်လေ..
ကိုယ်တို့နှစ်ယောက်ရဲ့
ဥပဒေမဲ့ အပြာနုရောင်ချစ်ခြင်းတရားခွင်မှာ
ကိုယ်ဟာ ချစ်သူကို စီရင်ပိုင်ခွင့်ပေးထားသလို
ချစ်သူကလေးကလည်း ကိုယ့်ကိုပဲ စီရင်ချက်ချစေချင်တယ် ဆိုတာ
ကိုယ်နားမလည်သော ဘာသာစကားကို နားထောင်ရင်း ကိုယ် နားလည်လာ..

ကိုယ်တို့ တစ်ဦးစီအတွက် တစ်ဦးက
ဝင်ရလွယ်ပြီး ထွက်ရခက်တဲ့ ၀င်္ကပါ တဲ့လား..?
ကိုယ်တို့ လှလှပပလေး မှားခဲ့ကြပြီ ထင်ပါရဲ့ကွယ်...



(၆)

“လူဖြစ်လာတာက ပထမအမှား
လူလိုခံစားတတ်တာက ဒုတိယအမှား..” တဲ့
ဒီလိုဆို...
တတိယအမှားဟာ ကိုယ့် မှန်ကန်ခြင်းတရားပဲပေါ့
နင့် နှလုံးသားမှာ ဖြစ်တည်တယ်လေ...

ချစ်သူရေ..
ခြေခင်းလက်ခင်း သာ သာ ၊ မသာ သာ
အလွမ်းတစ်ခုက အလွမ်းတစ်ခုကို ဆာလောင်လို့
ကုန်းမြေတစ်ပြင်က ဟိုဘက်ကုန်းမြေတစ်ပြင်ကို ဆာလောင်လို့
ဆာလောင်ခြင်းအထပ်ထပ်က ကိုယ့် ရင်ဘတ်တည့်တည့်ကို ဆာလောင်လို့
ည ည များဆို ယောင် ယောင်ပြီး စမ်းကြည့်မိ
ချစ်သူကလေး ရှိမှ မနေပဲကို...

အဝေးမှာ..
လေပြည်လာရာအရပ်ဆီ ဆန့်ထုတ်ထားတဲ့ ကိုယ့် လက်ဖ၀ါး
ချစ်သူ ခံစားတတ်ရင် နာကျင်ရပစေ ကိုယ်ကျေနပ်နိုင်ရဲ့
ဘာကို ပေးဆပ်ရမလဲ..?
ဘယ်လောက်အထိ ပေးအပ်ရမလဲ..?
ဘယ်အခြေအနေရောက်အောင် ကိုယ့်ကို သယ်ဆောင်သွားမှာလဲ..?
ဒီလိုနွေတွေပဲ ကိုယ့်ဆီတဖွဲဖွဲရွာသွန်းလို့
ကိုယ့်အရိပ်မှာ ချစ်သူ စိတ်တွေပဲ အခါခါ ထွန်းကားတယ်...



(၇)

ချစ်သူရယ်လေ..
ချစ်ခြင်းတရားမှာ
အရာရာဟာ မြင့်မြတ်သွားစတမ်း ဆိုရင်လည်း
ကိုယ့်ဘ၀ထဲက ကြက်ခြေခက်များစွားကို
သူရဲကောင်းတံဆိပ်လိုပဲ ၀ံ့ဝံ့ကြွားကြွား ကိုယ် ခံယူလိုက်ချင်ရဲ့..
တစ်နေ့ ထိမှန်လာမယ့် ကံတရား ကျည်ဆန်မှာပဲ
သံသရာတစ်ပြင်လုံး အုံးအုံးမြည်အောင် ကွဲပျက်လိုက်ချင်ရဲ့..
မြတ်နိုးခြင်းများစွာနဲ့ တွန်းဖွင့်ခဲ့မိသော ပန်းနုရောင်တံခါးချပ်ကို
ကိုယ် ကိုယ်တိုင်ပဲ ဂျက်ချထားလိုက်ချင်ရဲ့ကွယ်...

ကောင်မလေးရေ..
Love you... , Need you...
လွယ်လွယ်ကူကူနဲ့ ကိုယ်ပြောခဲ့တာ မဟုတ်သလို
Forget me... , Leave me...
ဒီလိုပြောဖို့လည်း ကိုယ့်မှာ မလွယ်ကူပြန်တဲ့နောက်
အလိုလိုကွယ်ပျောက်လွင့်ပါးသွားရှာမယ့်
တိမ်တွေသွားရာ ညဥ့်လမ်းမမှာ
အလွမ်းအစအနတွေ ဖွဖွခြွေရင်းပဲ ဆက်လျှောက်
ဘယ်ဆီကိုပဲ ရောက်ရောက်ပေါ့ကွယ်...



(၈)

ချစ်သူရယ်လေ..
အခြေအနေဆိုတာကို ပြောင်းပြန်လှန်ပစ်ဖို့
ဘယ်ပရောဖတ်ရဲ့ ဟောညွှန်ချက်ကို ကိုယ် ယုံစားရပါ့..
အိုလံပီယာတောင်ကုန်းထက်က
ဘယ်နတ်ဘုရားရဲ့ယဇ်ပလ္လင်မှာ ကိုယ့်ရှင်သန်ခြင်းကို ပသတင်မြှောက်ရပါ့..

ရယူလိုခြင်း တစ်ဆယ့်ငါး ရာခိုင်နှုန်း
ပေးဆပ်လိုခြင်း သုံးဆယ့်ငါး ရာခိုင်နှုန်း
ကိုယ့် မသိနိုင်ခြင်းက လေးဆယ့်ကိုး ရာခိုင်နှုန်း
ကိုယ်တို့ ဆုံဆည်းခွင့်က မစို့မပို့ တစ်ရာခိုင်နှုန်း
ဒါကိုမှ ကိုယ် ပြုံးပြုံးလေး နေထိုင်နိုင်တယ် ဆိုရင်လည်း
နောက်ဆုံးထွက်သက်ရဲ့ ပထမအပြုံးပဲ ဖြစ်ပါလိမ့်မယ်...



(၉)

“လာမယ့်ဘေး ပြေးတွေ့လိုက်စမ်းပါ ဂျေဂျူဝိုင်ရာ..” တဲ့
အစ်ကိုရေ.. အဲဒီကောင်မလေးဟာ ဘေး မဟုတ်ဘူး အစ်ကိုရဲ့
မြတ်နိုးခြင်းတရားတွေနဲ့ သွန်းခတ်ထားသော ပွင့်လွှာဓားတစ်လက်
လက်ကိုင်ရိုးမှာ သူမ ခေါ်သံလေးကို စွပ်တပ်ထားလေရဲ့..

အဲဒီဓားတစ်လက်ရဲ့အေးစက်စက်ဂုဏ်သတ္တိမှာ
ထိတွေ့မိလိုက်တိုင်း အသိနဲ့ စောင့်စည်းခြင်းဟာ အရှင်လတ်လတ် ကျောက်သားဖြစ်ရတယ်
အဲဒီကျောက်သားတွေကပဲ တဖျပ်ဖျပ်လှုပ်ခါအိကျတတ်လာပြီး
သူမ ရှိရာအရပ်ဆီ ဦးညွှတ်စီးဆင်းရပြန်တယ်...

တခါတရံ များစွာမှာလည်း
နှစ်ပေါင်းတစ်ထောင်ကြာ သိမ်းဆည်းထားတဲ့ ၀ိုင်တစ်ခွက်လိုပဲ
ရှိန်းခနဲ ဖိန်းခနဲ အနှိုးအဆွ .. ဘ၀နဲ့မာနကို ရုန်းကြွအောင် အားခွန်ပေးတယ်
အဲဒီဓားတစ်လက်ရဲ့ စေညွှန်ရာ အရပ်မျက်နှာမှာ
သစ္စာတရားနဲ့ အခြားအခြားသော စိတ္တဇလိုအပ်ချက်တွေ ပြည့်စုံနေမလား လို့လည်း
ရင်ကွဲပက်လက်အိပ်မက်တွေနဲ့ အိပ်စက်တတ်လာပါတယ် အစ်ကိုရေ...



(၁၀)

ချစ်သူရယ်လေ..
လာမယ့် နွေနှောင်းမှာ ကိုယ်ဟာပြက္ခဒိန်ကို လှန်လှောရပေဦးမယ်
လူလူသူသူခံစားတတ်ခြင်းလမ်းမထက်က
ကိုယ့် နှစ်ဆယ့်ရှစ်ကြိမ်မြောက် ညစာစားပွဲမှာ
ဘ၀ဟာလည်း အကြမ်း အနု အယုအယ အစအနောက်အကြောက်အကန်
ဟန်မျိုးစုံ ပဉ္စလက်တရားမှာ ထုသားနေသား ကျနလာရပေဦးမယ်
SS.တပ်ဖွဲ့မှူး “ဂျင်နရယ် ဟင်းမလား” ကပြောတယ်
“ယုံကြည်ချက်နဲ့ လျှောက်တဲ့လူဟာ အလောင်းကောင်တွေပေါ် ခွကျော်သွားရဲရမယ်..” တဲ့
ကိုယ့်မှာတော့ ယုံကြည်တာတွေ ရှိပေမယ့်
ဘယ်အလောင်းကောင်ကိုမှ ခွကျော်မသွားချင်သလို
လဲနေတဲ့အလောင်းကောင်တွေထဲမှာလည်း ကိုယ် မပါဝင်ချင်ဘူး...

အဝေးက မျက်ခွံမို့မို့လေးရေ...
တိမ်တွေ ဘယ်ဆီ ရွေ့တယ်... ချစ်သူရှိရာ ရွေ့တယ်
မိုးတွေ ဘယ်ကို ညှို့တယ်... ဟို့.. အရှေ့ယွန်းယွန်းကို ညှို့တယ်
နက္ခတ် တာရာ ဘယ်မှာ စုံတယ်... ကိုယ့် ရင်ဘတ်မှာ စုံတယ်
လေပြေ ဘယ်နား ပွတ်သပ်သွားတယ်... ဆံနွယ်မျှင်ကြား ပွတ်သပ်သွားတယ်
သစ်ရွက် ဘယ်လို ကြွေမယ်... ချစ်သူဆိုတဲ့ တေးသွားရိပ်ခို အလိုလိုကြွေတယ်
တံခါးတွေ ဘယ်အချိန်ပိတ်မယ်... ချစ်သူပြန်လာတော့မှ ပိတ်မယ်
ဂျေဂျူဝိုင် ဘယ်တော့ အိပ်မယ်
ချစ်သူလေး .. သိပ်..မှ... အိပ်...တော့....မယ်.....လေ.......။




ကေခမ်းရဲ့ကဗျာပါ။
နည်းနည်းလေးတော့ ကိုယ့်နာမည်ယူလိုက်ပါတယ်

Sunday, March 14, 2010

အလွမ်းမိတဲ့ရင်

Sunday, March 14, 2010 Posted by ဂျေဂျူဝိုင်
ကိုယ့်ခံစားချက်ကိုယ် ဖြန့်ခင်းကြည့်တာပါ
ဘယ်နေရာ,ဘယ်အရပ်မှာ ငါရောက်နေနေ
အလွမ်းတွေတစ်ထပ်ပြီးတစ်ထပ်နဲ့
ရင်ဘတ်ဟာ အားနွဲ့လွန်းတယ်။

ပြန်ပြန်တွေးစရာမလိုလောက်အောင်
အစဉ်အမြဲရှိနေတဲ့အရိပ်ယောင်ပေါင်းများစွာ
ငါ့ရင်မှာ ဝေ့၀ဲလွန်းတယ်။

ဘယ်လိုဘယ်ပုံစံနဲ့ သူပွင့်ခဲ့တဲ့ပန်းတွေဖြစ်ပါစေ
ယုံကြည်မြတ်နိုးစွာနမ်းရှိုက်မိတဲ့ငါမို့
တစိမ့်စိမ့်တွေးနေ,ဆွေးနေရမှာပါပဲ။

မျက်ရည်မြစ်ကျိုးမှာစိုးလို့
ရယ်မောစရာတစ်ချို့တစ်ဝက်နဲ့ကာရန်ခဲ့ပေမယ့်
တစ်သွင်သွင်လျှံတက်စီးမျောရပေါင်းများပြီ။

ဘယ်လိုမှမနီးနိုင်မယ့်အဝေးကကောင်းကင်
တစ်မျှော်တစ်ခေါ်ငေးကြည့်ပျော်မောနေရုံကလွဲလို့
လေမဝှေ့အောင်ပဲဆုတောင်းနေရတယ်။

အချစ်ဆိုတာ...
တစ်ချို့အတွက် ဖြတ်သွားဖြတ်လာ
တစ်ချို့အတွက် ရင်ကွဲနာ
အသေအချာအဓိပ္ပါယ်ကွဲတယ်။

အားလုံးကိုနားလည်ထားပါတယ်
ဒီနေရာမှာနက်ရှိုင်းလွန်းတဲ့မြစ်ဟာ
ဟိုနေရာမှာ ပေါ့ပေါ့ပါးပါးလေးစီးတယ်။

ထွန်းလင်းသစ်(ကန့်ဘလူ)
သူငယ်ချင်းရဲ့ကဗျာပါ။ ကြိုက်လို့ပါ။


ပွင့်ပွင့်လင်းလင်း

Sunday, September 20, 2009 Posted by ဂျေဂျူဝိုင်
မလွမ်းလောက်တဲ့
အလောသုံးဆယ် နှုတ်ခမ်းပါးတစ်စုံ
မငုံဘဲနဲ့ လက်ရဲဇက်ရဲ ပွင့်တတ်တဲ့ပန်း
ဟောဒီကောင် ရင်ဘတ်ကြမ်းပြင်မှာ
ခြေရာမထင်နိုင်ဘူး လွယ်လွယ်နဲ့
တဖွဲ့တနွဲ့ကြွေကျရအောင်လည်း
ဝဲ၀ဲလာတတ်တဲ့ နင့်မျက်ဝန်း
ကြီးကြီးကျယ်ကျယ် မခန်းနားသေးဘူး
ခပ်သြသြခွန်းတုံ့သံလေးနဲ့
ငါ့စိတ်ကို ကဲ့ကဲ့ပြီး ယူတတ်ရုံနဲ့တော့
မြစ်နှစ်စင်းဆုံဖို့ ဝေးသေးတယ်
ကောင်မလေး
ရွေးချည်မှုဆိုတာ
တွေဝေခြင်း သံသရာလည်ပြီးမှ ရောက်တယ်
ငြင်းဆန်ဖို့ဆိုတာ
လက်ခံသိမ်းပိုက်ပြီးမှ ဖြစ်တည်ပေါက်ဖွားတယ်
မျက်နှာဆိုတာ
စိမ်းစိမ်းကြည့်ပြီးမှ လွဲလို့ရတယ်
ကဲ
င့ါရင်ကို ခွဲကြည့်စမ်း
အလွမ်းဆိုတာ ရှိနိုင်ရင်
ပြတင်းတံခါးမှာ ငါထိုင်မငေးဘူး
နင်လူးရုံနဲ့ နောက်ကျူရအောင်
ငါ
နဝေတိမ်တောင် ရေအိုင် မဟုတ်ဘူး။


ခမ်းမွန်လဗ်