ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေ၀ယ်
စေတီ စပါး များလည်းများ၏
များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
ယာစကာမျိုး တညှိုးညှိုးနှင့်
ပုထိုး မြင့်မောင်း ကျောင်းကြိုကျောင်းကြား
လှည့်လှည်သွားလျက်
မစားလေရ ၀မ်းမ၀၍
ဆွမ်းမျှ မတင်နိုင်ရှိမည်တည်း
ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေ၀ယ်
ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား များလည်းများ၏
မျးပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
မြင်သာမြင်ရ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း
ထလော့မြန်မာ မြန်မာထလော့
အားမပျော့နှင့် မလျှော့လုံ့လ
သူကစ၍ ငါက အားလုံး
လက်ရုံးမြားမြောင် ဉာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလော့ ဆောင်ကြလေလော့
ဤမြေဤရွာ ဘယ်သူ့ရွာလဲ
ဤယာစပါး ဘယ်သူ့စပါးလဲ
ထားလော့တာဝန် ပွန်လော့လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍
တ၀မ်းတစိတ် ညီစေသတည်း။
အိုတက်လူတို့
မြန်မာပြည်ဝယ် ထီးစည်တို့မင်း
ပျက်ယွင်းပါပကော သို့စိတ်စောလျှက်
ဘော … အို ရဲသွေး တက်လူကလေးတို့
ငိုကြွေးသမှု ပြုရုံမျှဖြင့်
မပွင့်ဉာဏ်ရည် လက်မည်၍
မျက်ရည်သာလျှင် ရွှဲလိမ့်မည်။
မြန်မာပြည်ဝယ် ထီးစည်တို့မင်း
ပျက်ယွင်းပါပကော သို့စိတ်စောလျှက်
ဘော … အိုရဲသား တက်လူများတို့
တရားသံဝေ ယူလေရုံဖြင့်
တက်ခွင့်မနီး ဘေးကြီးနီး၍
ပုတီးအဖတ်တင် ကျန်လိမ့်မည်။
အဟောင်းပျက်လျှင် အသစ်ပြင်လော့
အမြင်ကျယ်၍ ပညာမွေ့လော့
ယနေ့လူငယ် နောင်ဝယ်လူကြီး
သင်လည်းတစ်ဦး သားထူးသားမြတ်
ဖြစ်အပ်ရာသည် ရှေ့သို့ရည်၍
ငိုမြည်မတ
သင်္ခါရဟု စိတ်ကမစော
လောလောဆယ်ဆယ် ဒုက္ခနယ်ကို
ကယ်တင်နိုင်ကြပါစေသတည်း။
အပ်ရွှေနဖား
ထိုးသော်တဲ့ ထိုးသော်
ကြိုးချော်လို့သွား။
အမယ်အို အမြင်ကတ်တယ်
အပ်ရွှေနဖား။
ဖားပြုတ်မ
မျက်လုံးငယ်ကြောင်
ကိုယ်ရောင် ပြာမွဲနှင့်
ဗိုက်ရွဲလေသေး
ဖားဖိုကမူ
ကြည့်ရင်း လွန်ကြည်ဖြူလို့
ဇမ္ဗူမှာ သည်လိုမေ့ကို
တွေ့ဖို့ပုံဝေး ...။
ထိကရုန်းပင် အပျိုဖြန်း
ခရမ်းရောင် ငွေမှုန်လဲ့နှင့်
နွဲ့ပါဘိ သူ့ဟန်သွင်
ဆွတ်ချင်လို့ မေး
ထိစမ်းနှင့်လေ
ပွေလာယင် တကယ်မုန်းပါငဲ့
ရုန်းလိုက်မယ်လေး....။