Tuesday, June 22, 2010

ပစ္စုပ္ပန်ဟာ ထွက်ပြေးသွားတဲ့ချစ်သူ

Tuesday, June 22, 2010 Posted by ဂျေဂျူဝိုင်
ကုသိုလ်၊ ပညာ၊ ဥစ္စာ

ဒါက တစ်နေ့ တစ်ခုခုရအောင်ယူရမယ့် အရာသုံးခု

ဒါန=ကိုယ့်အတွက် စားစရာတောင်မရှိ

သီလ= လောလောဆယ် အရက်မူး

ဘာဝနာ = ကုသိုလ်တစ်ခါမှ မပြုဖူး

ထို့ကြောင့် ကုသိုလ်မရနိုင် ပယ်။

ပညာ = သင်တန်းကြေးမရှိ

ဥစ္စာ = အရင်းအနှီးမရှိ

ထို့ကြောင့် ပညာနှင့် ဥစ္စာကိုလည်းပယ်

ပယ်ရလွန်းလို့ ကိုယ်က အပါယ်ဘုံသား

လူလား နွားလား အိပ်စားကာမတူ

တူပေမယ့် ပေမရှိ သံမရှိ

မရှိတာလည်း ရှိမရှိ မသေချာ

သေချာအောင် သံသယကို ဖယ်လိုက်တော့

အဖယ်ခံလိုက်ရတဲ့ သံသယတွေက

သူ င့ါသတ်မလား၊ ငါ သူ့သတ်မလား

ဘေးဘယတွေနီးလာပြီလို့ခံစား

ဘာမှ မဖြစ်သလို ဟန်ထား

ကမ္ဘာ့ဖလားဘောလုံးပွဲကြည့်

ကြည့်ရင်း

ဒီတစ်သက် ဒီတစ်ကိုယ်

ကိုယ့်အသင်းကိုယ် ပြန်အားပေးရပါဦးမလား။

Thursday, June 17, 2010

တစေ့တစောင်း

Thursday, June 17, 2010 Posted by ဂျေဂျူဝိုင်
ငါရောက်နေတဲ့နေရာဆိုတာ မရှိဘူး

ငါသွားမယ့်နေရာဆိုတာ မရှိဘူး

လောကဓံက ရှစ်ပါးဆိုရင်

ငါ့အတွက် ရှစ်ပါးလုံး `ဒုက္ခ´ ပဲ

အချိန်ဟာအရေးကြီးတယ်၊ အဖိုးတန်ပဲ၊ ရွှေပဲ

ဒီစကားကို ငါပြောခွင့်ရရင်

ကမ္ဘာကြီးအခု မီးထလောင်မယ်

ဘာဖြစ်ချင်လဲဆိုတဲ့ မေးခွန်းအတွက်

ငါ့မှာအဖြေရှိခဲ့ရင်

အခု တတိယကမ္ဘာစစ်ထဖြစ်မယ်

ဒီတိုင်းသာဆိုရင်

အာရုံခြောက်ပါးမှာ စိတ်တွေ အနာဖြစ်ပြီး

အတောမသတ်ငါရူးတော့မယ်

ပူလွန်းလို့နှုတ်ခမ်းနဲ့မထိအောင်သောက်ရတဲ့

အရက်တွေ အစာမရှိတဲ့အူကို ဘယ်လောက်လောင်စေမလဲ

ပြောနေကျစကားနဲ့ အူကို ပြောလိုက်တယ်

`မြန်မြန်သေလည်း အေးတာပဲ

`မင်းကို ထမင်းမှ ၀အောင် မကျွေးနိုင်တာ´

မသေရုံတမယ် ငါ့ကို ထမင်းကျွေးထားတဲ့မြို့

ကျောချစရာကို အမြဲဖွက်ထားတယ်

ကိုယ့်ကိုကိုယ်လေးစားစရာမရှိတဲ့ လူအန္ဓအတွက်

တာဝန်ကျေပွန်တတ်တဲ့ ကံကပေးအပ်ခဲ့တာကို

ဘယ်မျက်လုံးနဲ့ ငိုပြီးတိုင်တည်တိုင်တည်

တမာပင်အောက်က ကြက်ဟင်းခါး

ဘယ်တော့မှ ချိုမှာ မဟုတ်သလို။

တစ်စက္ကန့်

Thursday, June 17, 2010 Posted by ဂျေဂျူဝိုင်


ဘာမှဖီးလိမ်းပြင်ဆင်မထားတဲ့

ရွက်ကြမ်းရေကြိုအပျိုစင်ညတစ်ခုမှာ
မြို့ကြီးတစ်မြို့ရဲ့ တိုက်ခန်းတစ်ခုထဲက
ပြတင်းပေါက်လေးမှာ မေးထောက်ပြီး
ငေးနေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ မြင်ကွင်းတည့်တည့်
မျက်ခွံကို သာမန်လေး ပင့်တင်လိုက်ချိန်
မထင်မရှား ကြယ်လေးတစ်ပွင့် ခိုးကြွေတယ်
ချက်ချင်း
ချက်ချင်းထက်မြန်တဲ့ ချက်ချင်း
အဲဒီထက်ပိုမြန်တဲ့ ချက်ချင်း
ကြယ်တစ်ပွင့် ကြွေချိန်အတွင်း
ရစရာတွေမရနိုင်တဲ့ ဘဝ
ဖြစ်ချင်တာတွေ မဖြစ်နိုင်တဲ့ဘဝ
မသင်ယူလို့ မတတ်မြောက်ခဲ့တာ မဟုတ်
အခြေခံသဘောတရားကိုတောင်နားမလည်နိုင်တဲ့ဘဝ
မကျေနပ်တာတွေကို ရယ်ပြပေးနေရတဲ့ ဘဝ
မရှိဖူးတဲ့ ချစ်သူ အထားခံခဲ့ရသလို ညရဲ့
လွမ်းချင်တာကို မလွမ်းရတဲ့ ဘ၀ထဲက
ဖောင်ဖျက်ရအောင်လည်း ကမ်းမကပ်နိုင်
တိုက်ပွဲဆိုပြန်တော့လည်း ဘာအတွက်မှန်း
ဘယ်သူ့အတွက်မှန်း ဘာကြောင့်မှန်း
လမ်းတွေရှိပေမယ့် သွားလို့မရ
အချိန်က လုံ့လစိုက် လုံ့လစိုက်
အချိန်က အရေးကြီး အရေးကြီး
အမြင့်က တွန်းချမယ် တွန်းချမယ်
အနိမ့်က ဆွဲချမယ် ဆွဲချမယ်နဲ့
ရပ်ထားတဲ့ ခြေတစ်ဖ၀ါးစာမှာ
ဟန်ချက်က ဘ၀ကို ညှိမပေးနိုင်ဘူး
ဖြတ်သန်းခဲ့ရတဲ့ နေ့တွေညတွေက
ရေမရတဲ့ တောင်စဉ်
ရေခမ်းခြောက်တဲ့ အင်းအိုင်
အချစ်၊ အောင်မြင်မှု၊ ပျော်ရွှင်မှုဆိုတာ
ကြားဖူးနားဝ ပုံတိုပတ်စ
မတိုက်ခိုက်ပဲ သိမ်းပိုက်ခွင့် ရတာကလည်း
ဝမ်းနည်းမှု၊ အားငယ်မှု၊ အထီးကျန်ဆန်မှု
ရသင့်တာလေးကို ရှာခဲ့လည်း မရ
ဖြစ်သင့်တာလေးကို လုပ်ခဲ့လည်း မဖြစ်
ဒါကပဲ အနိစ္စလား
ဒါကပဲ ဒုက္ခလား
ဒါကပဲ အနတ္တလား
ဘ၀ပေးကုသိုလ် အဖြစ် ယူလိုက်မယ်
တရားဒေသနာအဖြစ်မှတ်လိုက်တယ်
ချက်ချင်း
ကောင်မလေး ပြတင်းပေါက်က ခွါခဲ့တယ်။



ချစ်စွာသော ညီမလေးငယ်နန့်စန္ဒာထွန်းသို့ အမှတ်တရ ရေးပေးပါတယ်

Sunday, June 6, 2010

စနေနေ့ညနေ ခြောက်နာရီ

Sunday, June 06, 2010 Posted by ဂျေဂျူဝိုင်

ဘယ်ကမှန်း မသိတဲ့လူတွေနဲ့
ဘယ်ကမှန်းမသိတဲ့လမ်းဆီကနေ
အပြုံးတွေ ကိုယ်စီယူလာပြီး
ကြည်နူးမှုတွေ စီရရီကို
စနေနေ့ညနေ ခြောက်နာရီမှာ ဖျန်းပက်လိုက်တယ်
ဘယ်တော့မှ ညိုးနွမ်းမသွားဘူး။

ဘယ်တော့မှ မကုန်ဆုံးနိုင်တဲ့ ကုသိုလ်ကို
ဘယ်တော့မှ မပျက်နိုင်တဲ့ ညီညွတ်မှုတွေနဲ့
မောင်ရင်း နှမရင်းလို သူငယ်ချင်းတစ်စု
ခင်မင်မှုကို သံမဏိလိုချိတ်ဆက် ဆက်ရင်း
တံမျက်စည်းကို တစ်ချက်ချင်းခတ်တယ်။

ရင်ပြင်တော်တစ်ခုလုံး သန့်ရှင်းသွားသလို
သူငယ်ချင်းတွေရဲ့ ရင်တွေ သန့်ရှင်း
ညနေခင်းတစ်ခုလုံး ပီတိတွေ လင်းဖြာတယ်
အကုသိုလ်တွေလည်း ကင်းကွာတယ်။

`စနေနေ့ ညနေကို မျှော်ရတာ အမောပဲ´
သူငယ်ချင်းတွေ ဒီလို ပြောဖြစ်တယ်
ဘယ်တော့မှ မေ့မရတဲ့ညနေတွေ
ဘယ်တော့မှ ပြောလို့ပြီးမှာမဟုတ်တဲ့ ညနေတွေ
လူ နတ်ချစ်တဲ့ ညနေတွေ
သံသရာကို တိုတောင်းစေခဲ့တယ်။

ဓာတ်ပုံများကို ဤနေရာ တွင်တင်ထားပါသည်