Wednesday, December 29, 2010

ခံစားခ်က္မပါဘဲ စပ္တဲ့ကဗ်ာ

Wednesday, December 29, 2010 Posted by ဂျေဂျူဝိုင်
ဖတ်ခဲ့ဖူးပါတယ် ထားဝယ်ကဗျာထဲမှာ
သူတို့လေ တမ်းတခဲ့ကြဖူးတယ် ဒီလို
အိမ်ခေါင်မြုပ်အောင် ရွာလိုက်ပါမိုး… လို့
ဝေးသွားတာကို ဝေးသွားတဲ့အတိုင်း
ပြန်မလာတာကို ပြန်မလာတဲ့အတိုင်း
တစ်နေရာရာမှာ သိမ်းထားလို့ မဖြစ်တဲ့အဆုံး
အိမ်ခေါင်မြုပ်အောင် မိုးရွာစေချင်တယ်
အကျွမ်းတဝင်နေမိကာမှ
ကျွမ်းသားတဲ့ ကိုယ့်အသည်းကို
ဘယ်လိုမှ ကုလို့ မရတဲ့အဆုံး
အိမ်ခေါင်မြုပ်အောင် မိုးရွာစေချင်တယ်
မျက်ရည်တွေလည်း ဝေလို့
သူမပုံရိပ်တွေလည်း အနားမှာဝေ့လို့
သူမနဲ့ ကျွန်တော်တို့ ဝေးခဲ့ကြတယ်
ဝေ ဝေ့ ဝေး မှာ နီးဖို့ မဖြစ်နိုင်တဲ့အဆုံး
အိမ်ခေါင်မြုပ်အောင် မိုးရွာစေချင်တယ်
ဒီလိုနဲ့
ငါတို့ရဲ့ ဇာတာမှာ အမြဲတမ်းမိုးခေါင်ကြောင်း
ငါတို့ ဆက်ပြီး မေ့ချင်ယောင်ဆောင်ကြတာပေါ့
သူငယ်ချင်း။

Numb

Wednesday, December 29, 2010 Posted by ဂျေဂျူဝိုင်
မင်းအခန်းနံရံကို အားကုန် ထုနေလို့ကော
ဘုရားကျောင်းကို ခြေကုန်သုတ်ပြေးတော့ရော
စာသင်ခန်းမထဲ မင်းတစ်ယောက်တည်း ကျန်ခဲ့လို့ကော
လှေကားအဆင်းမှာ တိုက်မိလို့လဲတော့ရော
မင်းမသောက်ဖြစ်တဲ့ ကော်ဖီခွက်တွေအတိုင်း
ပတ်ဝန်းကျင်က အေးစက်ပဲမဟုတ်လား
ဖြတ်ခနဲ မင်းလန့်ဖျတ်သွားပုံက
သူများတွေ လက်ညိုးထိုး ဟားတိုက်စရာ
ဆောင်းမနက်က အိမ်နံရံများလို
နှင်းရည်မစိုရုံတမယ် မင်းမျက်နှာက
မင်းခံနိုင်ရည် မရှိတဲ့ အထီးကျန်မှုထဲဆီ
မင်းကိုယ်တိုင်ပဲ ဆွဲခဲ့တဲ့မြေပုံပေါ့
လူရာမဝင်တဲ့ ရူးသွပ်မှုက
မင်းလုပ်သမျှ မင်းကျောပိုးအိတ်လို
မင်းကို မျက်နှာလွှဲပါပေါ့
မင်းတကူးတက သယ်လာတဲ့အပြုံးတွေ
မင်းရပ်နေတဲ့ တံတားအောက်ကိုသာ ပစ်ချလိုက်ပါတော့
မင်းရှေ့မှာဘယ်သူမှ မရှိသလို
မင်းနောက်ကိုလည်း ဘယ်သူမှ လိုက်မလာဘူး
အခု မင်းဝတ်ထားတဲ့ ဝတ်စုံကို
ဘယ်လို ဝတ်စုံမျိုးလဲလို့ မင်းမသိနိုင်သေးသ၍။

Linkinpark ၏ Numb တေးသရုပ်ဖော်ကို သီဖွဲ့သည်။

အခုခင်ဗျားကြည့်နေတာ ဖြူမည်းရုပ်ရှင်

Wednesday, December 29, 2010 Posted by ဂျေဂျူဝိုင်
အက္ခရာ လေးဆယ့်နှစ်လုံးကိုခိုစီး
ကိုယ့်ခရီးကို ဖြောင့်ဖြောင့်တန်းတန်း ထွက်ခဲ့
အတွေ့အကြုံ သိပ်သည်းဆ ဖွဖွလေးနဲ့
လမ်းလယ်မှာ ရပ်စောင့်နေတဲ့ တစ်ခါကဧည့်သည်ကို
နှုတ်ခမ်းမှာ လက်ညိုးထောင်ပြီး ခပ်တိုးတိုးနေဖို့ပြောတုန်း
ငါ့မျက်နှာမူရာမှာ နေဝင်သွားတယ်
ငါ့ကို ချစ်ပါ၊ ငါ့ကို မုန်းပါ၊ ငါ့ကို ထားရစ်ပါ
သရကြားထဲ ဗျည်းတွေ ထိုးသွင်းတဲ့ စာလုံးတွေနဲ့
မျက်စောင်းတွေထိုးသွင်းပါ ဓားတွေ လှံတွေ ထိုးသွင်းပါ
သကြားထဲ ဆားထည့်ထားတဲ့ စာလုံးတွေလို့မှားဖတ်ပြီး
ကျောက်ခဲတွေနဲ့ ပစ်ခတ်ပါ သေနတ်တွေနဲ့ ပစ်ခတ်ပါ
ဖိုနဲ့မ ခွဲခြားလို့ မရသလို သရနဲ့ ဗျည်းခွဲခြားလို့မရ
အဲဒီလို ကျွန်တော်နဲ့ သူမကို ခွဲခြားလို့မရ
အခု သူမလက်ထပ်သွားပြီဆိုတာကလည်း
သရကြားထဲ ဗျည်းညှပ်သွားတဲ့ ပြဿနာ
ဒီတစ်ခါ သကြားထဲ ဆားမထည့်မိပြန်ဘူး
သံသာကမ်းတိုင် တူပြိုင်ကူးမယ်လေ ဆိုတဲ့ သီချင်လည်း
သရကြားထဲ ဗျည်းညှပ်တဲ့ ပြဿနာ
ဒီလမ်း ဒီမြို့ပြ ဒီနေရာတွေမှာ လမ်းလျှောက်ရင်း
ပျောက်မသွားတဲ့ ငါ့ကို ပြန်ရှာလို့မရ
ဒီလိုနဲ့ မန္တလေးမှာ မိုးတွေရွာ၊ အခြားနေရာတစ်ခုမှာ မိုးတွေရွာ
ခေါင်းလောင်းကို တစ်ချက်ထိုးလိုက်ပါ
အလောင်းကောင်ကို သုဿာန်တစပြင်ကို ပို့ပါ
မျက်နှာမည်းတစ်ယောက်ယောက်ကို အကူအညီတောင်းပါ
ပါးစပ်ကို ခေါင်းနဲ့ အနီးဆုံးမှာ ထားပါ
စကားကို အူထဲကထွက်တဲ့ အသံနဲ့ပြောပါ
ဆုလာဘ်မပါတဲ့ တံဆိပ်ကောင်းတွေ ရယူပါ
ဘယ်တော့မှ မလွဲချော်မယ့် နားလည်မှုကိုသိမ်းပိုက်ပါ
မြွေပွေး၊ သရအပြည့်အစုံပါတဲ့ ခခွေးအက္ခရာ
ဝင်းဝင်းမြင်လို့ မီးကျီးကို ရွှေထင်တဲ့
(အသိဉာဏ်ကန်းနေတဲ့ မျက်လုံးစွေစွေသတ္တဝါ)
သူစိမ်းတရံများ၏ ဟာလာဟင်းလင်း ကရုဏာတွေနဲ့
တစ်ယောက်တည်းလာပြီး နှစ်ယောက်ထွက်ချင်
ကောက်ရိုးမျှင်ဆိုတာ သေချာသွားပြီလား
ဆန္ဒတွေ မသင့်လျှော်တဲ့ မိုက်မဲမှုတွေအပြည့်
ကိုယ့်ဝမ်းသာမှုကို ကိုယ်တိုင် မကောင်းကြောင်းပြောရင်း
ကိုယ့်လက်မှာ ထိုးထားတဲ့ မင်ကြောင်ကို ကိုယ်တိုင်ဖျက်ရင်း
ကြည့်သူမရှိတဲ့ ရုပ်ရှင်ရုံထဲ လူပြည့်မယ်အထင်နဲ့
(ရှိခဲ့ရင်လည်း ကိုယ့်ခြေကိုယ်မမြင်တဲ့ မြွေတွေပဲ ဖြစ်မှာ)
ဒီလမ်းမှာ ထောင့်ချိုးတစ်ခု ရှိမယ်အထင်နဲ့။

မျက်နှာချင်းဆိုင် အဝေး

Wednesday, December 29, 2010 Posted by ဂျေဂျူဝိုင်
ကျွန်တော်နှင့် သူမ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်
နေကောင်းလား၊ နေရထိုင်ရ အဆင်ပြေလား၊ ကျန်းမာရေးဂရုစိုက်
မေးခွန်းများကို အဆင်ပြေတဲ့ နေရာကို ပစ်ချ
အခုကော ဘာလုပ်နေလဲ၊ ပုံမှန်စား ပုံမှန်အိပ်ရဲ့လား
ကျွန်တော် ဂါထာတစ်ပုဒ်ကို ရွတ်ဆိုရင်း နေရာပြင်ထိုင်
တလောကတောင် သူနဲ့ တွေ့တော့ ရှင့်အကြောင်းပြောဖြစ်သေးတယ်
နာမဝိသေသန၊ နာမ၊ ကြိယာဝိသေသန၊ ကြိယာ
ဘယ်သူကတော့ ရှင့်ကို ဘယ်လိုဖြစ်တယ်ဆိုလားပဲ
သူမမျက်လုံး ရှေ့တည်တည့် လက်ဝါးကို ဖြန့်ပြီး ဘယ်ညာခါယမ်း
ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ရှင့်ဘက်က ဘယ်လိုခံစားရလဲ
ကျွန်တော် ဟာသတော်တော်များများကို ခပ်မြန်မြန်တွေး
တကယ်တော့ တကယ်မှန်တာ တစ်ခုခုရှိရမယ် သိလား
ကျွန်တော် သူမနဲ့ အနီးဆုံး နေရာသို့ ရွှေ့ထိုင်
ရှင့်ဆေးလိပ်မီးခိုးငွေ့ကို ဒီဘက်မှုတ်မထုတ်နဲ့လေ
သူမထံတွင် မျက်ရည်အိပ် ပါမပါ သိပ်မသေချာ
အော် ကျွန်မ ရှင့်ကို ပြောစရာ ရှိတာ ခုမှ သတိရတယ်
ဆိုရိုးများ၊ ကျင့်ဝတ်များ၊ ပတ်ဝန်းကျင်များ၊ ထုံးတမ်းစဉ်လာများ
ကျွန်တော် နားဖာကလော်ဝယ်ရန် လိုနေကြောင်း သတိရ
ထိုစဉ်
ဒီဇင်ဘာဆောင်းတစ်ခု သူမနဲ့ ကျွန်တော့်ကြားသို့ ဖြတ်ဝင်။

ကောင်းကင်ထက်က `လ´

Wednesday, December 29, 2010 Posted by ဂျေဂျူဝိုင်
အချိန်တန်ပြီလို့ သတ်မှတ်ပြီး
ကိုယ့်အကြည့်ကို သူမဆီက
ပြန်ရုတ်သိမ်းရတာ ပင်ပန်းလှပြီ
သွင်သွင်ကျိုးအောင် ရိုက်ချိုးထားလည်း
သူမကို ချစ်တဲ့စိတ်က
ဘာနဲ့ တားတား မရ
ဘယ်ကနေများ
နှလုံးသားတည့်တည့်ပေါ်
သူမ ပြုတ်ကျခဲ့တာပါလိမ့်
သူမကို ချစ်မိတဲ့ပုံစံကလေ
အကြိမ်ကြိမ်ဖျက်ဆီးလိုက်လည်း
ပြန်ဖြစ်တည်မှု အသစ်အသစ်က
ခြေချစရာ မရှိအောင်ပြည့်ကြပ်
သူမရဲ့ နားသယ်စ၊ ဆံနွယ်များ
နှာတံဖျား၊ လက်သည်းခွံ
စသဖြင့် စသဖြင့် သေးသွေးမွှားမွှားလေးထိ
ကျွန်တော့်အချစ်တွေ ပြေးဝင်နားခို
နဂိုရ်မမြင်ရတဲ့ လေနဲ့ မိုးကိုမမြင်ပေမယ့်
အချိန်ရှိတိုင်း သူမတစ်ယောက်တည်းကို သာမြင်
သူမရဲ့ မွေးညှင်းဖျားများထိ
မဆုံးနိုင်တဲ့ ၀ါကျတွေနဲ့
ကဗျာကို မကြာခဏ ရေးဖွဲ့မိ
သူမကို ချစ်တဲ့ ကျွန်တော့်ကဗျာ
သဘာဝဘေးအန္တရာယ်၊ နျူကလီးယား အန္တရယ်
စစ်မက်အန္တရာယ် ကင်းလျှက် စင်ကြယ်
အတိုင်းသား အနေအထားမပျက်။

အမှန်တရားက ဒီမှာရှိတယ်

Wednesday, December 29, 2010 Posted by ဂျေဂျူဝိုင်
ကိုယ့်စိတ်ကူးနဲ့ တည့်တဲ့ စိတ်ကူးကို
စိတ်ကူးထဲ အသေအချာထည့်ပြီး
မနေ့က လူပြောသူပြောများခဲ့တဲ့ စကားတဖြတ်
မနေ့က သတင်းစာမှာ ပါခဲ့တဲ့ အသံတစ်ဝက်
မနေ့က ရေဒီယိုမှာ လွင့်ခဲ့တဲ့ အပိုင်းတစ်စ
ရှေးပုရပိုက် ဆေးညွန်းအတိုင်း
ကိုယ်ထင်တာ တစ်ဝက်
ဆွဲချတာ တစ်စိတ်
ယုံတမ်းက တစ်ပိုင်း
သမအောင် ရောမွှေပြီး
ကိုယ့်စိတ်ကူးနဲ့ တော်တည့်မှန်ကန်အောင်
ခပ်မြန်မြန်လေး သောက်ချလိုက်တယ်
သံချေးတက်နေတဲ့ စိတ်ကူးအတွက်
ဒီကဗျာထဲမှာ
အကောင်းဆုံး ဆေးကို ဖော်စပ်ပေးခဲ့တယ်
ခင်ဗျားလည်း သောက်ထားတယ်မဟုတ်လား။


လှသော အရှုံး

Wednesday, October 13, 2010 Posted by ဂျေဂျူဝိုင်

အခုဒီကဗျာစပ်ပြီးရင်
ငါ့လို ငါ့လို ငါ့လိုဆိုပြီး
ကိုယ့်ကိုယ်ကို မာန်အပြည့်နဲ့ မှန်ထဲ ပြန်ပြန်မကြည့်တော့ဘူး
ငါဟာ သာမန်ပဲဆိုတာ သေချာသွားလို့
အခုဒီကဗျာစပ်ပြီးရင်
ငါသိ ငါတတ် ငါတော် အတွေးတွေနဲ့
ညဉ်းပန်းနှိပ်စက်မှုကို မခံရတော့ဘူး
ငါ ဘာကိုမှ သိပ်မသိတာ သေချာသွားလို့
အခုဒီကဗျာစပ်ပြီးရင်
ငါမှန်တယ်ဆိုတာ ငါပဲသိတယ်လို့
မဝရေစာနဲ့ ကိုယ့်ကိုယ်ကို မမွေးမြူတော့ဘူး
အမှန်ကို ထောင့်မျိုးစုံက လှည့်တွေးနိုင်တယ်ဆိုတာ သေချာသွားလို့
အခုဒီကဗျာစပ်ပြီးရင်
အသိဉာဏ်ချွတ်ချခံထားရတဲ့
ကိုယ်လုံးတီးအတွေးနဲ့ စကားမပြောတော့ဘူး
စကားဓားချက်ဟာ ဘဝပေါင်းများစွာကို သတ်နိုင်တာ သေချာသွားလို့
အခုဒီကဗျာစပ်ပြီးရင်
ရွံ့အထပ်ထပ်နဲ့ ကိုယ့်နာမည်ကို
အရောင်းမြင့်တင်ရေးတွေ မလုပ်ဖြစ်လောက်တော့ဘူး
ဘယ်အရာမှ မတည်မြဲဘူးဆိုတာ သေချာသွားလို့
အခုဒီကဗျာစပ်ပြီးရင်
ဘယ်သူ့ကိုမှ မမုန်းတော့ဘူး
ကိုယ်ချစ်ရင် ကိုယ့်တစ်ယောက်တည်းရှုံးပေမယ့်
ကိုယ်မုန်းရင် နှစ်ယောက်လုံး ရှုံးတာ သေချာသွားလို့။
မွေးနေ့အမှတ်တရစပ်ဖြစ်တဲ့ကဗျာ

ဇရာ

Wednesday, October 13, 2010 Posted by ဂျေဂျူဝိုင်

နေ့တွေက ကုန်လွယ်လိုက်တာ
နေ့တာတွေက ရှည်လိုက်တာ
နေ့တွေ ဘယ်လို ကုန်သွားမှန်း မသိဘူး
ဟော ကုန်ပြန်ပြီ တစ်ရက်
ကဲ တစ်နေ့စာတော့ပြီးပြီ
စတာတွေ စတာတွေနဲ့
ကျွန်တော်တို့ မသွားခဲ့ပါဘူး
ဒါပေမယ့် ကျွန်တော်တို့ ရောက်ခဲ့တယ်
သူကလည်း မလာခဲ့ပါဘူး
ဒါပေမယ့် ကျွန်တော်တို့ ဧည့်ခံနေရတယ်
မသိသာလွန်းတော့
ရောက်လို့ ရောက်ခဲ့မှန်း မသိဘူး
လာလို့ လာခဲ့မှန်း မသိဘူး
ဒီလိုနဲ့
ကိုယ့်ရုပ်ကိုယ် မှန်ထဲ ရဲရဲမကြည့်ဝံ့တော့သလို
အသက်ကိုလည်း ရဲရဲမဖြေရဲတော့ဘူး။

အတ္တနဲ့ မလွတ်ကင်းခြင်း

Wednesday, October 13, 2010 Posted by ဂျေဂျူဝိုင်

ဟောဒီ ကမ္ဘာလုံးကြီးရဲ့ သေးသေးလေးတစ်နေရာမှာ
မထင်မရှား မှုန်မွှားမွှားလေးအဖြစ်
သင် နင် ငါ ခင်ဗျား နေထိုင်နေပါတယ်
တကယ် မထင်မရှား၊ တကယ်မှုန်မွှားမွှား
ကိုယ့်အိမ်လေးကနေ သွားနေကျ လမ်းအတိုင်း
နေ့စဉ်နေ့တိုင်း ထွက်ထွက်လာပြီး လာခဲ့တဲ့ လမ်းအတိုင်း
အမြဲတမ်း ပြန်ပြန်ခဲ့တာ တစ်နေ့ကို မိုင်တစ်ရာ မပြည့်
တစ်နှစ်မှာ တစ်ခါတော့ မိုင်တစ်ရာကျော် ခဏသွားကြည့်မိတတ်တာမှ အပ
စားနေကျအတိုင်း၊ ဝတ်နေကျအတိုင်း နေ့ရက်များမှာ
တစ်ခါခါ နည်းနည်းလေး ပိုပိုပြင်မိတာကမှ အပ
အားလုံးပုံမှန်ပါပဲ၊ ပုံမှန်ဆိုက်တဲ့ ရထားလို
အချိန်ချိန်နည်းနည်းလေးပဲ တိမ်းစောင်းမိတာမှ အပ
ဟောဒီကမ္ဘာလုံးကြီးထဲမှာနေနေကြတယ်
တစ်ခါခါ လေးထောင့်ကျကျ ကျင့်မိတာမှအပ
တစ်ခါခါ တြိဂံလို ပဉ္စဂံလို ပြောဆိုမိတာမှအပ
ဟောဒီလုံးလုံးကြီးထဲမှာ အသက်ကို ရှုကြတယ်
လမ်းကလေးက လမ်းကလေးမှာပဲ နေတယ်
သစ်ပင်က သစ်ပင်မှာပဲ နေတယ်
အဆောက်အဦတွေက အဆောက်အဦမှာပဲနေတယ်
သင် နင် ငါ ခင်ဗျား အဲဒါလေးတွေနဲ့ အခြားအခြား
နေရာများဆီ နေထိုင်သွားလာ လှုပ်ရှားပြီး
လမ်းရဲ့ ချိုင့်ခွက်များ အကြောင်း
သစ်ပင်ရဲ့ ဓာတ်ကြိုးနဲ့ မလွတ်တဲ့အကြောင်း
အဆောက်အဦရဲ့ အထာမကျတဲ့အကြောင်း
စကားထဲ ထည့်ပြောရင်း ပိုပိုလာတဲ့
ပခုံးချင်းတိုက်မိတဲ့သူရဲ့ အကြောင်း
ဟိုလူ မျက်စိစွေတဲ့ အကြောင်း
ဒီလူ နားမကောင်းတဲ့အကြောင်း
တစ်ပတ်ပြည့်အောင် လှည့်ပြောတယ်
ဟောဒီ ကမ္ဘာကြီးလုံးလုံးထဲမှာနေရင်း
မြင်တာကို မမြင်ချင်ယောင်ဆောင်ရင်း
ကြားတာကို မကြားချင်ယောင်ဆောင်ရင်း
ရှက်တာကို မရှက်ချင်ယောင်ဆောင်ရင်း
ကြောက်တာကို မကြောက်ချင်ယောင်ဆောင်ရင်း
မချစ်တာကိုကျ ချစ်ချင်ယောင်ဆောင်ရင်း
မမုန်းတာကိုကျ မုန်းချင်ယောင်ဆောင်ရင်း
နောက်ကျောထိုးမယ့်ဓားကို ကိုယ်စီဖွက်ထားကြရင်း
ဟောဒီကမ္ဘာကြီးထဲက သင် နင် ငါ ခင်ဗျား
တစ်ယောက်နဲ့ တစ်ယောက် မေးထူးခေါ်ပြောကြတယ်
လူမှုရေးကြောင့်၊ စီးပွားရေးကြောင့်၊ ခမည်းခမက်ကြောင့်
ခံစားနေရတဲ့ ဒုက္ခကို ပြုံးပြနှုတ်ဆက်ကြတယ်
နားချင်းအတူတူဆီ ငြိမ်းချမ်းအကြောင်း
လူကြားကောင်းအောင် ပြောကြတယ်
မျက်လုံးချင်း အတူတူဆီ အောင်မြင်မှုအကြောင်း
လူမြင်ကောင်းအောင် ပြကြတယ်
ငါ့ကို ဘာမှတ်နေလဲ၊ ငါ့အကြောင်းကောင်းကောင်း သိစေရမယ်
ငါ့လို လူငယ်ရှေ့ဆောင်ကို၊ ငါ့လို နိုင်ငံသားကောင်းကိုတဲ့
ကိုယ်အော်နေတာကို ကမ္ဘာကြီး ကြားမကြားထက်
ကိုယ်တိုင် ပြန်မကြားပဲ ဆိုးဆိုးရွားရွားအော်တယ်
ဆွဲအားအပြည့်နဲ့ ကမ္ဘာကြီးထဲနေပြီး
တစ်ပတ်ပြီးတစ်ပတ် လည်ရင်း ပတ်ရင်း
ဖိအားအပြည့်နဲ့ မြေကြီးထဲ နိမ့်ဆင်းနေကြတဲ့
သင် နင် ငါ ခင်ဗျား
နေရထိုင်ရ သင့်တောင့်သက်သာ ရှိပါရဲ့လား။

Sunday, October 3, 2010

……. ဖြည့်ရန်ကျန်ရှိ

Sunday, October 03, 2010 Posted by ဂျေဂျူဝိုင် ,
နင့်ကို ငါမုန်းတယ်ဆို
တဲ့စကားကို မထစ်မငေါ့ပြော
ဖို့ကြေငြာချက်တစ်ရပ်မထုတ်
ပြန်မီ သင်ပြုံး
သလောက်
သင်ခံ
ရစေမယ်။
မဟုတ်ဘူးဟုတ်
တယ် သံသယဆူးခင်းထဲကိုယ့်မျက်
နှာကို ဖိနပ်လုပ်စီးနင်းခြေ
ဖျက်။
ဘယ်ဒေါက်တိုင်ကပို
ခိုင်မလဲ ညှပ်နေတဲ့စ
ကားများက လမ်းဆုံလမ်း
ခွကျမှ ပို
ပိုမူးဝေအော့
အန်။
နင့်ကိုငါမုန်း
တယ်မှာ ……. ကွက်
လပ်များ
ကျန်။
ကိုယ့်ဘဝမေး
ခွန်းတိုင်းမှာ ဖြည့်စွက်ဖြေဆို
ရန်…….များ…….များ …….များ
ထပ်
တူကျန်ရှိ။
နင့်
ကိုငါ
မုန်း
တယ်မှာ…….ကွက်
လပ်များ
ထပ်မံကျန်
ရှိသော ထပ်တူသံသယမေး
ခွန်း။


သမိုင်းဆိုတာ မကျွတ်လွတ်တဲ့တစ္ဆေ

Wednesday, September 22, 2010 Posted by ဂျေဂျူဝိုင်
ငါးမိနစ်သုံးယောက်နှုန်းလူတွေ သေနေတယ်
အဆုတ်ကင်ဆာကြောင့်
အစာအိမ်ကင်ဆာကြောင့်
သွေးကင်ဆာကြောင့်
ကပ်ရောဂါကြောင့်
ရာသီဥတုဖောက်ပြန်မှုကြောင့်
အသေခံဗုံးကြောင့်
စည်းကမ်းမဲ့ သေနတ်သမားကြောင့်
တစ်ဦးတစ်ယောက်ရဲ့ ပေါ့ဆမှုကြောင့်
သေဒဏ်ကျတဲ့ ပြစ်မှုတစ်ခုခုကြောင့်
သေကြောင်း ကြံစည်မှုကြောင့်
တစ်ခုခုနဲ့ ခင်ဗျားသေရတော့မယ်ဆိုပါစို့
အဲဒီတစ်ခုခုက အခြားတစ်ခု မဟုတ်ဘူးဆိုပါစို့
ဒီကိစ္စဟာ ဒီနေ့တည်းမှာပဲ အခုအချိန်ပဲ
ခွင့်လည်း ထပ်မရတော့ဘူးဆိုကြပါတော့စို့
ချက်ချင်းဆိုတော့ ခင်ဗျား ဘာလုပ်သွားချင်လဲ
အောက်စီဂျင်အဝရှုသွားချင်သေးလား
နိုင်ငံသားကောင်း လူငယ်ဂုဏ်ဆောင်ဆိုပြီးတော့
ကိုယ်ထင်ရာနဲ့ ကိုယ်မှန်ကန်ခဲ့ချင်သေးလား
နျူကလီးယားကိစ္စ ဆွေးနွေးသွားခဲ့ချင်လား
ကမ္ဘာပေါ် စာမတတ်သူဦးရေ သန်းခုနှစ်ရာအတွက်
တစ်ခုခု လုပ်ပေးခဲ့ချင်သေးလား
သုံးယောက်သေရင် တစ်ယောက်ဟာ
အာဟာရပြတ်လတ်မှုကြောင့် ဖြစ်ရတာကို
တားဆီးခဲ့ချင်သေးလား
အပြစ်မဲ့သေနေရတဲ့ ပြည်သူတွေအတွက်
မျက်ရည်တွေ ချန်ပေးခဲ့ချင်လား
ဘာလဲ ဇော်ဂျီရဲ့ သင်သေသွားသော်
ကဗျာထဲက စာသားတွေကို သဘောကျနေလား
အခု ကောင်းတာကို လုပ်နေတာလား
ကောင်းတယ်လို့ ထင်တာကို လုပ်နေတာလား
ကောင်းတယ်လို့ ယူဆရလို့ လုပ်နေတာလား
ကောင်းတယ်လို့ ကြားဖူးလို့ လုပ်နေတာလား
ကောင်းတယ်လို့ မြှောက်ပေးခံရလို့ လုပ်နေတာလား
ကျမ်းဂန်လာလား၊ မိရိုးဖလာလား
မထွေပြားဘူးလား၊ မဝေဝါးဘူးလား
ရူပဗေဒအရလား၊ ဘဝပေးတာဝန်ဆိုပြီးတော့လား
လူတိုင်း တစ်ခုခုကိုကျွမ်းကျင်ကြတယ်ဆိုတာ သိလား
အဲဒီ ကျွမ်းကျင်မှုကို နေ့စဉ်အသုံးချနေတယ်ဆိုတာကော သိလား
မည်သူမဆို ကောင်းတဲ့နေရာမှာ မကျွမ်းကျင်ခဲ့ရင်
ဘယ်နေရာမှာ ကျွမ်းကျင်တယ်ဆိုတာကို
ဗေဒင်လိုက်မမေးနဲ့ သိလား
ဒါနဲ့ စကားမစပ် ခင်ဗျားသေတော့မှာနော်
ရွေးချယ်ခွင့်မရှိတဲ့ တစ်ခုခုနဲ့ ခင်ဗျားသေတော့မှာ
ဒါတွေ မလုပ်နိုင်ဘူးဆိုရင် ဘာကို ရွေးချယ်မလဲ
တစ်နေရာရာမှာ နာမည်ရေးထိုးခဲ့ချင်သေးလား
ပေထက်မှာလား လေထက်မှာလား
ကျောက်ထက်မှာလား ချောက်နက်မှာလား
မုန်းမိတဲ့သူကို ပျစ်ပျစ်နစ်နစ် ဆဲခဲ့ချင်လား
ချစ်မိတဲ့သူကို စူးစူးနစ်နစ် တစ်ချက်လောက် နမ်းခဲ့ချင်လား
ငါးမိနစ် လူသုံးယောက်နှုန်းသေနေတယ်
အခု ငါးမိနစ်မှာသေမယ့် လူသုံးယောက်ထဲက တစ်ယောက်ဟာ
အခု စာဖတ်နေတဲ့ ခင်ဗျားမဖြစ်နိုင်ဘူးလို့ ပြောရဲလား။

ဒီလို ကြေးလား

Wednesday, September 22, 2010 Posted by ဂျေဂျူဝိုင်

ကြားခါစက ဒီအဖြစ်အပျက်လေးကို
ယုံတောင် မယုံနိုင်ဘူးတကယ်ပါ
ဒီမိုကရေစီဆိုတဲ့ နိုင်ငံတစ်နိုင်ငံကပေါ့
စိတ်ကူးယဉ်သိပ္ပံဝတ္ထုစာရေးဆရာတစ်ယောက်ကို
ဝေဖန်ရေးသမားတစ်ယောက်က ဝေဖန်သတဲ့
မမှန်တာတွေ အများကြီးပါနေတော့
စာရေးဆရာက မေးသတဲ့
ဘာဖြစ်လို့ အဲလိုရေးရသလဲဆိုတော့
ခင်ဗျားဝတ္ထုကိုလည်း မဖတ်ဖူးပါဘူး
ခင်ဗျားအကြောင်းကိုလည်း မသိပါဘူး
လူပြောသူပြောများနေတာကို
ထောက်သောအားဖြင့် ခင်ဗျားမှားတယ်ဆိုတာ
သေချာနေပြီးသားပါတဲ့
စာရေးဆရာက ချက်ချင်း သေနတ်ကောက်ကိုင်လိုက်တယ်
ပြီးမှ ငါ့ကျည်ဆန်တွေ သူနဲ့ မတန်ဘူးဆိုပြီး
နံရံကို အချက်ပေါင်းများစွာ ပစ်လိုက်သတဲ့
မျက်မမြင်တစ်ဦးကပြောပြတဲ့
အရောင်တွေအကြောင်းကို
အခြား မျက်မမြင်တစ်ဦးယုံကြည်သလိုမျိုး
ခပ်ညံ့ညံ့ နားတွေကို အသုံးပြုခဲ့ကြ
ကိုယ့်နောက်ကို တကောက်ကောက်လိုက်နေတဲ့
ထိခိုက်ပွန်းရှ အနာတရတွေနဲ့
တချိန်မှာ မှားသွားပါလားလို့ တရမယ့် တရားကို
ရှည်ရှည်လျားလျားဟောကြ ရွတ်ကြ နာယူကြ
လောက ကစားပွဲထဲကနေ
မညီမျှတဲ့ ဖဲတွေ ဝေပြီး
စားပွဲပေါ် ဓားထောက်လိုက်တဲ့ တစ်ဖက်ကန်းဆီ
အနိုင်ဖဲကို အတင်းအဓမ္မ ထိုးပေးကြ
အမှန်တရားမှတ်တိုင်မှာ
အမှန်တရားအကြောင်းပြောပြီး
တစ်ယောက်ကို တစ်ယောက်ချီးကျူး ဂုဏ်ယူရင်း
ရောက်လာတဲ့ မုသာဝါဒကားကို တက်စီးကြ
ဘယ်တော့မှ အမြင့်ခုန်တမ်း မကစားဖူးခဲ့
ကိုယ့်ရဲ့ ရူးသွပ်မှုက ဖျက်ဆီးထားတဲ့ ကိုယ့်စိတ်ကို
ကိုယ်တကယ် မသိတာတွေနဲ့
ငိုကြွေးမှုဆီ ဘဝကို မောင်းနှင်ကြ
ဟောဒီဒွန္နယာမှာ နေသမျှတော့
ဒီလိုလူတွေနဲ့ သင်ဘယ်လို နေမလဲ
ဒီလိုကြေးစိန်ခေါ်ရင် ဒီလိုကြေးလောင်းမလား
သင့်ကျည်ဆန်တွေကို နံရံပေါ်မှာပဲ ဖြုန်းလိုက်ပါ
သင့်မျက်လုံးကို သင့်မျက်လုံးဆီမှာပဲထားပါ
သင့်နားကို သင့်နားဆီမှာပဲ ထားပါ
သင့်ဦးနှောက်ကို  သင့်ခေါင်းထဲမှာပဲထားပါ
သင့်နှလုံးသားကို သင့်ရင်ဘတ်ထဲမှာပဲထားပါ
သင်ကောင်းသမျှသာ သင်ဖြစ်သလို
သူတို့ကောင်းသမျှသာ သူတို့ဖြစ်မှာပါ။


မထိုက်တန်လို့ လွှင့်မျှောနေတာ

Sunday, September 19, 2010 Posted by ဂျေဂျူဝိုင်
အများညီလို့ ဤကို ကျွဲဖတ်နေကြတဲ့
ဒီပုတ်ထဲက ဒီပဲမှာ
ဘယ်ငါးခုံးမက ပိုပုပ်နေလဲ
ပါပသိံ္မ ရမတိ မနောတွေနဲ့
သင့်ရဲ့ လုပ်ရပ်တွေကမှ
သူတော်ကောင်းလုပ်ရပ်တဲ့လား
အရူးက တစ်မူးသာကြေးဆိုရင်
သင်ဟာ သိပ်ထူးခြားတဲ့ ဥမ္မတကောပဲ။
ကိုယ့်ကြောင့်ပဲ ကိုယ်က
သူများလက်ခုပ်ထဲကရေဖြစ်ရတာကို
ခေါင်းမရွေ့ချင်သေးဘူးလား
သူများမှားတာကို လက်ညိုးတတ်တာနဲ့ပဲ
ကိုယ်ကသာ အမှန်ကို မြတ်နိုးသူလို့ ထင်နေတုန်းလား
ဂုဏ်ပြုလောက်တဲ့ ထိုထိုသောမြတ်နိုးမှုကလေ
ရေနောက်ရင် ခြေရာပျောက်တယ်
ရင်ထုမနာအောင် ချော်လဲရောထိုင်တဲ့
အမှားနဲ့ ချိန်းမိတဲ့ ကျိန်စာဟာ
ကိုယ့်စကားတစ်ခွန်းနဲ့ ကျေကြေးဆိုရင်
ကိုယ့်မျက်နှာကိုယ်လှီးဖို့ ဓားတွေ ပေါ်ခဲ့မှာ မဟုတ်ဘူး
ပြောရေးဆိုခွင့် သံဆူးကြိုးတွေ ဆုတ်မိတာနဲ့
ယဉ်ကျေးပြနေကျ လူ့ယဉ်ကျေးတွေလို
ကျီးယောင်ယောင် ဒေါင်းယောင်ယောင် ဆောင်ကြည့်တာလား
-၏ -သည် မလွဲမှားတယ်
ကိုယ့်အားနဲ့ မမျှဘဲ ခဲကို အပေါ်ထိ မပစ်နဲ့
ကိုယ်သိထားတဲ့ အပေါ်ဟာ ကိုယ့်ဆီကျိုးကျမယ့်
ပင်စည်ကိုင်းတစ်ကိုင်း ဖြစ်နိုင်တယ်
ကိုယ့်လက်ညိုး လှမလှ ပြပြစားရင်း
ကိုယ့်ကိုယ်ကို လုံအောင်ဖုံးတယ်
လုံချည်က သိပ်မလောက်ငဘူးနော်
ကိုယ့်ကိုယ်ကို လုံအောင်ပုန်းပြန်တယ်
တစ်ယောက်နောက်ကွယ်မှာ တစ်ယောက်
ကိုယ့်ကိုယ်ကို မလုံမလောက် ချစ်တယ်
အနာကို နောက်ထပ် ယင်းမထရုံတမယ်
ကိုယ့်ကိုယ်ကို မလုံမလောက် နစ်တယ်
ကိုယ်နစ်သွားတဲ့ နေရာက ရေမှာမဟုတ်ခဲ့။


အကုသိုလ်နဲ့ ဖက်လဲတကင်း

Wednesday, September 15, 2010 Posted by ဂျေဂျူဝိုင်
နေ အဲဒီမှာ ငြိမ်ငြိမ်နေ
ငါနဲ့ ခပ်ဝေးဝေးမှာနေ
မခေါ်ဘဲ မလာနဲ့
သင်ဟာ ငါ့ရဲ့ အဖော်ကောင်း မဟုတ်ဘူး
နေ့လည်း နေ့မို့လို
ညလည်း ညမို့လို့
အကြောင်းပြချက်အမျိုးမျိုးနဲ့
သင်ဟာ ငါ့ကို စုန်းပူးသလို ဖြစ်အောင်
ကွယ်ရာကနေ ငါ့ကို တွန်းလွတ်တယ်
ငါ့မှာ သင့်ဘေးတီးမှုကြောင့်
သိလျှက်နဲ့ မသိသလိုလို
မသိလျှက်နဲ့ သိသလိုလို
ငါနဲ့ငါ ငြိမ်းချမ်းရေး ရယူလိုက်
ငါနဲ့ငါ ပုန်ကန်ထကြွလိုက်
ငါ သေတော့မယ်လို့ အော်ငေါက်လိုက်တော့
မထီတရီ အပြုံးနဲ့ ငါ့ကို ပခုံးပုတ်နှစ်သိမ့်တယ်
ငါမြင်တာကို ငါမြင်တဲ့အတိုင်း မမြင်အောင်
ငါကြားတာကို ငါကြားတဲ့အတိုင်း မကြားအောင်
ငြင်ငြင်သာသာ လှည့်ဖျားတတ်တာ
သင်ဟာ ငါ့ရဲ့ နတ်မိစ္ဆာမတစ်ပါးပဲ
ငါ့ပိုင်ဆိုင်မှုမှန်သမျှ
ငါ့ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်မှန်သမျှ
အဖျက်တရား ဦးဆောင်တဲ့ သဘောနဲ့
ဥပဒေမဲ့ ဝင်ရောက်စွက်ဖက်တတ်သေးတယ်
ငေးငေးငိုင်ငိုင်နေမိရင်
ရည်းစားဟောင်းကို လွမ်းနေတာလို့ စွပ်စွဲတယ်
တက်တက်ကြွကြွနေမိရင်
ရည်းစားသစ်ရနေပြီနေလို့ စွပ်စွဲတယ်
ပြီးတော့ သင့်ကိုယ်တိုင် ငါစာ
သင့်ရည်းစားလုံးစား လုံးဝမဟုတ်ဘူးလို့ ငြင်းတယ်
င့ါအမေ ကျန်းမာရေး မကောင်းဘူး
မကြာခင် ငါခွဲစိပ်ကုသရကိန်းရှိတယ်
အမြင့်ကနေ ကျကိန်းရှိတယ်
အချုပ်အနှောင်ရှိတယ် သတိထားဆိုပြီး
ငါ့ရဲ့ အရှိုက်ကို ခပ်ပြင်းပြင်းထိုးတယ်
အဲဒီအရိပ်မည်းကို ငါပုန်းရင်
သေနတ်နဲ့ချိန်ပြီး ရှေ့ထွက်ခိုင်းတယ်
မရရင် သီအိုရီသစ်နဲ့ ငါ့ကို ချော့မြူတယ်
ငါကြောင်တောင်တောင် အတီးအတဖြစ်အောင်
မြှောက်ပေးဖို့ သင်ဘယ်နှစ်လီကို သင်ခဲ့လဲ
ငါ့အသံတိမ်တိမ်လေး မြှုပ်နှံဖို့
ဝမ်းနည်းခြင်း ကျင်းတွေ ဘယ်လောက်တူးခဲ့လဲ
ဝမ်းတစ်ထွာအတွက် သမုဒ္ဒရာပေါင်း
ဘယ်နှစ်စင်းထိအောင် သင်ဖန်ဆင်းပေးနေလဲ
ငါ့ကို ကြည့်ကြမယ့် မျက်လုံးတွေထဲမှာ
ရွံရှာခြင်း စက်ဆုပ်ခြင်း မုန်းတီးခြင်းတွေ
ဘာလို့ အပြည့်အပြည့်လိုက်ထည့်နေလဲ
ငါ့မကောင်းကြောင်းတွေကလည်း
ငါ့နားပင်းလုမတတ်ဘဲ သိလား
ငါ့မြင်ကွင်းထဲက
ပျော်ရွှင်ရခြင်း ကြည်နူးရခြင်းတွေဟာ
အနှေးပြကွက်နဲ့ နောက်ဆုတ်နေတဲ့ ရုပ်ရှင်
ငါ့ကို ငါမသိသလို
သင့်ကိုလည်း ငါမသိဘူးဆိုတော့
မြင်ဖူးနေကျပါ တဲ့
သင့်ရုပ်ကို ပြပါဆိုတော့
ငါ့မျက်လုံးကို အဝတ်စဖုံးပြီး
သေသေချာချာကြည့်လို့ ပြောရင်းသင်ရယ်တယ်
သင် ငါ့နောက်ကို တကောက်ကောက်လိုက်နေတာလား
သင့်နောက်ကို ငါက တကောက်ကောက်လိုက်နေမိလား
ကောက်ကွေ့သော ဝင်္ကပါမှာ
ငါ့အပေါ် သင်အကောက်ကြံဖို့ပဲ ချောင်းနေတယ်
ငါပြေးနေတာ အသက်ထွက်လုနေပြီ
လမ်းတွေကို သင် ထပ်ပြပေးမနေနဲ့တော့
သင်လမ်းပြပြပေးနေတာကို ငါမုန်းတယ်
ငါဘယ်လောက် ညံ့ညံ့ ငါဘယ်လောက်ဖျင်းဖျင်း
ငါစိတ်ကို တင်းပြီး ငါ့ခရီးစဉ်ကို
ငါကိုယ်တိုင် ခင်းကျင်းချင်ပါသေးတယ်
ငါ့ပခုံးပေါ်က ခပ်တင်းတင်းဆုပ်ထားတဲ့ သင့်လက်ကို
အခုချက်ချင်း ဖြုတ်ပေးပါ
နေ အဲဒီမှာ ငြိမ်ငြိမ်နေ
ငါနဲ့ ခပ်ဝေးဝေးမှာနေ
မခေါ်ဘဲ မလာနဲ့
သင်ဟာ ငါ့ရဲ့ အဖော်ကောင်း မဟုတ်ဘူး။


နောက်ဆုံးရေစက်အထိ သက်တန့်များထွက်ပေါ်

Sunday, September 12, 2010 Posted by ဂျေဂျူဝိုင်
ထက်ပိုင်းဆိုတာ သေချာသလောက်
ကျိုးသွားတာက ရင်
စိစိညက်ဆိုတာ သေချာသလောက်
ကြေမွသွားတာက အသည်း
ပျက်စီးဆိုတာ သေချာသလောက်
အပြုံးမဲ့သွားတာက မျက်နှာ
ဒါတွေကို သေချာတော့ စုထားတယ်
(အဟောင်းဝယ်သူများ ဝယ်မလားလို့)

စိုင်းထီးဆိုင် သီချင်းထဲကလို
ကြင်နာတာ နာကျင်တာ နေရာလဲခဲ့လို့
တာတမံကို ခပ်မြန်မြန် ပြန်ဖို့နေရတယ်

အချစ်နဲ့ စစ်မှာ မတရားတာ မရှိဘူးဆိုပေမယ့်
အသေခံဗုံးခွဲတိုက်ခိုက်သူတွေ များလာလို့
လေထဲက တိုက်အိမ်ကို ခပ်မြန်မြန် ပြန်ဖျက်နေရတယ်

တွယ်တာသူက တွယ်တာတွေ များသွားလို့
သင်္ခန်းစာတွေကို ကြိုးနဲ့ သီပြီး
ဆိုင်ရာနတ်ကို ခပ်မြန်မြန် ပူဇော်ပသထားရတယ်

တောင်ကြီးမြို့က မနက်ခင်းမှာ
နေရောင်ခြည်နဲ့ နွေးထွေးပါရဲ့လား
မန္တလေးမြို့က ထန်းရိပ်ညိုမှာ
အနုပညာရှင်တွေ စည်ကားပါရဲ့လာား
ရန်ကုန်မြို့က လိုင်းကားတွေမှာ
အတက်အဆင်းလူတွေ သက်သာပါရဲ့လား
ဒီလို စိတ်ကို ကိုယ်နဲ့ ခပ်ဝေးဝေးမှာ ထားရတယ်

ဟင်၊ ဟုတ်လား၊ သေချာလား၊
ဝမ်းသာတယ်ကွာ၊ စိတ်မကောင်းဘူးဗျာ တကယ်
ဒီလို အကယ်ဒမီရမယ့် မျက်နှာနဲ့
နေထွက်ရာဘက်ကို မျက်နှာမူတယ်

တစ်ခုခုကို ဝင်တိုက်မိရင် ကိုယ်က ဦးအောင် တောင်းပန်တယ်
သစ်ပင်ဖြစ်ဖြစ်၊ ဓာတ်တိုင်ဖြစ်ဖြစ်၊ ရပ်ထားတဲ့ ကာားဖြစ်ဖြစ်

ထားခဲ့လို့ ရတဲ့အရာကို ထားခဲ့လို့ရတဲ့နေရာမှာ
တတ်နိုင်သမျှ မရရအောင် ထားခဲ့တယ်

သတိရဖြစ်မှာစိုးလို့ အမှတ်တရမရှိတဲ့ နေရာကို
သေသေချာချာ ရွေးချယ်သွားလာ နေထိုင်ခဲ့တယ်

ဆင်ခြင်တုံတရားတွေ စိတ်နဲ့ မလွတ်အောင် ဘယ်လိုချုပ်နှောင်နှောင်
အသိဉာဏ်တွေဘယ်လောက် မြင့်မားအောင်ထားထား
ထားခဲ့ပေမယ့် မနေခဲ့တဲ့ အရာကို ပြန်လိုက်စုနေမိတယ်
အမှတ်တရ မရှိတဲ့နေရာမှာလည်း သတိက ရရနေတယ်
ခေါင်းနဲ့ ငြင်းပယ်ထားတဲ့အရာ မှန်သမျှ
နှလုံးသားက လိုက်ငြင်းပယ်ပေးရင် သိပ်ကောင်းမယ်။


ငါဆိုတဲ့ငါ

Saturday, September 11, 2010 Posted by ဂျေဂျူဝိုင်
လောကကြီးကပဲ ရောက်လာတဲ့ကိုယ့်ကို
မှင်နီနဲ့ ကြက်ခြေခတ်ဖို့ စောင့်နေသလား
မှင်နီနဲ့ ကြက်ခြေခတ်ကပဲ
ကိုယ်သွားတဲ့ နေရာတကာကို လိုက်နေတာလား
ကိုယ်က နေရင်းထိုင်ရင်းမှားတယ်
အမှားက နေရင်းထိုင်ရင်း ကိုယ့်ကို ခလုတ်တိုက်တယ်
အမှားဆိုတဲ့ကောင်က ကိုယ့်ထမင်းကိုယ်စားပြီး
သူများ မကောင်းကြောင်းလိုက်ပြောနေတဲ့ သတ္တဝါလိုပဲ
လူတွေရဲ့ ဂုတ်သွေး ဘယ်လိုချိုမြတယ်ပဲ သိတယ်
နေ့ခင်းမှာတောင် အမှောင်ရှိတဲ့ နေရာကိုပဲ ရှာတယ်
ကိုယ့်လားရာမှာ ရန်သူများတာကိုပဲ လိုတယ်
ကောက်ရိုးတစ်မျှင် တွေ့ပြီဆိုရင်ဖြင့်
ကျောက်စရစ်တစ်လုံး ကောက်ယူပြီး
သရဲခြောက်တယ်လို့ ကြားဖူးတဲ့နေရာကို လှမ်းပေါက်တယ်
ကိုယ်ချင်းစာတရား မရှိပုံများ ပြောရရင်
အမှန်တရားကို ဘယ်တော့မှ မပြောဘူး။

Monday, September 6, 2010

ခါချဉ်ကောင်ပုံပြင်

Monday, September 06, 2010 Posted by ဂျေဂျူဝိုင်
ပြည်သူ့အပန်းဖြေဥယျာဉ်တစ်ခုထဲမှာ
သူလည်းလေ လောကီသားဆိုတဲ့
ထူးထူးခြားခြား သစ်ပင်တစ်ပင်ရှိခဲ့တယ်
ထင်ထင်ရှားရှားပါပဲ
မသိသူရှိမှာစိုးလို့ စာလည်းရေးထားတယ်
ဒါနဲ့များ ဝေဝေဝါးဝါးတွေ ရှိခဲ့သလို
ယောင်ယောင်မှားမှားတွေလည်း ရှိခဲ့တယ်
အပင်မှန်သမျှ အရိပ်ရှိတယ်
အရိပ်မှန်သမျှ အေးမြစေတယ်
လောကဓမ္မတာ တရားအရဆိုပါစို့
ခူယားကောင်တွေလည်း ရှိတတ်တယ်
မတော်တဆ ကိုင်းကျိုးကျမှာလည်း ကြောက်ရတယ်
အခြား အန္တရာယ်တွေအနေနဲ့ ပြောမရတာတွေလည်း ရှိမယ်
ရှိနေတဲ့ အရိပ်ကလေးကိုတော့ဖြင့်
သစ်ပင်က သူပိုင်တဲ့ အေးမြခြင်းကို
ဘယ်တော့မှ ဖယ်ထုတ်မှာ မဟုတ်ဘူး
တစ်နေ့သ၌ သစ်ပင်ရဲ့ အရိပ်ကလေးကို
နတ်သမီးတစ်ပါးက ခိုးယူသိမ်းပိုက်လိုက်သတဲ့
အဲဒီမှာ ပေါက်ပင်ဘာကြောင့်ကိုင်းဆိုတဲ့
သမိုင်းသစ်တစ်ခု ပူမှုဆယ်ထွေစီအောင်
စုန်းမှော်တစ္ဆေ အတတ်ပညာတွေနဲ့
ဝိုင်းဝန်းပြီး တိမ်ညွန့်စားကြရောတဲ့ကွယ်
သစ်ပင်ကလေးက စဉ်းစားသတဲ့
သူရို့
ဘာမှ မဟုတ်တဲ့ သစ်တစ်ပင်အတွက်တောင်
အခက်ဝေ ရတက်ပွေနေကြရင်
ဝင်္ကပါတောအုပ်ကို ဘယ်ဇာတ်ရုပ်နဲ့ကနေကြမလဲ ... လို့
ခါချဉ်ကောင်ရဲ့ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

Monday, August 23, 2010

ငါးရိုးစူးတဲ့ ငါး

Monday, August 23, 2010 Posted by ဂျေဂျူဝိုင်
အခု ငါကြားနေတဲ့ သီချင်းက
အခု ငါနားထောင်နေတဲ့ သီချင်း မဟုတ်ဘူး
အခု ငါမြင်နေတဲ့ မြင်ကွင်းက
အခု ငါကြည့်နေတဲ့ မြင်ကွင်း မဟုတ်ဘူး
လူသူပြတ်တဲ့ ငါ့ရင်ခွင်မှာ
သူပဲ အမြဲနေထိုင် သွားလာနေခဲ့တယ်
ပြောသံဆိုသံ တိတ်နေတဲ့ ရင်ခွင်မှာ
သူ့အသံပဲ အမြဲ ချိုလွင်နေခဲ့တယ်
ကြည့်မိတဲ့ အရာအားလုံးထက်မှာ
သူ့အပြုံးပဲ အမြဲ ငုံယူထားတယ်
တွယ်တာမိတဲ့ သံဆူးကြိုးတွေ
အနီရောင် မျဉ်းအောက်မှာ
ပြတ်တောက်သွားဖို့ ဝန်လေးတုန်း
အမြဲတမ်း ဆက်ဆက်ရှုံးနေခဲ့ပေမယ့်
အညွန့်ချိုးလိုက်မှ သစ္စာပန်း အကုန်ပွင့်သတဲ့။


“သားကောင်”

Thursday, August 19, 2010 Posted by ဂျေဂျူဝိုင်
ကိုယ့်ကိုကိုယ် မှန်ထဲပြန်ကြည့်ဖူးလား
မှန်ထဲကနေ ကိုယ်ကို ပြောတဲ့အသံ
ပြန်နားထောင်ဝံ့လား
မှန်ကို ကြည့်တော့မယ်ဆိုရင်
မှန်ရဲ့ အထူအပါးကို သိဖို့လိုတယ်
နောက်ခံပြဒါး ကောင်းမကောင်း သိဖို့လိုတယ်
မှန်မှာ အစွန်းအထင်း ရှိမရှိ အရင်ကြည့်ဖို့လိုတယ်
မှန်ရဲ့ သတ္ထုက စင်စင်ကြယ်ကြယ်ရှိဖို့လိုတယ်
မှန်ရဲ့ လှည့်စားမှုနဲ့ ကိုယ့်ကိုကိုယ် မနစ်စေနဲ့
လောကမှာ မှန်တွေ ပေါပါတယ်
ပြတင်းမှန် ဗီဒိုမှန် ဆိုင်ခန်းမှန်
တံခါးမှန် ကားမှန် အလှဆင်ထားတဲ့မှန်
ရှေ့ကြည့်မှန် နောက်ကြည့်မှန်
ကြည့်လို့ ကောင်းတဲ့မှန်
ကြည့်လို့ မကောင်းတဲ့မှန်
စိန်သွားနဲ့ အဖြတ်ခံနေရတဲ့မှန်
ဘာနဲ့မှ ဖြတ်တောက်လို့မရတဲ့မှန်
ဘယ်မှန်မှာ သင့်ကိုသင် ပြန်ကြည့်မိလဲ
မှန်ကို အမှန်အတိုင်း မကြည့်ရင်
သင် ....
တက်တက်စင်အောင်ကို “မှား”။


ပန်းသည်

Wednesday, August 18, 2010 Posted by ဂျေဂျူဝိုင်
ပန်းချီ.heavenghost


















“ဟောဒီမှာ ပန်းတွေရမယ်”
“စံပယ်ပန်း၊ မြတ်လေးပန်း၊ နှင်းဆီပန်း”
ပန်းသည်မိန်းမကြီး ပန်းတွေ ရောင်းနေတယ်
တစ်လမ်းဝင် တစ်လမ်းထွက်
မနက်လေးနာရီကနေ ကိုးနာရီအထိ
ညနေကျတော့ သုံးနာရီကနေ မှောင်တဲ့အထိ
သူရောင်းနေတဲ့ပုံကို ကြည့်လိုက်မိရင်
စံပယ်လည်း မဖွေး၊ မြတ်လေးလည်းမလှ
နှင်းဆီလည်း ပုံပန်းမကျနိုင်တော့
အဲဒီထက် သူ့ဘဝအကြောင်းသိရင်
မချိလောက်အောင် ပန်းသည်ဘဝ ပန်းနေပုံ
“ပန်း”လို့ တစ်ခွန်းပါတိုင်း ဘဝထဲကို
မောပန်းမှု ပင်ပန်းမှုတွေ တစ်ပွင့်စီ
ခြွေချခံနေရသလား မှတ်ရတယ်
ဝယ်သွားတဲ့ ပန်းတွေ ဘုရားတင်သလား
ဆံနွယ်လှလှမှာ နေရာကျကျနဲ့လား
သူကတော့ ယောကျာ်းအတွက် အရက်ဖိုးရပြီ
ဒီနေ့ တစ်နေ့စာ စားဖို့ ဆန်ဖိုးရပြီ
ကျောင်းတက်နေတဲ့ သားသမီးအတွက်
ကျောင်းစရိတ်ရပြီဆိုပြီ အတွေးကို စီခြယ်လို့
ငိုဖို့ ရယ်ဖို့မေ့နေတဲ့ မျက်လုံးမှာ
ကျီးကန်းတောင်မှောက်မျက်လုံးကို အစားထိုးလို့
ငါ့အသက် ကယ်ပါလို့ ဖွင့်ဆိုနေတဲ့
ပြာလုလုအသံနဲ့ အမြဲယောင်ရမ်းနေပုံက
“ဟောဒီမှာ ပန်းတွေရမယ်
စံပယ်ပန်း မြတ်လေးပန်း နှင်းဆီပန်း”တဲ့
လူက ပန်းတိုင်မရှိတဲ့ လမ်းတွေ ဝင်လို့။

သရုပ်ဖော်ပန်းချီကို လဂွန်းအိမ် မှ လက်ဆောင်ပေးပါသည်


ကြည့်မှန်တစ်ချပ် ကောက်ရခြင်း

Saturday, August 14, 2010 Posted by ဂျေဂျူဝိုင်
မည်သည့်အရာကိုမျှ မသိမ်းပိုက်လိုသော တဲ့
မင်းမြတ်သူရ ဝတ္ထုရဲ့ အဆုံးသတ်စာ
ဖတ်ရ ပြုရတာ လွယ်သလောက်
ဟောဒီ ဥမ္မတကောအတွက်
ဘယ်လိုရူးသွပ်ရန်အကြောင်းများနဲ့
ဘယ်အရွေ့မှာ ဘယ်အချက်တွေက
ငါ့ကို အစိတ်စိတ်အမွှာမွှာ သတ်ဖြတ်ဦးမလဲ
ငါ့ကိုယ်ထဲမှာ ငါမရှိတော့လည်း
ငါ့အပြစ်တွေက ငါ့ကိုရှာပြီး
ငါ့ဆီ တန်းတန်းမတ်မတ်လာ
ငါ့အပြစ်တွေနဲ့ ငါ့ကိုထားရစ်လို့မရအောင်
ငါ့ကို ခိုင်ခိုင်မာမာထုဆစ်
စကားလုံးများအောက်မှာ ငါနစ်မြုပ်ပြီပဲ
ငါ ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားတဲ့ကြိုးတွေ
အဆိပ်ပြင်းမြွေအဖြစ် ငါ့ကိုရစ်ပတ်
အနံ့အရသာမဲ့စွာ ဇာတ်ဝင်ခန်းရပ်ပြီ
ကဲ ငါသွားရတော့မယ်
လူတိုင်းရဲ့မြင့်မြတ်တဲ့ နှလုံးသားရင်ပြင်တော်မှာ
ရွံ့ညွှန်အထပ်ထပ် ငါ့သိက္ခာကို ထားခဲ့ပြီး
ငါ သွားတော့မယ်။


အလမ္ပါယ်

Thursday, August 12, 2010 Posted by ဂျေဂျူဝိုင်
ရႊီ.. !!!

ပုလွေသံက
မိတ် ရှာနေတဲ့ မြွေတစ်ကောင်ရဲ့ တွန်သံလို
စူးစူးရှရှနိုင်လွန်း....။

ညှို့တတ်တဲ့ မြွေတစ်ကောင်ကို
နောက်ထပ် မြွေတစ်ကောင်က ထပ် ညှို့....။

ပါးပျဉ်းခွက်လေးကို
ယို့ယို့ပြီး နွဲ့နွဲ့ယိမ်း....... တိမ်း...။

ပုလွေနဲ့ မြွေ
ဘယ်သင်းက ဘယ်သင်းကို ထိမ်းကျောင်းသလဲ..?

မေးလို့ မြန်းလို့မှ မဆုံးသေး
“ ဟေ့လူ ! ခင်ဗျားမျက်နှာမှာ အကြေးခွံတွေ..”
“ ဟုတ်လား.. ဒါနဲ့ ခင်ဗျားမျက်ဆန်ကရော ဘာကြောင့် နီစွေးနေ..?။

အမြီး တိုတို .. ရှည် ရှည်
မြွေဟာ မြွေပဲ...။

ပုလွေသံကတော့
မြွေတစ်ကောင်လိုပဲ အလျားလိုက် တွန့်ငင်ပြီး
အာရုံဆီကို တရွတ်တိုက် ပွတ်....သပ်.......ဝင်
မနှစ်မြို့စရာပေမယ့်
ဘယ်မြွေမှာမှ တံခါးရွက်နဲ့ သော့ခလောက် မရှိကြဘူး....။

ဒါ...
မြွေတစ်ကောင်ကို
နောက်ထပ်မြွေတစ်ကောင်က ရွံရှာဖွယ် ညှို့တာပဲ
ပြီးတော့...
အထွေးလိုက် အထွေးလိုက် ညှို့ချက်မှာ ရစ်ပတ်ကြ
ရမ္မက်ကြောတွေ ဆွဲဆန့် လိမ်ခေါက် ကျုံ့ဝင်ကြ
ကျောရိုးရှည်တွေ ပို..ပိုပြီး
ရှည်မျောထွက်လာအောင် တောခွေးအ လိုမျိုး အူတွန်ကြ.../

အမြီး တိုတို.. ရှည်ရှည်
မြွေဟာ မြွေပဲ..
မြွေလို နေထိုင်ရင်လည်း မြွေပဲ....။

ရွှီ.. !!!

မိုးကေခမ်း

Tuesday, August 10, 2010

အဆိပ်သင့်နေတဲ့ကဗျာ

Tuesday, August 10, 2010 Posted by ဂျေဂျူဝိုင်
ဘာမွမဟုတ္ဘူး...
အကြည့်လေးတစ်ချက်ပဲ အလွဲလွဲအချော်ချော်ဖြစ်နေကြတာ
ပြီးတော့လည်းပြီးသွားမှာတွေပဲ
ခဏလေးပွင့်ခွင့်ရနေတာကိုများ
သူက လှတယ်, ငါက လှတယ်နဲ့ နားရှက်စရာ
သူများကို လက်ညှိုးမထိုးခင် ကိုယ့်ကိုယ်ကို အရင်စစ်ဆေးဦး
ခင်ဗျားတို့က အပေါ်ယံအရေပြားလောက်နဲ့ပဲ ဘ၀ကိုအဆုံးသတ်မှာလား
အဲဒီငါးခုံးမတွေကြောင့်ပဲ တစ်လှေလုံးပုပ်ပုပ်နေရတာ
ဘာဖြစ်လို့လဲ...
စင်အောက်ကိုရောက်နေလို့သိမ်ငယ်နေတာလား
မနာလိုစိတ်လောက်ရွံစရာကောင်းတာ ဘာမှမရှိဘူး
လာပါ...
မျက်နှာချင်းဆိုင်ပါ...
ရဲရဲပြောပါ...
ခင်ဗျားနောက်ကျောမှာဝှက်ထားတဲ့ဓားက
ခင်ဗျားနောက်ကျောကိုစိုက်ဝင်နေတာ ကြည့်မကောင်းဘူး
အားလုံး``ပုထုဇ္ဇနော ဥမ္မတ္တကော´´တွေချည်းပဲ
ကိုယ့်ကို လက်ခုပ်တီးပေးနေတာကြိုက်သလောက်
သူများကို လက်ခုပ်တီးပေးရမှာပျင်းတဲ့လူ
ဒီလောက်ပဲလား...
ခင်ဗျားရဲ့ရှင်သန်နေထိုင်မှုက ဒီလောက်တင်ပဲလား
လူဖြစ်ခွင့်ခဏရတုန်းလေး
လူလိုသူလိုအသက်ရှူသွားပါဦး
ဟိတ်... ဒီမယ်...!!!
မြွေပွေးတိုင်းအဆိပ်ရှိတဲ့အကြောင်း...
ဘယ်ကျမ်းဂန်မှသွားဖတ်နေစရာမလိုဘူး
အသက်လှလှရှူပါ...
အိပ်ရေးလှလှအိပ်ပါ...
မနာလိုစိတ်ကို ခပ်ထုတ်နိုင်သလောက်ခပ်ထုတ်ပစ်ပါ
ပန်းပွင့်တိုင်းမမွှေးတဲ့အကြောင်း
ခင်ဗျားနဲ့တွေ့မှပိုသေချာသွားတယ်
စကားများများပြောချင်ရင် စာပြန်သင်လိုက်ဦး
ကိုယ့်ကိုယ်ကို အရင်ဂရုစိုက်
အကြည့်ကို ဖြောင့်ဖြောင့်တန်းတန်းထား
နင်းထားတဲ့မြေကြီးဟာ အားလုံးနဲ့သက်ဆိုင်တယ်။


ထွန်းလင်းသစ်(ကန့်ဘလူ)

Monday, August 9, 2010

စာမျက်နှာ (၁၃)

Monday, August 09, 2010 Posted by ဂျေဂျူဝိုင်
ပြင်ပက ရာသီဥတုကို သူ့ကိုယ်ထဲဆွဲထည့်
ညဉ်းငွေ့မှုက လူတွေရဲ့ စိတ်ကို သူ့ကိုယ်ထဲဆွဲထည့်
တောက်လောက်မှုက ဒေါသကို သူ့ကိုယ်ထဲဆွဲထည့်
အမှိုက်ပုံက ဖြူစင်တဲ့ နှလုံးသားကို သူ့ကိုယ်ထဲဆွဲထည့်
ညစ်ညမ်းမှုက လေထုကို သူ့ကိုယ်ထဲဆွဲထည့်
မကောင်းသတင်းက ငါ့ကို သူ့ကိုယ်ထဲဆွဲထည့်
အစာမကြေ ရင်ပြည့်ရင်ကယ်မှုတွေက
အသိဉာဏ်မဲ့နှုတ်ခမ်းတွေကို သူ့ကိုယ်ထဲဆွဲထည့်
ဒီလိုနဲ့ သေမင်းဟာ ငါ့ခြံစည်းရိုးကို ကျော်ဝင်လာခဲ့
ပျက်အစဉ် ပြင်ခဏထဲမှာ
နာမည်ပျက်တာ မပါလောက်ဘူး
မျက်စိထဲ စူးနေတဲ့ ပါးမွေးကို
ဘာနဲ့မှလည်း နှုတ်လို့မရဘူး
နားလည်မှုအပြည့်နဲ့ အမြဲခွင့်လွတ်နေမယ့် ငါ့ကို
ချစ်သူက နားလည်ခွင့်လွတ်တော့မှာ မဟုတ်ဘူး
အမြဲရှုံးနေတဲ့ ငါ့အတွက် အရှုံးထဲက ထပ်ရှုံးရာမှာ
အခုရှုံးတာလောက် ထပ်ရှုံးစရာလည်း မရှိတော့ဘူး

Friday, August 6, 2010

ကျားသားမိုးကြိုးကိစ္စ

Friday, August 06, 2010 Posted by ဂျေဂျူဝိုင်
ကျားသားမိုးကြိုး ဒီခေါင်းစီးနဲ့ကဗျာကို
ဘယ်သူရေးတာပါလိမ့် ပိုင်စိုးဝေ၊ စိုင်းဝင်းမြင့်
ဟင့်အင်းကျားသားမိုးကြိုးပဲ မမှတ်မိဘူး
မပြတ်သားဘူး၊ မဆုံးဖြတ်ဘူး၊ မသုံးသပ်ဘူး
ဒါပေမယ့် ဒါက ကျားသားမိုးကြိုးကိစ္စ
တချို့နယ်ကတော့ ကိစ္စဆိုရင် လူသေတာပဲ
သေလို့ သေတဲ့လူက မြေကြီးဖြစ်တာပေါ့
ရှင်ကျန်တဲ့သူ ရွှေထီးမဆောင်းတာတော့
ဆောင်းတွင်း မဟုတ်လို့ ဖြစ်ချင်ဖြစ်မှာပေါ့
ဒါက ကျားသားမိုးကြိုးကိစ္စပဲ
ကျားသားမိုးကြိုးက ဒါမျိုးသိချင်မှ သိမယ်
မသိမှုနယ်မှာ သိမှုသိပ်မကြွယ်တော့
ငါ့အရိပ်မှာ မနေရင် ငါ့အဆိပ်နဲ့ သေစေချင်တယ်
ဒိတ်အောက်ရင် အမောဖောက်တဲ့စကားနဲ့
လက်ညိုးငေါက်ငေါက်ထိုးချင်တယ်
၂၀၁၂ မှာ တကယ် ကမ္ဘာပျက်မှာလား
ငါ စော်ကားမော်ကားလုပ်ထားတာ ငါးခု ရှိတယ်
နှစ်ခုပဲ ခုထိ ငါ့ဆီပြန်ရောက်သေးတယ်
ကျန်တဲ့သုံးခုတော့ တုံးခုသင့်ရင် ခုရမယ်
ဖြစ်သူအဟောင်း ငါ့အတွက် ငါဝမ်းသာပေမယ့်
ပြုသူအသစ်ဖြစ်တဲ့ ဓားစာခံတချို့အတွက်
ယဇ်ပူဇော်ပွဲထဲက ဘုရားလောင်းဆိတ်လို ငိုမိတယ်
အင်္ဂလိပ်ဗေဒင်အရ ၃၇ ဂဏန်းကျပြီး
မြန်မာဗေဒင်အရ ထွန်းကြွယ်အဆုံးမှာကျတဲ့နှစ်
ဒီလောက်ပဲဖြစ်တာ ကံကောင်းတယ်
ဆုတောင်းမိတာ တစ်ခုရှိတယ်
ကျန်တဲ့သုံးခုလည်း ၀ဋ်အဖြစ်သာ လာခဲ့ပါလို့
၂၀၁၁ သြဂုတ် ၃၁ ရက်နောက်ဆုံးထားပြီး
ဝဋ်အဖြစ်လာခဲ့ကြပါ၊ မြန်မြန်သာလာပါ
ဒါဟာ တကယ့်ကျားသားမိုးကြိုး။

Wednesday, July 28, 2010

ကျပ်မပြည့်တဲ့ကမ္ဘာ

Wednesday, July 28, 2010 Posted by ဂျေဂျူဝိုင်
သူတည်းတစ်ယောက်၊ ကောင်းမှုရောက်ဖို့ဆိုတာ
သူတစ်ယောက်က ဘယ်တစ်ယောက်လဲ
ဘယ်လောက်ထိ ကြီးမားကျယ်ပြန့်တဲ့ ကောင်းမှုလဲ
မယားတစ်ယောက် ကောင်းစားဖို့ ကောင်းမှုလား
တစ်ယောက်သူမှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာဆိုတာ
ဘယ်တစ်ယောက်က ပျက်ပေးရမလဲ
ကုသိုလ်ကောင်းမှုလုပ်မိတဲ့သူက ပျက်ပေးရမလား
ဘယ်သူ တရားပျက်ပျက် ကိုယ်မပျက်နဲ့တဲ့လား
သူများပျက်တဲ့တရားက ကိုယ့်ကိုလာဖျက်တဲ့အခါ
မဆီမဆိုင် ကိုယ်ကပျက်ရတာတွေကို တရားချတဲ့စကားလား
ကိုယ့်အမှားပေါ်မှာစိုးတာနဲ့ သူများကို လိုက်မှားခိုင်းတဲ့သူတွေ
များသထက် များလာတဲ့ ဟောဒီကမ္ဘာဟာ
တကယ်တော့ ကျပ်သိပ်မပြည့်ဘူး
ကျပ်မပြည့်တဲ့ ဟောဒီကမ္ဘာက ကျပ်မပြည့်ရုံပဲလားဆိုတော့
မူးလို့ ရှူစရာ မူးစေ့ ပဲစေ့တောင် မရှိဘူး
လိမ်သူနဲ့ အလိမ်ခံသူကြား
အမှန်တရားကို ပြောမိတဲ့အမှားဟာ
ငါ့ကို သတ်တဲ့ မြှားတွေ ဖြစ်လာလိမ့်မယ်လို့ မထင်မိတာလည်း
ငါ့ရဲ့ မဟာအမှားတော်ပုံ ဖြစ်ခဲ့ရတယ်တဲ့
ကိုယ့်လိပ်ပြာကိုယ်လုံနေရုံနဲ့ မပြီးတော့ဘူးဆိုရင်လည်း
ရတယ်လေ၊ သက်သေတွေ ငါ့လက်ထဲမှာ ခုထိ ရှိတုန်းပဲ
ငါက လူ့ဘ၀တွေကို ကြည့်ခဲ့တယ်
ရှေးဘ၀ နောက်ဘ၀တွေ လူ့သက်တမ်းတွေကို ကြည့်ခဲ့တယ်
ရုပ်နာမ် ဖြစ်ပျက်ဓာတ်တွေကို ကြည့်ခဲ့တယ်
ကံအရာကို ငါနားမလည်ဘူးလို့ ကြိတ်မှိတ်ခဲ့တယ်
“မင်းသိပ်အ,တာပဲ”ဆိုရင်လည်း ပြုံးပြခဲ့တယ်
ခုတော့ ညကြီးမင်းကြီး မီးအိမ်ကိုင်လာတဲ့
မျက်မမြင်ဒုက္ခိတကို သူတို့ ၀င်ဝင်တိုက်ပြီး
သူတို့ပဲ နာမည်ဖျက်သွားတာ ကြားရဖန်များလာတော့
“ဓားတရား” ကို ဟောကြားချင်လာတယ်
ပျက်သွားတာ ရုပ်လား နာမ်လား စဉ်းစားတော့
ပရမတ်မဟုတ်တဲ့ ပညတ်တရားတွေကြောင့်
ဒေါသတွေ ပွားမိတဲ့ကိုယ့်ကိုယ်ကိုလည်း
အကြိမ်ကြိမ် သနားနေမိပြန်တော့တယ်။

Tuesday, June 22, 2010

ပစ္စုပ္ပန်ဟာ ထွက်ပြေးသွားတဲ့ချစ်သူ

Tuesday, June 22, 2010 Posted by ဂျေဂျူဝိုင်
ကုသိုလ်၊ ပညာ၊ ဥစ္စာ

ဒါက တစ်နေ့ တစ်ခုခုရအောင်ယူရမယ့် အရာသုံးခု

ဒါန=ကိုယ့်အတွက် စားစရာတောင်မရှိ

သီလ= လောလောဆယ် အရက်မူး

ဘာဝနာ = ကုသိုလ်တစ်ခါမှ မပြုဖူး

ထို့ကြောင့် ကုသိုလ်မရနိုင် ပယ်။

ပညာ = သင်တန်းကြေးမရှိ

ဥစ္စာ = အရင်းအနှီးမရှိ

ထို့ကြောင့် ပညာနှင့် ဥစ္စာကိုလည်းပယ်

ပယ်ရလွန်းလို့ ကိုယ်က အပါယ်ဘုံသား

လူလား နွားလား အိပ်စားကာမတူ

တူပေမယ့် ပေမရှိ သံမရှိ

မရှိတာလည်း ရှိမရှိ မသေချာ

သေချာအောင် သံသယကို ဖယ်လိုက်တော့

အဖယ်ခံလိုက်ရတဲ့ သံသယတွေက

သူ င့ါသတ်မလား၊ ငါ သူ့သတ်မလား

ဘေးဘယတွေနီးလာပြီလို့ခံစား

ဘာမှ မဖြစ်သလို ဟန်ထား

ကမ္ဘာ့ဖလားဘောလုံးပွဲကြည့်

ကြည့်ရင်း

ဒီတစ်သက် ဒီတစ်ကိုယ်

ကိုယ့်အသင်းကိုယ် ပြန်အားပေးရပါဦးမလား။

Thursday, June 17, 2010

တစေ့တစောင်း

Thursday, June 17, 2010 Posted by ဂျေဂျူဝိုင်
ငါရောက်နေတဲ့နေရာဆိုတာ မရှိဘူး

ငါသွားမယ့်နေရာဆိုတာ မရှိဘူး

လောကဓံက ရှစ်ပါးဆိုရင်

ငါ့အတွက် ရှစ်ပါးလုံး `ဒုက္ခ´ ပဲ

အချိန်ဟာအရေးကြီးတယ်၊ အဖိုးတန်ပဲ၊ ရွှေပဲ

ဒီစကားကို ငါပြောခွင့်ရရင်

ကမ္ဘာကြီးအခု မီးထလောင်မယ်

ဘာဖြစ်ချင်လဲဆိုတဲ့ မေးခွန်းအတွက်

ငါ့မှာအဖြေရှိခဲ့ရင်

အခု တတိယကမ္ဘာစစ်ထဖြစ်မယ်

ဒီတိုင်းသာဆိုရင်

အာရုံခြောက်ပါးမှာ စိတ်တွေ အနာဖြစ်ပြီး

အတောမသတ်ငါရူးတော့မယ်

ပူလွန်းလို့နှုတ်ခမ်းနဲ့မထိအောင်သောက်ရတဲ့

အရက်တွေ အစာမရှိတဲ့အူကို ဘယ်လောက်လောင်စေမလဲ

ပြောနေကျစကားနဲ့ အူကို ပြောလိုက်တယ်

`မြန်မြန်သေလည်း အေးတာပဲ

`မင်းကို ထမင်းမှ ၀အောင် မကျွေးနိုင်တာ´

မသေရုံတမယ် ငါ့ကို ထမင်းကျွေးထားတဲ့မြို့

ကျောချစရာကို အမြဲဖွက်ထားတယ်

ကိုယ့်ကိုကိုယ်လေးစားစရာမရှိတဲ့ လူအန္ဓအတွက်

တာဝန်ကျေပွန်တတ်တဲ့ ကံကပေးအပ်ခဲ့တာကို

ဘယ်မျက်လုံးနဲ့ ငိုပြီးတိုင်တည်တိုင်တည်

တမာပင်အောက်က ကြက်ဟင်းခါး

ဘယ်တော့မှ ချိုမှာ မဟုတ်သလို။

တစ်စက္ကန့်

Thursday, June 17, 2010 Posted by ဂျေဂျူဝိုင်


ဘာမှဖီးလိမ်းပြင်ဆင်မထားတဲ့

ရွက်ကြမ်းရေကြိုအပျိုစင်ညတစ်ခုမှာ
မြို့ကြီးတစ်မြို့ရဲ့ တိုက်ခန်းတစ်ခုထဲက
ပြတင်းပေါက်လေးမှာ မေးထောက်ပြီး
ငေးနေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ မြင်ကွင်းတည့်တည့်
မျက်ခွံကို သာမန်လေး ပင့်တင်လိုက်ချိန်
မထင်မရှား ကြယ်လေးတစ်ပွင့် ခိုးကြွေတယ်
ချက်ချင်း
ချက်ချင်းထက်မြန်တဲ့ ချက်ချင်း
အဲဒီထက်ပိုမြန်တဲ့ ချက်ချင်း
ကြယ်တစ်ပွင့် ကြွေချိန်အတွင်း
ရစရာတွေမရနိုင်တဲ့ ဘဝ
ဖြစ်ချင်တာတွေ မဖြစ်နိုင်တဲ့ဘဝ
မသင်ယူလို့ မတတ်မြောက်ခဲ့တာ မဟုတ်
အခြေခံသဘောတရားကိုတောင်နားမလည်နိုင်တဲ့ဘဝ
မကျေနပ်တာတွေကို ရယ်ပြပေးနေရတဲ့ ဘဝ
မရှိဖူးတဲ့ ချစ်သူ အထားခံခဲ့ရသလို ညရဲ့
လွမ်းချင်တာကို မလွမ်းရတဲ့ ဘ၀ထဲက
ဖောင်ဖျက်ရအောင်လည်း ကမ်းမကပ်နိုင်
တိုက်ပွဲဆိုပြန်တော့လည်း ဘာအတွက်မှန်း
ဘယ်သူ့အတွက်မှန်း ဘာကြောင့်မှန်း
လမ်းတွေရှိပေမယ့် သွားလို့မရ
အချိန်က လုံ့လစိုက် လုံ့လစိုက်
အချိန်က အရေးကြီး အရေးကြီး
အမြင့်က တွန်းချမယ် တွန်းချမယ်
အနိမ့်က ဆွဲချမယ် ဆွဲချမယ်နဲ့
ရပ်ထားတဲ့ ခြေတစ်ဖ၀ါးစာမှာ
ဟန်ချက်က ဘ၀ကို ညှိမပေးနိုင်ဘူး
ဖြတ်သန်းခဲ့ရတဲ့ နေ့တွေညတွေက
ရေမရတဲ့ တောင်စဉ်
ရေခမ်းခြောက်တဲ့ အင်းအိုင်
အချစ်၊ အောင်မြင်မှု၊ ပျော်ရွှင်မှုဆိုတာ
ကြားဖူးနားဝ ပုံတိုပတ်စ
မတိုက်ခိုက်ပဲ သိမ်းပိုက်ခွင့် ရတာကလည်း
ဝမ်းနည်းမှု၊ အားငယ်မှု၊ အထီးကျန်ဆန်မှု
ရသင့်တာလေးကို ရှာခဲ့လည်း မရ
ဖြစ်သင့်တာလေးကို လုပ်ခဲ့လည်း မဖြစ်
ဒါကပဲ အနိစ္စလား
ဒါကပဲ ဒုက္ခလား
ဒါကပဲ အနတ္တလား
ဘ၀ပေးကုသိုလ် အဖြစ် ယူလိုက်မယ်
တရားဒေသနာအဖြစ်မှတ်လိုက်တယ်
ချက်ချင်း
ကောင်မလေး ပြတင်းပေါက်က ခွါခဲ့တယ်။



ချစ်စွာသော ညီမလေးငယ်နန့်စန္ဒာထွန်းသို့ အမှတ်တရ ရေးပေးပါတယ်

Sunday, June 6, 2010

စနေနေ့ညနေ ခြောက်နာရီ

Sunday, June 06, 2010 Posted by ဂျေဂျူဝိုင်

ဘယ်ကမှန်း မသိတဲ့လူတွေနဲ့
ဘယ်ကမှန်းမသိတဲ့လမ်းဆီကနေ
အပြုံးတွေ ကိုယ်စီယူလာပြီး
ကြည်နူးမှုတွေ စီရရီကို
စနေနေ့ညနေ ခြောက်နာရီမှာ ဖျန်းပက်လိုက်တယ်
ဘယ်တော့မှ ညိုးနွမ်းမသွားဘူး။

ဘယ်တော့မှ မကုန်ဆုံးနိုင်တဲ့ ကုသိုလ်ကို
ဘယ်တော့မှ မပျက်နိုင်တဲ့ ညီညွတ်မှုတွေနဲ့
မောင်ရင်း နှမရင်းလို သူငယ်ချင်းတစ်စု
ခင်မင်မှုကို သံမဏိလိုချိတ်ဆက် ဆက်ရင်း
တံမျက်စည်းကို တစ်ချက်ချင်းခတ်တယ်။

ရင်ပြင်တော်တစ်ခုလုံး သန့်ရှင်းသွားသလို
သူငယ်ချင်းတွေရဲ့ ရင်တွေ သန့်ရှင်း
ညနေခင်းတစ်ခုလုံး ပီတိတွေ လင်းဖြာတယ်
အကုသိုလ်တွေလည်း ကင်းကွာတယ်။

`စနေနေ့ ညနေကို မျှော်ရတာ အမောပဲ´
သူငယ်ချင်းတွေ ဒီလို ပြောဖြစ်တယ်
ဘယ်တော့မှ မေ့မရတဲ့ညနေတွေ
ဘယ်တော့မှ ပြောလို့ပြီးမှာမဟုတ်တဲ့ ညနေတွေ
လူ နတ်ချစ်တဲ့ ညနေတွေ
သံသရာကို တိုတောင်းစေခဲ့တယ်။

ဓာတ်ပုံများကို ဤနေရာ တွင်တင်ထားပါသည်

Monday, May 24, 2010

ငါ တစ်ကောင်ကို မျှားကြည့်ခြင်း

Monday, May 24, 2010 Posted by ဂျေဂျူဝိုင်








ငါးမျှားချိတ် တလှုပ်လှုပ် တခါခါ ဖြစ်လာတော့
ကျွန်တော့် မကောင်းကြောင်းကို အားနဲ့ အင်နဲ့
အပေါ်ကို မရမက ဆွဲတင်လိုက်တယ်
ဒီနေရာက ကိုယ်ရည်သွေး တီးလုံးတွေ တီးတဲ့ နေရာလား
ဒီစာမျက်နှာက ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်လား
အမဲရိုးကို ကိုက်ပြီးအော်တဲ့ အသံက
အဝေးကို ရောက်နိုင်မယ်လို့ ထင်လား
တိရစ္ဆာန်တောင်မှ ကိုယ့်စည်းနဲ့ ကိုယ်နေတာ သိလား
သင်တို့က လူကြီးလူကောင်းဆန်တဲ့ လူယုတ်မာလား
ဘ၀ဆိုတာ ရေပွက်ပမာ ဆိုတဲ့ စကားထဲက
ခင်ဗျားတို့ လိုချင်တာ ငွေကြေးလား ဂုဏ်လား
ပင်လယ်ကြီးလောက် ကြီးကျယ်ချင်သလား
ကောင်ကင်ကြီးလောက် ခမ်းနားကြည့်ချင်သလား
ဘဂ္ဂဒက်မှာ အခုထကွဲမယ့် ဗုံးဟာ ခင်ဗျားတို့လား
ကိုယ့်မျက်လုံးနဲ့ ငိုတာ အားမရသေးဘူးလား
အနိုင်ရလိုမှုမှာ ဂုဏ်မရှိဘူးဆိုတာကော သိလား
စိတ်ကောင်းရှိဖို့က ပထမဆိုတာ ကြားဖူးလား
ဒီတစ်ခါ တံလျှပ်ထဲ
ငါးမျှားချိတ်တံ ထပ်မပစ်ချမိဖို့တော့ လိုလိမ့်မယ်။

Sunday, May 16, 2010

.......................................

Sunday, May 16, 2010 Posted by ဂျေဂျူဝိုင်
အို .. အမိငဲ့
နင်ဟာ ငါ့ အာရုံအလင်းကို ညှိထွန်းသူ
ငါ့ ကန္တာရအပူကို မျှယူငြှိမ်းသတ်လို့
ငါ့ အိပ်မက်တွေကို ပင်လယ်ဆီဆောင်ကျဉ်းတဲ့
တစ်စင်းတည်းသောမြစ်...။

အို .. အမိငဲ့
ထာဝရသစ်လွင်သော မြတ်နိုးခြင်းတရားမှာ
အရာရာတိုင်းကို တို့အတူ ပျိုးစိုက်ခဲ့
မိုး မလိုက်ရင်လည်း နေပါစေကွယ်
ဒီအချစ်တွေနဲ့ပဲ
တောလုံးညွတ်အောင် စိမ်းလန်းကြမယ်...။

အို .. အမိငဲ့
ဘုရားသခင် ဆိုသူရယ်
တားမြစ်ထားသော သစ်သီးရယ်နဲ့
မြွေတစ်ကောင်ရယ်.. နင် ရယ်
ကမ္ဘာဦးကတည်းက
မျိုးနဲ့ရိုးနဲ့ မျက်စိသူငယ် နားသူငယ် ငါ ရယ်
အဲဒီဥယျာဉ်တော်ထဲမှာပေါ့...။

ငါ့ နံရိုးလေးဖြစ်လို့
ငါ့ အရေပြားဖြတ် အသားဖြတ်
ငါ့ အသွေးနဲ့ အကြောမွှာတွေကိုဖြတ်
အရိုးထိ ဆတ်ဆတ်တုန်အောင် နှင်းအပ်ခဲ့ရပြီးသောနောက်...
ငါ့အား ဖန်ဆင်းသူကို ဆန့်ကျင်လို့
အဆိပ်သီးဆိုတာကို ၀ံ့ဝံ့ရဲရဲ ဆွတ်ယူစားသုံးလို့
ရွံရှာဖွယ် သွေးဆောင်ဖျားယောင်းခြင်းကို လက်ခံသိမ်းဆည်းလို့
နင့် နှုတ်ခမ်းလေး အတိမ်းအဖွဲ့လောက်မှာပဲ
ယိမ်းကာ နွဲ့ကာ ကခုန်ရဲခဲ့သောနောက်...

အို .. အမိငဲ့
နင့် လိုအင်လေးအတွက်နဲ့
ထာဝရအသက်ကို ငါ စွန့်လွှတ်ခဲ့ရ
မစင်ကြယ်ခြင်းဆီ ငါ ခုန်ဆင်းခဲ့ရ
မြေကြီးသို့ ကျိန်စာမှာ ငါ နာပျော်တတ်ခဲ့ရ
ငါ့သား ငါ့မြေး ငါ့သွေး ငါ့ အသက်
ငါ့ အဆက်ဆက်ကို ကျွန်ဇာတ်သွင်းခဲ့ရ
ငါတို့ရဲ့ ဧဒင်က စခဲ့တယ် အမိငယ်...။

အို .. အမိငဲ့
ကောင်းကင် မြေကြီး ဟင်းလင်းပွင့်တော့မှ
ကိုယ့်အနူးညံ့ဆုံးဆီ ကိုယ်တိုင်ထိုးစိုက်ခဲ့မိသော
ကျမ်းစာလာ သံငုတ်ဟာ ပြုတ်မတဲ့
ငါ့သံငုတ်ကိုတော့ နင်ပဲ ဖြုတ်နိုင်မယ် အမိငယ်..
ငါ့ စီရင်ခြင်းနေ့မှာတော့
ငါ့ ရှေ့က ကျောက်သားပလ္လင်ပေါ်မှာ နင့်ကိုပဲ တွေ့ချင်ရဲ့အမိငယ်...။

အို .. အမိငဲ့
နင်သဲ့ယူပြီးစီးသော ငါ့ဘ၀အလုံးမှာ
ငါ့ရှုံးနိမ့်ခြင်းတွေက တိမ်ပုခက်တွေလို အရောင်တလက်လက်စုံလင်ပြီး
နောက်ဆုံးစားပွဲက စပျစ်ရည်ထက်ကို ပိုမိုချိုမြိန်လိမ့်မယ်
ဒီလိုပဲ ငါယုံကြည်ရဲခဲ့ပါရဲ့...။

အို .. အမိငဲ့
အဆုံးအစမဲ့ အထက်အဇဋာမှာ
ငါဟာ ချစ်ခြင်းတရားကို ကြယ်တွေလို ချိတ်ဆွဲထားရဲ့
နင့် လိုဘပြည့်အောင် ခူးဆွတ်လှည့်ပါကွဲ့။
ဘ၀ ဟာ ကြိုးတစ်ချောင်းဆိုခဲ့ရင်လည်း
နင့်ကြိုးတစ်စကို ငါ့ ကြိုးတစ်စနဲ့ ယှက်ငင်တော့
သုံးလွန်းတင်တဲ့ သံယောဇဉ်
သံသရာပြင်ထိအောင်သာ ချည်နှောင်ပါတော့ အမိငယ်...။

အို .. အမိငဲ့
ငါ့အတွက်မတော့ အချစ်ဆိုတာ
ဘယ်သမုဒ္ဒရာမှာမှ မနစ်မြုပ်နိုင်သော
နျူကလီးယားစွမ်းအင်သုံး အခိုင်ခံ့ဆုံးလှေသင်္ဘောဖြစ်တယ်
ငါ ယုံကြည်အပ်သောအရာတိုင်းကို ယုံကြည်တတ်ဖို့အတွက်
ငါ့ ယုံကြည်ချက်တွေကို အသက်သွင်းပေးသော အရာဖြစ်တယ်
ငါ့ တည်ရှိခြင်းကို အသိအမှတ်ပြုပေးတဲ့
ပန်းနုရောင် မွေးစာရင်းစာရွက်လေးလည်း ဖြစ်တယ်
ငါ သောက်ချိုးလိုက်တိုင်း ပျိုမြစ်ခြင်းကို ပေးတဲ့
ပြာလဲ့လဲ့ နတ်ရေကန်တစ်စင်းလည်း ဖြစ်ပါတယ်...။

အို .. အမိငဲ့
တည်ပြီးခဲ့လေသော ပန္နက်
လောင်းချပြီးခဲ့လေသော ရေစက်
ဘယ်လိုအခြေအနေဖျက်ဖျက် သွေမပျက်ဘူး။
လေလှိုင်းထဲက
နင့် အသံလေး ကြားရုံနဲ့ ရူးတတ်ဖို့
ငါ့ရင်ဘတ်ကို ငါ တူးဖော်ယက်ဆွခဲ့
နင်သိရဲ့လား..
အဲဒါက တအားနာတယ်...။

အို ..အမိငဲ့
နာကျင်ခြင်းတွေနဲ့ ယမန်နေ့ကို
လိုလိုချင်ချင် လွမ်းတတ်နေတုန်းမှာ
နာကျည်းခြင်းများနဲ့ ဒီကနေ့က ဆိုက်ဆိုမြိုက်မြိုက်ရောက်ရှိလာ
မနက်ဖြန်မှာရော ငါ့ အနာ တွေက
အဖေးအသားတက် ကျက်လေမလား..?
နင့် နှုတ်ခမ်းပါးလေးနဲ့ပဲ ငါ့အသက်ကိုချိတ်ဆက်ထား
နင် ထားမသွားခင် ငါအရင်သေနိုင်တယ် ဆိုတာ နင် သိရဲ့လား..?
အား!!!!!! နာလိုက်တာဟာ...။

အို .. အမိငဲ့
နင့် ယဲ့ယဲ့လေး အပြုံးမှာ
ငါ့ ရင်ဘတ်က ပန်းတွေ တအုံးအုံးကြွေတတ်တာ
ဒါ ငါတွေ့ရှိသော ဆွဲငင်ခြင်းနိယာမအသစ်ပဲ..
ငါ့ ပတ်လမ်းတိုင်းရဲ့ တစ်ခုတည်းသော ဗဟိုချက်ဟာ နင်ပဲ..
ငါ့ကို စုပ်ယူမယ့် တွင်းနက် လှတပတလေးဟာလည်း
နင့် မျက်ဝန်းနက်ကလေးပဲ...
ကဲ...
သိမ်းလှည့်ဆည်းလှည့်
ဟောဒီကလေကချေ ဘ၀အလုံးဟာ
နင့် ခြေရင်းတည့်တည့်မှာ
သံသရာထိ ရုံးအားမဲ့နေပြီပဲ အမိငယ်ရယ်...။ ။




မိုးကေခမ်းကို ကျွန်တော်နဲ့ ပတ်သက်ပြီး ကဗျာစပ်ပေးပါဆိုတော့ သူစပ်ပေးလိုက်တဲ့ ကဗျာပါ။

Saturday, May 1, 2010

မိုးမြေမဆုံး လွမ်း

Saturday, May 01, 2010 Posted by ဂျေဂျူဝိုင်
မှားယွင်းနေတဲ့ နေ့နာရီဟာ
သောက်နေကျ ပုံမှန်ဆိမ့်ဆိမ့်တစ်ခွက်
ဘယ်ပညာနဲ့ ထွင်းထု အဆုံးသတ်သတ်
ဟောဒီ ပန်းပုရုပ်ဟာ တဖြည်းဖြည်းဘီလူး
ဘဏ်ကို ဓားပြတိုက်ရင် ထောင်ဒဏ်
ဘ၀ကို ဓားပြတိုက်ရင် တံတွေးခွက်ဒဏ်
စူးခနဲ ပိုပိုအောင့်လာတဲ့ နှလုံးကို
ဘယ်နတ်ဒေ၀ါလက်နဲ့မှ ဖုံးအုပ်ကုသလို့မရ
ချက်ချင်းဆိုသလို မျက်မှောင်မိုးသည်းကြား
မျက်မုန်းကျိုး မိုးမုန်တိုင်းတိုက်ခတ်မလား
နံရံကို ထိုးလို့နာတဲ့ လက်သီးနဲ့
ဘ၀ကို ချောက်ထဲ တွန်းချပေးနိုင်မလား
မပြီးဆုံးသေးတဲ့ နေ့ရက်ကနေ
တကယ်ချစ်ရဲ့လား မေးခွန်းမှာ ခွေခေါက်လဲကျ
အားလုံးကို ငိုပြဖို့ ရယ်ပြဖို့ နေပြဖို့ဆို
ကိုယ်က အိုးမဲ့ အိမ်မဲ့ နေထိုင်ဖို့မဲ့ ဗလာ
ပင်လယ်ပြင်မှာ ကိုယ့်ခဏခဏ သင်္ဘောမှောက်တယ်
အရမ်းချစ်တယ် ဆိုတဲ့ ကောက်ရိုးတစ်မျှင်သာ မရှိရင်
ကိုယ်ဟာ တိုက်ပိတ်ခံထားရတဲ့ အကျဉ်းသား။

Friday, April 30, 2010

ငါ့ရဲ့ အဝေးက အနီးဆုံးကောင်းကင်

Friday, April 30, 2010 Posted by ဂျေဂျူဝိုင်
အဝေးကို လှမ်းငေးကြည့်လိုက်တယ်
မြေကြီးနဲ့ကောင်းကင်
တပူးတွဲတွဲစကားပြောကြရဲ့
ပင်လယ်ဟာကောင်းကင်ကြောင့်ပြာတယ်
ဘယ်လိုမှ မဖြစ်နိုင်ဘူးကောင်မလေး
မင်းကိုချစ်လို့ ဒီစကားကိုငါပြောတယ်
အဝေးကနေ နီးစပ်နေကြတဲ့ရင်ဘတ်နှစ်ခု
အလွမ်းငွေ့တွေနဲ့ဝိုင်းပတ်ကာရံထားတယ်
မေ့မေ့မောမောနဲ့ ပျော်နေခဲ့တာမဟုတ်ပါဘူး
ရင်ဘတ်ကိုဆုတ်ဖြဲပြီးပြုံးရိပ်သန်းပြနေရတာ
ငါတို့နှစ်ယောက်ကြား အမှန်တရားတွေဖြတ်ဖြတ်ပြေးတိုင်း
ငါ့ကိုယ်ငါ ပျောက်ဆုံးပစ်လိုက်ချင်တယ်
မင်းရဲ့ငိုသံတွေကြားမှာ
ပြိုဆင်းကျခဲ့ရတဲ့ငါ့ရဲ့မျက်ရည်ငွေ့တွေ
ဆွေးဆွေးမြေ့မြေ့ပဲထိုင်ငေးနေလိုက်ရတယ်
လောဘတကြီးပိုင်ဆိုင်ချင်ခဲ့ပါရဲ့
လမင်းမသာတဲ့ညဥ့်နက်နက်မနက်ဖန်တွေ
ကောင်းကင်ရောင်ပျောက်သွားတဲ့ပင်လယ်လို
ကိုယ့်ကိုယ်ကိုပြာလွင်ဖို့မဖြစ်နိုင်တဲ့အဖြစ်မှာ
ငါလေ....
``မင်း ကို သိပ် ချစ် တာ ပဲ´´
အဝေးကပဲကြိုးညှိနေရတယ်။


ထွန်းလင်းသစ်ကို ကဗျာစပ်ပေးပါလို့ပြောတော့ သူက အမှန်အတိုင်း စပ်ပေးသွားတယ်။


အလွမ်းနင့်နင့်..နဲ့... အဆင့်အဆင့် အမြင့်အမြင့်ကနေ.. တရင့်ရင့်.. ကြွေ

Wednesday, April 21, 2010 Posted by ဂျေဂျူဝိုင်
(၁)

အလွမ်းတွေကို
အလွမ်းအတိုင်း ထားရှိရင်း
ဆူလွယ်နပ်လွယ် ပန့်ခ် သီချင်းတစ်ပုဒ်ကိုပဲ ညဉ်းနေမိ

အိုကွယ်..
ချစ်သူ့ မျက်ဝန်းကလေးကို သတိတရနဲ့
ချစ်သူ့ ရင်ညွန့်ထက်က လော့ကတ်သီးလေးရယ်
ချစ်သူ့ လက်ကောက်ဝတ်က နတ်ဘုရားဆင်းတုရယ်ကိုပဲ
သဲကြီးမဲကြီး နာလိုခံခက်ဖြစ်နေရ
အနှိုင်းအဆ ဟာ ဒီလောက်လေးပါပဲ ချစ်သူ...



(၂)

ချစ်သူရယ်လေ..
ပူတယ်...
ဟောဒီ မန္တလေးဟာ ပူတယ်..
ကိုယ့် ရင်ထဲမှာလည်း ပူနေတယ်..
ကိုယ်တို့နှစ်ဦးရဲ့ ရှေ့ခရီးဟာလည်း မီးလိုပဲ ပူနေမတဲ့လား..?
ကိုယ် မထိကိုင်ဖူးသေးတဲ့ ချစ်သူလက်ဖ၀ါးလေးထဲမှာ
ကိုယ့် ဘ၀ရဲ့ အရာရာကို ဆုပ်ကိုင်ထားပြီး
အေးငြိမ်းသောခရီးဆီ နင် ထွက်ခွာသွားသင့်ပြီပဲ ချစ်သူလေးရယ်...

“ထားခဲ့တော့ပါ
ရင်မှာ နာလည်း
ကိုယ့် အသဲကို
ကွဲဖို့ အသင့်
ခင်းဆင့်မယ်...” တဲ့
အလျားလိုက် ဖြန့်ခင်းပေးထားသော သံယောဇဉ်မှာ
အသာအယာပဲ ဖြတ်လျှောက်သွားလိုက်ပါကွယ်
ချစ်သူ့ ဖ၀ါးနုနုနယ်နယ် အန္တရာယ်ကင်းစေရခြိမ့်မယ်...



(၃)

ချစ်သူရယ်လေ..
တစ်ယောက်ဆီတစ်ယောက်က
ရောက်ရှိချင်ရက်နဲ့ ဝေးနေရခြင်းဟာ
ကိုယ်လိုကောင်အတွက် ပိုပြီး “နာ” ရတယ်
ကိုယ်လိုလူအတွက် အိပ်မက်ထဲထိ “သေ” ရတယ်
ကိုယ်လို နှလုံးသားအတွက် ဗဟိုချက်ဆီ ကွက်တိ “ထိ” ပါတယ်..

“ဂျေဂျူဝိုင်ဆိုတာ ဆိုတာ
ဘ၀နဲ့အချစ်မှာ ဥပစ္ဆေဒကကံနဲ့ နတ်ဖြစ်သွားတဲ့ သတ္တ၀ါ” ... တဲ့
ဒါဟာ တကယ်ပဲ ချစ်သူလေး
အလွမ်းအဆွေးတွေ ရာနှုန်းများများနဲ့
ကိုယ့် ဘ၀ပေါ် ၀ဲဝဲကျလာတဲ့ ဓားချက်တိုင်းမှာ
ကိုယ့် ခံနိုင်ရည်ဟာ ထိုင်းမှိုင်းလာခဲ့ရ...

ချစ်သူပေးအပ်သမျှ ချိုမြိန်ခြင်းတွေနဲ့တင်
ကိုယ့်ရင်ဘတ်ရဲ့ ကိုလက်စထရော အချိုးအစားကလည်း
မတန်တဆပဲ များ များ လာခဲ့ရ...

ချစ်သူရေ..
ဝင်သက်လေ ထွက်သက်လေ အထိအခတ်တိုင်းမှာ
ချစ်သူ့ ခေါ်သံလေးဟာ ငြိလာကပ်ပါ
အဲဒီလို အခါများမှာ အသက်ရှူကြပ်လာ
အလွမ်းဆိုတာ..
အယ်လ်ကိုဟော ဆချိုးများများနဲ့ ဒရာဘယ်လ် ဘီယာ
ကိုယ် ယစ်မူးတတ်ခဲ့တာလည်း ကြာပြီပဲကွယ်...



(၄)

ချစ်သူရယ်လေ..
ကိုယ်လေ တိတ်တိတ်လေး
အတွေးထဲမှာ ခိုးခိုးပြီး စိတ်ကူးယဉ်

“ ချစ်သူ သတိမထားမိလိုက်ပဲ
ချစ်သူ့ ဆံနွယ်ဖျားကနေ ခြေဖ၀ါးလေးဆီအရောက်
တောက်လျှောက်စီးဆင်းခွင့်ရသော ရေစက်မှုန်ကလေး ဖြစ်ချင်..”

“ချစ်သူ့ လွတ်လပ်ခြင်းတွေအတွက် ချစ်သူ အနှံ့အပြားဆီ ထိကပ်ခွင့်ရတဲ့
ညဥ့်လွှာရုံ အ၀တ်အထည်ပါးပါးလေး ကိုယ် ဖြစ်ချင်..”

ဒါမှ မဟုတ်ရင်လည်း..
“ချစ်သူ နံနက်တိုင်းလိုလို စားဖြစ်တဲ့ ကြာဇံကြော်ထဲက
ဆတ်တောက် ဆတ်တောက် နင် ၀ါးမိတဲ့ မုန်လာဥနီဖတ်လေး ဖြစ်ချင်..”

“ချစ်သူ ချော့သိပ်လိုက်ရင် ချက်ချင်းပဲ အိပ်ပျော်သွားမယ့်
ငိုသံကျယ်ကျယ် ကလေးလေး ကိုယ် ဖြစ်ချင်..”

ဒီလိုပဲ တိတ်တိတ်လေး ခိုးခိုးပြီး စိတ်ကူးယဉ်
ချစ်သူ... မသိဘူး...


(၅)

ချစ်သူရယ်လေ..
ကိုယ်တို့နှစ်ယောက်ရဲ့
ဥပဒေမဲ့ အပြာနုရောင်ချစ်ခြင်းတရားခွင်မှာ
ကိုယ်ဟာ ချစ်သူကို စီရင်ပိုင်ခွင့်ပေးထားသလို
ချစ်သူကလေးကလည်း ကိုယ့်ကိုပဲ စီရင်ချက်ချစေချင်တယ် ဆိုတာ
ကိုယ်နားမလည်သော ဘာသာစကားကို နားထောင်ရင်း ကိုယ် နားလည်လာ..

ကိုယ်တို့ တစ်ဦးစီအတွက် တစ်ဦးက
ဝင်ရလွယ်ပြီး ထွက်ရခက်တဲ့ ၀င်္ကပါ တဲ့လား..?
ကိုယ်တို့ လှလှပပလေး မှားခဲ့ကြပြီ ထင်ပါရဲ့ကွယ်...



(၆)

“လူဖြစ်လာတာက ပထမအမှား
လူလိုခံစားတတ်တာက ဒုတိယအမှား..” တဲ့
ဒီလိုဆို...
တတိယအမှားဟာ ကိုယ့် မှန်ကန်ခြင်းတရားပဲပေါ့
နင့် နှလုံးသားမှာ ဖြစ်တည်တယ်လေ...

ချစ်သူရေ..
ခြေခင်းလက်ခင်း သာ သာ ၊ မသာ သာ
အလွမ်းတစ်ခုက အလွမ်းတစ်ခုကို ဆာလောင်လို့
ကုန်းမြေတစ်ပြင်က ဟိုဘက်ကုန်းမြေတစ်ပြင်ကို ဆာလောင်လို့
ဆာလောင်ခြင်းအထပ်ထပ်က ကိုယ့် ရင်ဘတ်တည့်တည့်ကို ဆာလောင်လို့
ည ည များဆို ယောင် ယောင်ပြီး စမ်းကြည့်မိ
ချစ်သူကလေး ရှိမှ မနေပဲကို...

အဝေးမှာ..
လေပြည်လာရာအရပ်ဆီ ဆန့်ထုတ်ထားတဲ့ ကိုယ့် လက်ဖ၀ါး
ချစ်သူ ခံစားတတ်ရင် နာကျင်ရပစေ ကိုယ်ကျေနပ်နိုင်ရဲ့
ဘာကို ပေးဆပ်ရမလဲ..?
ဘယ်လောက်အထိ ပေးအပ်ရမလဲ..?
ဘယ်အခြေအနေရောက်အောင် ကိုယ့်ကို သယ်ဆောင်သွားမှာလဲ..?
ဒီလိုနွေတွေပဲ ကိုယ့်ဆီတဖွဲဖွဲရွာသွန်းလို့
ကိုယ့်အရိပ်မှာ ချစ်သူ စိတ်တွေပဲ အခါခါ ထွန်းကားတယ်...



(၇)

ချစ်သူရယ်လေ..
ချစ်ခြင်းတရားမှာ
အရာရာဟာ မြင့်မြတ်သွားစတမ်း ဆိုရင်လည်း
ကိုယ့်ဘ၀ထဲက ကြက်ခြေခက်များစွားကို
သူရဲကောင်းတံဆိပ်လိုပဲ ၀ံ့ဝံ့ကြွားကြွား ကိုယ် ခံယူလိုက်ချင်ရဲ့..
တစ်နေ့ ထိမှန်လာမယ့် ကံတရား ကျည်ဆန်မှာပဲ
သံသရာတစ်ပြင်လုံး အုံးအုံးမြည်အောင် ကွဲပျက်လိုက်ချင်ရဲ့..
မြတ်နိုးခြင်းများစွာနဲ့ တွန်းဖွင့်ခဲ့မိသော ပန်းနုရောင်တံခါးချပ်ကို
ကိုယ် ကိုယ်တိုင်ပဲ ဂျက်ချထားလိုက်ချင်ရဲ့ကွယ်...

ကောင်မလေးရေ..
Love you... , Need you...
လွယ်လွယ်ကူကူနဲ့ ကိုယ်ပြောခဲ့တာ မဟုတ်သလို
Forget me... , Leave me...
ဒီလိုပြောဖို့လည်း ကိုယ့်မှာ မလွယ်ကူပြန်တဲ့နောက်
အလိုလိုကွယ်ပျောက်လွင့်ပါးသွားရှာမယ့်
တိမ်တွေသွားရာ ညဥ့်လမ်းမမှာ
အလွမ်းအစအနတွေ ဖွဖွခြွေရင်းပဲ ဆက်လျှောက်
ဘယ်ဆီကိုပဲ ရောက်ရောက်ပေါ့ကွယ်...



(၈)

ချစ်သူရယ်လေ..
အခြေအနေဆိုတာကို ပြောင်းပြန်လှန်ပစ်ဖို့
ဘယ်ပရောဖတ်ရဲ့ ဟောညွှန်ချက်ကို ကိုယ် ယုံစားရပါ့..
အိုလံပီယာတောင်ကုန်းထက်က
ဘယ်နတ်ဘုရားရဲ့ယဇ်ပလ္လင်မှာ ကိုယ့်ရှင်သန်ခြင်းကို ပသတင်မြှောက်ရပါ့..

ရယူလိုခြင်း တစ်ဆယ့်ငါး ရာခိုင်နှုန်း
ပေးဆပ်လိုခြင်း သုံးဆယ့်ငါး ရာခိုင်နှုန်း
ကိုယ့် မသိနိုင်ခြင်းက လေးဆယ့်ကိုး ရာခိုင်နှုန်း
ကိုယ်တို့ ဆုံဆည်းခွင့်က မစို့မပို့ တစ်ရာခိုင်နှုန်း
ဒါကိုမှ ကိုယ် ပြုံးပြုံးလေး နေထိုင်နိုင်တယ် ဆိုရင်လည်း
နောက်ဆုံးထွက်သက်ရဲ့ ပထမအပြုံးပဲ ဖြစ်ပါလိမ့်မယ်...



(၉)

“လာမယ့်ဘေး ပြေးတွေ့လိုက်စမ်းပါ ဂျေဂျူဝိုင်ရာ..” တဲ့
အစ်ကိုရေ.. အဲဒီကောင်မလေးဟာ ဘေး မဟုတ်ဘူး အစ်ကိုရဲ့
မြတ်နိုးခြင်းတရားတွေနဲ့ သွန်းခတ်ထားသော ပွင့်လွှာဓားတစ်လက်
လက်ကိုင်ရိုးမှာ သူမ ခေါ်သံလေးကို စွပ်တပ်ထားလေရဲ့..

အဲဒီဓားတစ်လက်ရဲ့အေးစက်စက်ဂုဏ်သတ္တိမှာ
ထိတွေ့မိလိုက်တိုင်း အသိနဲ့ စောင့်စည်းခြင်းဟာ အရှင်လတ်လတ် ကျောက်သားဖြစ်ရတယ်
အဲဒီကျောက်သားတွေကပဲ တဖျပ်ဖျပ်လှုပ်ခါအိကျတတ်လာပြီး
သူမ ရှိရာအရပ်ဆီ ဦးညွှတ်စီးဆင်းရပြန်တယ်...

တခါတရံ များစွာမှာလည်း
နှစ်ပေါင်းတစ်ထောင်ကြာ သိမ်းဆည်းထားတဲ့ ၀ိုင်တစ်ခွက်လိုပဲ
ရှိန်းခနဲ ဖိန်းခနဲ အနှိုးအဆွ .. ဘ၀နဲ့မာနကို ရုန်းကြွအောင် အားခွန်ပေးတယ်
အဲဒီဓားတစ်လက်ရဲ့ စေညွှန်ရာ အရပ်မျက်နှာမှာ
သစ္စာတရားနဲ့ အခြားအခြားသော စိတ္တဇလိုအပ်ချက်တွေ ပြည့်စုံနေမလား လို့လည်း
ရင်ကွဲပက်လက်အိပ်မက်တွေနဲ့ အိပ်စက်တတ်လာပါတယ် အစ်ကိုရေ...



(၁၀)

ချစ်သူရယ်လေ..
လာမယ့် နွေနှောင်းမှာ ကိုယ်ဟာပြက္ခဒိန်ကို လှန်လှောရပေဦးမယ်
လူလူသူသူခံစားတတ်ခြင်းလမ်းမထက်က
ကိုယ့် နှစ်ဆယ့်ရှစ်ကြိမ်မြောက် ညစာစားပွဲမှာ
ဘ၀ဟာလည်း အကြမ်း အနု အယုအယ အစအနောက်အကြောက်အကန်
ဟန်မျိုးစုံ ပဉ္စလက်တရားမှာ ထုသားနေသား ကျနလာရပေဦးမယ်
SS.တပ်ဖွဲ့မှူး “ဂျင်နရယ် ဟင်းမလား” ကပြောတယ်
“ယုံကြည်ချက်နဲ့ လျှောက်တဲ့လူဟာ အလောင်းကောင်တွေပေါ် ခွကျော်သွားရဲရမယ်..” တဲ့
ကိုယ့်မှာတော့ ယုံကြည်တာတွေ ရှိပေမယ့်
ဘယ်အလောင်းကောင်ကိုမှ ခွကျော်မသွားချင်သလို
လဲနေတဲ့အလောင်းကောင်တွေထဲမှာလည်း ကိုယ် မပါဝင်ချင်ဘူး...

အဝေးက မျက်ခွံမို့မို့လေးရေ...
တိမ်တွေ ဘယ်ဆီ ရွေ့တယ်... ချစ်သူရှိရာ ရွေ့တယ်
မိုးတွေ ဘယ်ကို ညှို့တယ်... ဟို့.. အရှေ့ယွန်းယွန်းကို ညှို့တယ်
နက္ခတ် တာရာ ဘယ်မှာ စုံတယ်... ကိုယ့် ရင်ဘတ်မှာ စုံတယ်
လေပြေ ဘယ်နား ပွတ်သပ်သွားတယ်... ဆံနွယ်မျှင်ကြား ပွတ်သပ်သွားတယ်
သစ်ရွက် ဘယ်လို ကြွေမယ်... ချစ်သူဆိုတဲ့ တေးသွားရိပ်ခို အလိုလိုကြွေတယ်
တံခါးတွေ ဘယ်အချိန်ပိတ်မယ်... ချစ်သူပြန်လာတော့မှ ပိတ်မယ်
ဂျေဂျူဝိုင် ဘယ်တော့ အိပ်မယ်
ချစ်သူလေး .. သိပ်..မှ... အိပ်...တော့....မယ်.....လေ.......။




ကေခမ်းရဲ့ကဗျာပါ။
နည်းနည်းလေးတော့ ကိုယ့်နာမည်ယူလိုက်ပါတယ်

Monday, April 12, 2010

ဇယား

Monday, April 12, 2010 Posted by ဂျေဂျူဝိုင်
တရားကျဖို့ကောင်းလိုက်တာ
“တရားတွေကျတော့
မတရားတွေ တက်လာတာပေါ့ကွ”
နဝေတိမ်တောင် ထအော်တယ်
တရားကျနေတာကို ကျွန်တော်
ဖွတ်ထွက်လာတဲ့အထိ ကြည်ညိုခဲ့မိတယ်
တရားအေးရိပ်ဆိုပြီးတော့
အဆိပ်ဆေးတိုက်ကျွေးတာ
စားခဲ့ဖူးတယ်
ဒါကို
အရူးတွေက သဘောတူ
အပေါတွေက လေးခုမြောက်
အပြစ်ပေါ် ပစ်တင်ပေး
ပြီးတော့
သန္ဓေကန်းအတွက်
အလင်းကို လက်နဲ့ ပြသလို
ပါးစပ်နဲ့ပြောတဲ့ အမှန်တရားကို
လက်နဲ့လိုက်စမ်း
နောက်ဆုံး
“ရှင်တို့ ပျင်းနေမယ်ထင်လို့
ကျွန်မ မျောက်က ကပြတာပါ” တဲ့
ဆေးတစ်ခွက်နဲ့ ပျောက်တဲ့ရောဂါ
သိပ်ရှားတယ်။

Friday, April 2, 2010

ငိုမိတယ်

Friday, April 02, 2010 Posted by ဂျေဂျူဝိုင်
“အွန်လိုင်း” လို့ကြားလိုက်တာနဲ့
ကိုယ့်စိတ်တွေ ဖမ်းလို့ မရတော့ဘူး
တော်တော်ဝေးတဲ့အထိ
တော်တော်မြင့်တဲ့အထိ
စိတ်ကို “သတိ” လို့ဆွဲပြီး
ငြိမ်ငြိမ်နေခိုင်းလို့ မရဘူး
“ရ” ကိုမရမကဆွဲထည့်ပြီး
သတိရ
အချိန်ရှိတိုင်းသတိရ
သတိရတိုင်း
အလွမ်းတွေက အပိုင်းပိုင်းကျိုးကျတာ
အသုံးမကျတဲ့ကောင်
အလကားကောင်ဆိုတဲ့
ကိုယ့်ရင်ဘတ်ထဲအထိ

Friday, March 26, 2010

ပျော်နေတာကောင်းတယ်

Friday, March 26, 2010 Posted by ဂျေဂျူဝိုင်
ပျော်နေတာ ကောင်းတယ်
ခရမ်းချဉ်သီး၊ သရက်သီး၊ ငရုတ်သီး
သခွားသီး၊ ဖရဲသီး၊ ငှက်ပျောသီး
ပျော်နေတာ ကောင်းတယ်
ငါ ဒါမလုပ်ရင် သူတို့ငါ့ကို ကဲ့ရဲ့မှာ
ဖြစ်သွားဖို့ အဓိကပဲ ငါလုပ်ပြမယ်
ပျော်နေတာ ကောင်းတယ်
ဒီနေရာမှာ ငါ့ကိုအပြစ်တင်လာကြပြီ
သူတို့ပါးစပ်ပိတ်အောင် ဟိုနေရာနေပြမယ်
ပျော်နေတာ ကောင်းတယ်
ရာဂံ ဥပနိဿယ နဲ့
ကိုယ်ချစ်တဲ့ ယောက်ျား ကိုယ်ချစ်တဲ့မိန်းမကြောင့်
ကိုယ့်ဘ၀ကိုယ်တောင် သနားဖို့မေ့လောက်အောင်
လှေကားချပြီး အဆင်းရဲကြတယ်
ပျော်နေတာ ကောင်းတယ်
ကျွန်မက စေတနာအရင်းခံနဲ့ ပရဟိတလုပ်နေတာရှင့်
ကျွန်တော်က သိစေတော့ရယ်လို့ ဘာသာရေးတွေ ရေးနေတာ
ကျုပ်တို့တစ်ဖွဲ့လုံး လုပ်သမျှ ကိုယ်ကျိုးလုံးဝ မပါခဲ့ဘူး
ပျော်နေတာ ကောင်းတယ်
လူမရှိတဲ့ လမ်းမှာ
ပျော်ပြရတာဖြစ်ဖြစ်
ပျော်ဟန်ဆောင်ရတာဖြစ်ဖြစ်
ပျော်နေတာ ကောင်းတယ်။


ချစ်သူဖြစ်ပြီးနောက်ပိုင်း

Wednesday, March 24, 2010 Posted by ဂျေဂျူဝိုင်
ချစ်ရေ ပြန်ပြောပါဦး
“မင်းနဲ့ ချစ်သူဖြစ်ရတာ” လို့လေ
အဲဒါလေးပဲ ခဏခဏကြားချင်တယ်
ဘာတဲ့ ပင်လယ်ပြင်မှာလှိုင်းလုံးစီးရသလိုပဲတဲ့လား
ချစ်ခြင်းရဲ့ ဖြစ်ရိုးဖြစ်စဉ်ထက်
ကံစမ်းမဲ နိုက်ရသလို
ဝိုင်ကို မစို့မပို့သောက်လိုက်ရသလို
ခုပဲ အသည်းကွဲသီချင်းထဆိုရမလို
ချစ်သူတွေ ဖြစ်ရတာ
လရောင်ဖြာကျတဲ့ညလို မအေးချမ်းဘူးလား
ခြားထားတဲ့ အလွှာပါးပါးက
တဖက်မြင်မှန်ပါးလို ဖြစ်နေသလား
ပိုးသားတစ်ဖက် သံမဏိတစ်ဖက်နဲ့
အနမ်းကို ထက်ခြမ်း ခြမ်းပြီး
ခွဲစိပ်ကြည့်ရသလို ဖြစ်နေလား
စိတ်ကို ယုံကြည်မှုအပေါ် ချထားလိုက်ပါ
ချစ်သူ တစ်ယောက်တည်းအပေါ်ကိုသာ
တန်ဖိုးတွေ ကာလတွေ ဘယ်လိုပြောင်းပြောင်း
ရွှေဟာ ရွှေအဖြစ်က မပြောင်းသလို
မောင်
မပြောင်းလဲတဲ့ အချစ်နဲ့ ချစ်နေတယ်။

Tuesday, March 23, 2010

ကံကြမ္မာနဲ့ ကိုယ်တို့နဲ့

Tuesday, March 23, 2010 Posted by ဂျေဂျူဝိုင်
မနေ့က အလွမ်းအားပြင်းပြင်းနဲ့
မြှားတစ်စင်း ကိုယ့်နှလုံးသားကို စိုက်တယ်
မြှားကို ပြန်နှုတ်ဖို့ ကိုယ့်ကိုကိုယ် ပြန်ရှာတာလည်း မတွေ့ဘူး
ချစ်သူကို ခရီးမှာ လိုက်ပို့ဖို့
တစ်နေ့လုံး မအားမလပ်ခြင်းတွေက
စိတ်ကို စပ်ဖျင်းဖျင်းဖြစ်စေတယ်
ချစ်သူကို အားနာတဲ့စိတ်က
ကိုယ့်အပြစ်ကို ပိုအကာအကွယ် မဲ့စေတယ်
အချစ်နဲ့ ချစ်တတ်တဲ့ ချစ်သူကို
ကိုယ်က အချစ်တွေ ပြန်မပေးနိုင်မှာ စိုးနေရတဲ့အထဲ
အတိအကျလွဲချော်တတ်တဲ့ကိုယ့်ကို
အတိအကျ မုန်းပစ်ချင်စိတ်ပြန်ပေါ်တယ်
ကံကြမ္မာက ဒီချစ်သူနှစ်ဦးအပေါ်
နည်းနည်းလောက် ကျီစယ်ကြည့်တာလည်း ဖြစ်နိုင်တယ်
မရပါဘူးလေ
ဒီချစ်သူနှစ်ဦးရဲ့ နှလုံးသားရပ်ဝန်းက
အချစ်နဲ့ သုံးရာသီလုံး ကြည်လင်နေတာ။
ဂျေဂျူဝိုင်ရဲ့ ရင်ခုန်သံက မဆုမွန်ဖြစ်သလို
မဆုမွန်ရဲ့ ရင်ခုန်သံက ဂျေဂျူဝိုင်ဖြစ်နေတာ
ကံကြမ္မာက မသိလိုက်ဘူးနေမှာ။

Monday, March 22, 2010

ရေမဆေးကျောက်များ

Monday, March 22, 2010 Posted by ဂျေဂျူဝိုင်
စစ်ဖြစ်ခါနီး မဟုတ်ဘူး
စစ်ဖြစ်နေတာ
ကိုလိုနီတွေ ၀င်လာတာ မဟုတ်ဘူး
ဘ၀ကို ကိုလိုနီလက်ထဲ ထိုးအပ်ထားတာ
လွတ်လပ်ရေးဆိုတာ
ပိုက်ဆံအိပ်ကိုင်ပြီး ၀င်လာနိုင်သူကိုခေါ်တာ
မြန်မာဆန်ဆန်လေး
အနောက်တိုင်းဆန်ဆန်လေး
ရေဆေးငါးလေး
ဒီခန္ဓာကိုယ်ဟာ မဟာစီးပွားရေး
ဘ၀ရဲ့ ခြေတစ်ချစာတွေ
ဘ၀ရဲ့ ကျောတချစာတွေ
မျက်တောင်တဆုံးမှာ အဆုံးစီရင်တယ်
မှုန်ဝါးဝါးအလင်းကို
မီးဝင်းနေတဲ့ မျက်လုံးနဲ့
ခန္ဓာကိုယ်အစိတ်အပိုင်းကို ငါးစာချတယ်
အခန်းတံခါးပိတ်လိုက်ရင်
မီးလျှံတွေက ပိုတောက်တယ်
မသန်မစွမ်းညပါတီတွေက
ရတနာသိုက်မြေပုံအညွှန်းအောက်
မျက်တွင်းဟောက်ပက်
၁၈ နှစ်အောက် ပွင့်တဲ့ပန်းများ
အသေအပျောက်များတဲ့ အသိဉာဏ်များ
ရှုံးပြီးသား အသင်းထဲ
ပင်နယ်တီများစွာကို စောင့်နေတယ်
တစ်ပတ်တစ်ခါ UNDP မှာ ဆေးစစ်လို့
Positive ဖြစ်ကြောင်း မဖြစ်ဖို့
ဗုံးခိုကျင်းဟောင်းထဲ ၀င်ပုန်းရတဲ့
ဒုက္ခကလည်း စစ်ပွဲပဲ
ထွန်းထားတဲ့ ဖယောင်းတိုင်မီးကုန်တော့
ခွေတွေအူတာ နာနာကျင်ကျင်
ထမင်းဝိုင်းဆိုတာ လမ်းမှား
အ၀တ်အစားဆိုတာ လမ်းမှား
နေဖို့ထိုင်ဖို့ဆိုတာ လမ်းမှား
အမှားအတွက်နောင်တဆိုတာ လမ်းမှား။

Friday, March 19, 2010

အရင်ကထက်ပို

Friday, March 19, 2010 Posted by ဂျေဂျူဝိုင်
အရင်လို ချစ်သေးရဲ့လား
အဲလို မေးတတ်တဲ့နှုတ်ခမ်း
အနမ်းတစ်ရာနဲ့ ဒဏ်ခတ်ချင်တယ်
အရင်လို မချစ်တော့ဘူး မထင်လိုက်နဲ့
ကောင်းကင်ကြီး မပြောဘဲနေလိမ့်မယ်
ချစ်တယ် အရိုးခံချစ်တယ်
ချစ်သူအကြောင်းတွေးနေတဲ့အခါ
အနာဂတ်ကို အလင်းနဲ့မြင်ရတယ်
ကောက်သင်းရနံ့တွေလည်းမွှေးလို့
လေပြေညှင်းလည်းသာလို့
တလောကလုံးပန်းခင်းလို လှလို့ပေါ့ချစ်ရယ်
အဲချိန်မှာ
အရင်လို မချစ်တော့ဘူးလာဟင်ဆိုတော့
ရင်ထဲကပူလောင်
အားလုံးမှောင်ကျသွားတယ်
ချစ်တယ် အရင်ကထက် ပိုပိုချစ်တယ်
ချစ်သူက မချစ်တော့ဘူးဆိုလည်းချစ်တယ်
ချစ်သူက ချစ်နေတယ်ဆိုလည်းချစ်တယ်
တစ်ရက်ကို ဆတိုးနှုန်းတစ်ထောင်နဲ့
အရင်ကထက် ပိုပိုချစ်တယ်

Tuesday, March 16, 2010

သစ္စာ

Tuesday, March 16, 2010 Posted by ဂျေဂျူဝိုင်
တကယ်ချစ်တာကော ဟုတ်ရဲ့လား
မေးတတ်လိုက်တာ
တည့်တည့်ရောက်လာတဲ့သူကို
ဘယ်သွားမလဲလို့
အမေးခံလိုက်ရသလိုပဲ
အချစ်ကြောင့်
ဘာကိုမှ ဂရုမထားဘဲ
ဒူးထောက်ထားချိန်မှာ
ဘာလုပ်နေတာလဲလို့
အမေးခံလိုက်ရသလိုပဲ
မောင့်အချစ်က
ကန်ရေပြင်ထဲ ခဲပစ်ချလိုက်သလို
“ပလုံ” လို့ မြည်ရုံလေးမဟုတ်ဘူး
ဟောဒီ စင်္ကြာဝဠာထဲ
ကမ္ဘာကြီးတည်နေသလို ချစ်တာ
မငိုနဲ့ ၀မ်းလည်းမနည်းနဲ့
ဒီအချစ်လှောင်ချိုင့်ထဲကနေ
မောင် ဘယ်ကိုမှ ထွက်မပြေးဘူး။

Sunday, March 14, 2010

ချမ်းသာကိုယ်စိတ် မြဲစေသောဝ်

Sunday, March 14, 2010 Posted by ဂျေဂျူဝိုင်
ပြဿနာပဲ
ငါ မသိတဲ့ငါ့ကို
မျက်နှာဘယ်လိုရှိလဲ
ဆံပင်ပုံစံဘယ်လိုထားလဲ
ဘယ်လိုဝတ်စားလဲ
ခြေသည်းလက်သည်းပုံမှန်ညှပ်ရဲ့လား
ငါစိတ်မ၀င်စားဖူးတဲ့ငါ့ကို
လာလာမေးကြတယ်
ငါနဲ့ပတ်သက်ရင် ဘာသိကြလဲ
နည်းနည်းလောက် လက်တို့ကြည့်တယ်
သိ မသိကို မသိက မသိ
သိ မသိကို သိက သိ
စတဲ့ ဂါထာတွေမန်းမှုတ်ကြတယ်
ဒီလိုနဲ့ ကိုယ့်အတ္တကို ထိပါးမှာစိုး
ကိုယ့်မာနကို တိုက်စားမှာစိုး
တိမ်အသင့်အတင့်ဖြစ်ထွန်းရုံနဲ့
မလိုအပ်တဲ့မိုးတွေ မလိုအပ်ပဲရွာတယ်
ဘာမြူဒါအကြောင်း သိရင် ...“သြော်”...
အမေဇုံတောလျှို့ဝှက်ချက်သိရင် ...“သြော်”...
လူမရောက်တဲ့ပင်လယ်အောက်အကြောင်းသိရင် ...“သြော်”...
အမေရိကန်က စစ်ကြေငြာရင် ...“သြော်”...
ဘင်လာဒင်ကို ဖမ်းမိရင် ...“သြော်”...
...“သြော်”... ဘာများလဲလို့
အဲဒီအထူးအဆန်းကို
ငါက အထူးအဆန်းမှတ်နေတာဆိုပြီး
...“သြော်”... ဘာမှလည်းဟုတ်ဘူး တဲ့
ကိုယ့်ကိုများ
အပ်ဖျားတစ်ထောက်စာ လာစော်ကားရင်
နှမ်းတစ်စေ့စာ အပေါ်ရောက်သွားရင်
“ဘာကွ”
ဘယ်မလဲ ဓား ဘယ်မလဲစကား
သဲကိုးဖြာလား မန်ကျည်းကိုးပင်လား
ကုန်းချောရမလား သွေးထိုးရမလား
ဒီလို
ငါ့ရဲ့ ဝေသာလီပုဏ္ဏားလေးတွေ
နှစ်နှစ်လီလေး လေးနှစ်လီရှစ်
ရှစ်နှစ်လီဆယ့်ခြောက်နဲ့
အဆိပ်များများသောက်ထားကြ
သူတို့ကို
ဒီအရပ်က တောင်၊ ဒီအရပ်ကမြောက်လို့
အိမ်မြှောင်ထောက်ပြလို့တော့
အော် ဒီအရူးနှယ်
မိုးကြိုးကို ထန်းလက်နဲ့ကာတယ်လို့ ပြောမယ်
ကဲ ငါ့ကိုယ်ငါ စိတ်ဝင်စားစား မစားစား
ခုချိန်ကစပြီး
ဇာတိခေတ်ပြိုင်ကွင်းမှာ
စကားတွေ ဓားတွေအစား
ယောနိသော မနသိကာရကို စိတ်ဝင်စားမယ်
လက်ရှိအနေအထားကိုပြောရရင်
လောလောဆယ်ပို့နေတဲ့ မေတ္တာတော့ခါးတယ်
အမှန်တရားတွေ ပါဝင်လို့။


15.3.2010 10:10 AM

အလွမ်းမိတဲ့ရင်

Sunday, March 14, 2010 Posted by ဂျေဂျူဝိုင်
ကိုယ့်ခံစားချက်ကိုယ် ဖြန့်ခင်းကြည့်တာပါ
ဘယ်နေရာ,ဘယ်အရပ်မှာ ငါရောက်နေနေ
အလွမ်းတွေတစ်ထပ်ပြီးတစ်ထပ်နဲ့
ရင်ဘတ်ဟာ အားနွဲ့လွန်းတယ်။

ပြန်ပြန်တွေးစရာမလိုလောက်အောင်
အစဉ်အမြဲရှိနေတဲ့အရိပ်ယောင်ပေါင်းများစွာ
ငါ့ရင်မှာ ဝေ့၀ဲလွန်းတယ်။

ဘယ်လိုဘယ်ပုံစံနဲ့ သူပွင့်ခဲ့တဲ့ပန်းတွေဖြစ်ပါစေ
ယုံကြည်မြတ်နိုးစွာနမ်းရှိုက်မိတဲ့ငါမို့
တစိမ့်စိမ့်တွေးနေ,ဆွေးနေရမှာပါပဲ။

မျက်ရည်မြစ်ကျိုးမှာစိုးလို့
ရယ်မောစရာတစ်ချို့တစ်ဝက်နဲ့ကာရန်ခဲ့ပေမယ့်
တစ်သွင်သွင်လျှံတက်စီးမျောရပေါင်းများပြီ။

ဘယ်လိုမှမနီးနိုင်မယ့်အဝေးကကောင်းကင်
တစ်မျှော်တစ်ခေါ်ငေးကြည့်ပျော်မောနေရုံကလွဲလို့
လေမဝှေ့အောင်ပဲဆုတောင်းနေရတယ်။

အချစ်ဆိုတာ...
တစ်ချို့အတွက် ဖြတ်သွားဖြတ်လာ
တစ်ချို့အတွက် ရင်ကွဲနာ
အသေအချာအဓိပ္ပါယ်ကွဲတယ်။

အားလုံးကိုနားလည်ထားပါတယ်
ဒီနေရာမှာနက်ရှိုင်းလွန်းတဲ့မြစ်ဟာ
ဟိုနေရာမှာ ပေါ့ပေါ့ပါးပါးလေးစီးတယ်။

ထွန်းလင်းသစ်(ကန့်ဘလူ)
သူငယ်ချင်းရဲ့ကဗျာပါ။ ကြိုက်လို့ပါ။

Monday, March 8, 2010

အွန်လိုင်းအချစ်

Monday, March 08, 2010 Posted by ဂျေဂျူဝိုင်
ကီးဘုတ်လေးတွေဟာ
မရပ်မနား သွားလာနေကြတယ်
မမှီမကမ်းဖြစ်ကြတာ ရှိတယ်
အနမ်းအကြောင်း ပြောကြတဲ့အခါ ရှိတယ်
မျက်မှောင်ကုတ်တဲ့အခါရှိတယ်
ပြုံးနေတဲ့အခါ ရှိတယ်
ပျော်မဆုံးမော်မဆုံးတဲ့အခါ ရှိတယ်
ငေးရီသွားရတဲ့ အခါရှိတယ်
ကဏ္ဋကောစ လုပ်မိတာ ရှိတယ်
စိတ်ပျက်လက်ပျက်ထိုင်ကြည့် နေမိတဲ့အခါ ရှိတယ်
စိတ်ရှိလက်ရှိ ချက်နေမိတဲ့အခါ ရှိတယ်
သက်ပြင်းမော ချရတဲ့အခါရှိတယ်
အေးစက်သွားတဲ့အခါ ရှိတယ်
အားပါးတရ ပြုံးတဲ့အခါ ရှိတယ်
ဘေးကျပ်နံကျပ် ဖြေရတာ ရှိတယ်
ရင်ထဲ ထိသွားတဲ့ စကားတွေ ရှိတယ်
မော်နီတာထဲ ခေါင်းစိုက်လုလုအခါ ရှိတယ်
“ဖြစ်ရမယ် ဖြစ်ရမယ်” လို့ စကားကို
အတူတူ ပြောမိတဲ့အခါ ရှိတယ်
ကတိတွေ ပေးကြတဲ့အခါ ရှိတယ်
သစ္စာတွေ ဆိုမိတဲ့အခါ ရှိတယ်
အဲဒီလို အသွယ်သွယ်သော
ကျွန်တော်နဲ့ သူမရဲ့ သိမှုနယ်ပယ်ထဲမှာ
အချစ်ဟာ အမြဲ စင်ကြယ်နေတယ်။

Saturday, March 6, 2010

ကုရာမဲ့ဝေဒနာ

Saturday, March 06, 2010 Posted by ဂျေဂျူဝိုင်
(၁)
အခ်စ္ဟာ
သမားတော်လည်းဖြစ်တယ်
(၂)
အချစ်ဟာ
ဆေးတစ်ပါးလည်းဖြစ်တယ်
(၃)
အချစ်ဟာ
ဝေဒနာလည်းဖြစ်တယ်
(၄)
ဒါပေမယ့်
အချစ်သမားတော်ဟာ
အချစ်ဆေးရဲ့
အချစ်ဝေဒနာသည်ကို
ဘယ်တော့မှ ပျောက်အောင်
ကုသမပေနိုင်ရှာဘူး။


ဒေါင်းနွယ်ဆွေရဲ့ ကဗျာကို တင်ပေးလိုက်ပါတယ်။

အချစ်ကားလေး

Saturday, March 06, 2010 Posted by ဂျေဂျူဝိုင်
နှလုံးသားပေါ် အနမ်းတွေ အပြည့်အသိပ်
ကျူးပစ်နတ်နန်းကို ဦးသုံးကြိမ်တိုက်ပြီး
အကြင်နာတွေနဲ့ မောင်းခဲ့တယ်
အလွမ်းကင်းသော မုန်းခြင်းမရှိသော
တွေ့ဆုံကြုံကွဲ ဖြစ်မြဲဓမ္မတာ
ကင်းရာ လွတ်ရာ ချစ်သူ ရင်ခွင်ဆီသို့။

Wednesday, March 3, 2010

ကောင်းကင်နေလနက္ခတ် စုံတဲ့နေ့

Wednesday, March 03, 2010 Posted by ဂျေဂျူဝိုင်
တိမ်တွေ လွတ်ရာ ကင်းရာ စီးမျောသွား
အဆုံးမှာ အစမှာ အလယ်အလတ်မှာ
ကြယ်တစ်ချို့ကို မာယာနဲ့လာမျှားပြီး
လကို သမ္မာကျမ်းစာတွေနဲ့ လာစားတယ်
ခဏတော့
လောကဟာ အိုင်စတိုင်းဆံပင်ပုံစံနဲ့
လေပြေတွေမှာ ၀င်ရောက်ဖြားယောင်းတယ်
မျှော်မြင်သိပညာရှင်တွေ ဆင်ခြင်သိပညာရှင်တွေ
လမ်းမပေါ် သူတို့ပညာကို ချပြတယ်
အင်္ကျီသစ်ကိုဝတ်ပြီး ဖုန်ခါတယ်
အ၀တ်အစုတ်တွေနဲ့ ဘ၀ကို ဖုန်လာသုတ်ပေးတယ်
ရောင်ပြန်ဟပ်မှုတွေက များလွန်းလေတော့
ကောင်းကင်ဟာ သူ့ကိုသူ ပြာဖို့မေ့သွားတယ်
အခိုက်အတန့်လေးပါပဲ
တစ်ဝက်တိတိမှာ ရပ်နေရာကနေ
ပန်းတွေ ဆက်လက်ပွင့်တယ်
ဆက်လက်ဆက်လက်ပွင့်တယ်
လေပြေဟာ လန်းဆန်းလာတယ်
ပန်းရနံ့တွေဟာ လန်းဆန်းလာတယ်
သိမ်သိမ်မွေ့မွေ့နူးနူးညံ့ညံ့လန်းဆန်းလာတယ်
ကြည်လင်မှုတွေဟာ တဖြည်းဖြည်းတောက်ပလာတယ်
လူနှစ်ယောက်ရဲ့ နှလုံးသွေးထဲ
ပွင့်နေသော ပန်းများ
မွှေးပျံ့နေသော ရနံ့များ
ကြည်လင်နေသော အလင်းများ
ဖြည်းဖြည်းချင်းစီ ဖြည်းဖြည်းချင်းစီ
ကျေးဇူးတော်များနှင့်အတူ
လက်ချင်းချိတ်ပြီး ၀င်လာကြတယ်
အဖိုးအန ဂ္ဃထိုက်တဲ့
ရယ်သံလေးတွေ ကြည်နူးသံလေးတွေ
ကောင်းကင်ရဲ့ကျောကုန်းမှာ မျက်နှာလေးအပ်ပြီးခိုစီး
ကမ္ဘာကြီးတစ်ခုလုံး အနမ်းနဲ့လင်းဖြာသွားတယ်။


(၁၃) ကြိမ်မြောက်သို့ ဂုဏ်ပြုခြင်း

Friday, February 26, 2010 Posted by ဂျေဂျူဝိုင်
မင်းအရင်သွားနှင့်လို့ မပြောဘူး
ငါ အရင်သွားနှင့်မယ်လို့ မတွတ်တိုးဘူး
မင်း နင် ငါ ခင်ဗျား တူတူညီညီသွားခဲ့တာ
စက္ကန့်တွေ စက္ကန့်တွေ
လက်နက်လို ခြိမ်းခြောက်စရာဆိုလို့
သူ့မှာ “ဒက်” ခနဲ “ဒက်” ခနဲ ခပ်တိုးတိုးမြည်သံပဲရှိ
ကြည့်စမ်း သေဆုံးသွားတဲ့ သက္ကရာဇ်တွေ
တွက်ကြည့်လိုက်တော့ (၁၃) နှစ်တောင်မှ
သူ့တတတ် ငါတအားနဲ့
ကြိုးစားထိန်းသိမ်းနိုင်ခဲ့ကြ
ငါတို့ “ပအိုဝ်းအမျိုးသားပွဲတော်”
အရှင်ရာဇိန္ဒဆိုတဲ့ ရဟန်းတော်က စခဲ့တယ်
သူလည်း သူ့ရဲ့ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်က
လူသံ သူသံကြားထဲ ကျကျန်နေတဲ့
ပွဲတော်နေ့ကို အသက်ဆက်ခဲ့တာ
ခုဆို
မြန်ပြည်တစ်ဝှမ်းက ပအိုဝ်းအချင်းချင်းသွေးနီး
တစည်းတလုံးတည်းဆိုတဲ့အကြောင်း
မောင်းခတ်နိုင်ပြီ


(၁၃) ကြိမ်မြောက် မန္တလေးပအိုဝ်းအမျိုးသားပွဲတော်သို့ ဂုဏ်ပြုကဗျာ


အ၀ိဇ္ဇာကြယ်တစ်ပွင့်

Thursday, February 25, 2010 Posted by ဂျေဂျူဝိုင်
ဆြဲထားတဲ့ အစီအစဥ္မွာ
မနက်ဖြန်ပါတယ် သဘက်ခါပါတယ်
မရောက်တဲ့လမ်းကို လျှောက်ကြပေမယ့်
မြင်ရာမြင်ရာ ကောက်ရိုးမျှင်လို့ ထင်ကြတယ်
ကိုယ်ပိုင်ဆိုင်သမျှတွေကို ရုပ်သိမ်းပြီးနောက်
ပြန့်ကျဲသွားတဲ့စိတ်ကို ကောက်လို့မရတော့ဘူး
လျှော်ချည်လို နေထိုင်ကြတဲ့လူတွေကို
အလိမ်မခံကြပါရစေနဲ့လို့ ဆုတောင်းပေးလည်း အပိုပဲ
အလိမ်ခံရတဲ့အတွက် ရင်နာပေးမိလည်း အပိုပဲ
သယံဇာတတွေ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံမှာ
သာသနာကိုလည်း သယံဇာတအဖြစ်
အသုံးပြုကြတာ ဆန်းတော့မဆန်းဘူးပေါ့လေ
ဆန်းနေတာက ငါ
အ၀ိဇ္ဇာကြယ်တစ်ပွင့်လို့ ကြေငြာပြီးခါမှ
ပုထုဇ္ဇန ဥမ္မတက တွေကြားထဲ
ရူးနည်း ရူးဟန်တွေမှားနေကြောင်း
ဖွင့်ပြောမိရတယ်လို့လေ
စာတစ်ကြောင်းအတွက် အသက်ထွက်မတတ်
ကြောက်နေတဲ့ သူငယ်ချင်းကိုလည်း
စိတ်တိုမိပြန်သေးသတဲ့
သေသပ်လှပသော အမှားများ
ရေလိုအေးပြီး ပန်းလိုမွှေးသော မာယာများ
ဆိုးဆေးအထပ်ထပ် ဆိုးထားသော သာဌေယျများ
ဖြောင့်တန်းနေသော ၀င်္ကပါလမ်းများ
လူမိုက်တို့သည် အကျိုးမပေးသေးသမျှ
ဟူသော ဘုရားဟော အဆုံးအမများ
လူသားတို့အား အထပ်ထပ်ပိတ်ဖုံးတဲ့ မောဟများ
ကျွန်တော်နဲ့ ခပ်လှမ်းလှမ်းက သစ္စာ
ပို၍ ပို၍ ဝေးရာသို့သာ သွားခဲ့လေသောကြောင့်
အ၀ိဇ္ဇာကြယ်တစ်ပွင့်ဟု ကြေငြာထားသလို
ကိုယ့်ကိုယ်ကို ပိုမှန်အောင် နေထိုင်ပါတော့မည်
မသိသင့်သောအရာများကို မသိချင်တော့
သိသင့်သောအရာများကိုလည်း မသိချင်တော့။

ဒီကဗျာကို www.jjqqyy.com မှာတင်မလို့ပါ။ ဒါပေမယ့် အဆင်မပြေလို့ ဒီမှာပဲ တင်လိုက်ပါတယ်။


နတ်ဆိုးရဲ့ဝိုင်

Tuesday, February 23, 2010 Posted by ဂျေဂျူဝိုင်
ခေါင်းစီးက ခေါင်းကြီးသတင်းပဲ
ဂျေဂျူဝိုင်ဘာလဲဘယ်လဲ
ငယ်ကျိုးငယ်နာတွေ ဖော်ပြရမလား
မစားရ၀ခမန်းတွေ ရေးပြရမလား
အဓိပ္ပါယ်မဟုတ်တာတွေကို
အဓိပ္ပါယ်လုပ်ပေးရမလား
ထင်ယောင်ထင်မှားတွေကို
မြင်ယောင်မြင်မှားဖြစ်အောင် ပြင်ပေးရမလား
ပွင့်ပွင့်လင်းလင်း လျို့ဝှက်တာနဲ့
လျို့လျို့ဝှက်ဝှက်ပွင့်လင်းမှုမှာ
တစ်နှင့်တစ်ပေါင်းသလို နှစ်ရမလား
စပျစ်ဝိုင်အကြောင်း
မက်မန်းဝိုင်အကြောင်း
ဂျေဂျူဝိုင်အကြောင်း
ချိုတယ်လို့ဆိုကြပေမယ့်
တကယ်တော့ ခါးတယ်
ထုံးစံအတိုင်း ခင်ဗျားတို့
နည်းနည်းလေးဆိုပြီးတော့
အလကားရတာနဲ့ မြည်းကြည့်တာကိုက
မှားတာပဲ။


သော့ပေးထားသော နှင်းဆီ

Monday, February 22, 2010 Posted by ဂျေဂျူဝိုင်
လွန်ခဲ့သောနှစ် သစ်ပင်များဆီက
ညစ်ထေးတဲ့ ကျွန်တော်ရနံ့
ကမ္ဘာကြီး ပျို့အန်လောက်ရဲ့
လူသားတွေရဲ့
ဆူညံတဲ့ အရေခွံပါးပါး
ကျွန်တော် စိတ်ဝင်စားဆဲပေါ့

တစ်လဆိုတဲ့ အလေးချိန်
အချစ်စိတ် ပြဒါးတိုင်
မုသားရည်ချိန်သီး
အလွမ်းသိပ်သည်းဆနဲ့ ငါ
ဝါယာကြိုးများ တွန့်လိမ်လျက်
ယူရေနီယံလို
နာမ်ဓာတ်မဲ့ကင်း
တင်းရင်းတဲ့ မျက်နှာပေါ်မှာ
အနာဂတ်ဟာ ကိုယ်ဖော့ဆဲ

ဟုတ်ကဲ့
နှင်း မသဲမီ
မျဉ်းတစ်ကြောင်းဆက်ဆွဲ
လက်ထဲက သန့်ရှင်းမှု
ခုခံမှုများ ပူနွေးလျက်

ညနေခင်းတေးများနဲ့
ဆွေးမြေ့ဖွယ် နံရံပေါ်
အတောင်ပံမဲ့ ပျံသန်းခြင်းများ
ပျားရည်မြစ်ကို တူးဆွဲဆဲ

မျက်ရည်စက်ဆိုတာ
အသက်နဲ့ လက်ထပ်ထားတဲ့
ဒုတိယ မယားတဲ့
တခါးပေါက်ကို တွန်းဝင်လာတယ်
ဒါသဘာဝပဲ
အေးခဲတဲ့ ဓာတ်ပြားပေါ်မှာ
အမှတ်အသားတစ်ခုထိ
မှားယွင်းမှု ရှိခဲ့ပြီဆိုတာ

ရေချိုးပြီးရင်
ဝိညာဉ်ကလည်း ရှင်းစွာနဲ့
အင်္ကျီရဲရဲ ဆွဲဆန့်ပါ
သွေးသားများ အသစ်လဲ
အထဲက ခွေးသွားစိတ်
ခလုတ်အသစ် ပြန်နှိပ်ပေါ့

ကကြမ္မာရထားဟာ
ငါးမိနစ်နောက်ကျပြီးမှ
တံတားကို ကျော်လာတယ်
မင်္ဂလာပါ
နာရီများခင်ဗျာ
ခင်ဗျားတို့အတွက်
ဝိုင်တစ်ခွက်
ကောင်းကင်ရနံ့ထွက်ဆဲပါ။


“မြေချစ်သူ”ရဲ့ ကဗျာပါ။ အစပိုင်း သက္ကရာဇ်နေရာမှာ အနည်းငယ် ပြောင်းလဲပြီး တင်လိုက်ပါတယ်။ ကျွန်တော့်ရဲ့ like poem လေဘယ်နဲ့ပေါ့။


လူတစ်ယောက်ပျောက်ဆုံးခြင်း

Sunday, February 21, 2010 Posted by ဂျေဂျူဝိုင်
Click ဆိုတာလေးကို
အဘိဓာန်အဖွင့်က “ကလစ်” ဟူသောမြည်သံ
ကျွန်တော့်ရဲ့အဖွင့်က ညည်းငွေ့ဖွယ်ဖျောက်တဲ့အသံ
အခု
Click ဆိုတဲ့အသံကို နှလုံးသားအဖွင့်က
“မဆုမွန်” တဲ့
ကလူကလူဆိုတဲ့ အမှတ်တရလေးကနေ
စံပယ်တွေလည်းမွှေးခဲ့တယ်
ချယ်ရီတွေလည်း စွေးခဲ့တယ်
နှလုံးသားရဲ့အနီးစပ်ဆုံးနေရာကနေ
အရိုးသားဆုံး ယုံကြည်မှုစီးဆင်းရာအထိ
ကျေးဇူးတရား ဥယျာဉ်တော်လေးဆောက်ပြီး
အချိုမြိန်ဆုံး ချစ်ခဲ့ကြတယ်
ပတ်ဝန်းကျင်က ချပြခဲ့တဲ့ ကဲ့ရဲ့စရာရယ်
လူတွေ တမင်ရှာဖွေခဲ့ကြတဲ့ ဝေဖန်မှုရယ်ကြား
ကျွန်တော့်ချစ်သူလေးဟာ
ကျားမလေးအလား အချစ်ကို စစ်လိုကြေငြာချစ်ခဲ့တယ်
အဲတုန်းကများလေ
နှလုံးသားရဲ့ အသိနဲ့ ချစ်တတ်တဲ့ကောင်မလေးဆိုပြီးတော့
မိုးကုတ်စက်ဝိုင်းကြီးတုန်ပြီးဖျားသွားသလားထင်ရတယ်
ချစ်သူရယ် မောင်လေ
ကိုယ့်ကိုယ်ကို ဂျေဂျူဝိုင်လို့မေ့သွားပြီး
မဆုမွန်အပိုင်သိမ်းထားတဲ့လူအဖြစ် နေထိုင်တော့တယ်။