Friday, January 28, 2011

တစ်နေ့နေ့ရဲ့ မနက်ဖန်

ဘယ်သူကများ
"အချစ်"ဆိုတဲ့စကားလုံးအောက်
ဒုက္ခမရောက်ဘဲ
ရှိခဲ့ကြဖူးလဲ။

ချစ်တတ်သူတိုင်း
ချစ်ရသူ ကောင်းစားစေချင်တဲ့စိတ်နဲ့
ချစ်ရသူနဲ့ ဝေးရမှာ ကြောက်တဲ့စိတ်
အမြဲလွန်ဆွဲနေခဲ့မှာ

အချစ်သာ ပဓာနရယ်လို့
ဘဝကို သောကဘုံထဲပို့ဖို့ဆိုပြန်တော့လည်း
မျက်ရည်လေးတစို့စို့
ကိုယ့်ရဲ့ တစ်ယောက်သောသူကို
ဒီတိုင်း မကြည့်ရက်ကြတာ
သဘာဝပဲ မဟုတ်လား

မြတ်နိုးရသူ မျက်နှာငယ်မှာစိုး
အတ္တအစွယ်ကိုချိုးပြီး
တိတ်တခိုးနဲ့ ငိုမိရယ်မိ
ဒါကို
ချစ်သူသိမှာလည်း ကြောက်ခဲ့ရတယ်

ချစ်သူရဲ့ ခိုလှုံရာဆီ ခိုးခိုးသွား
အရှိုက်ထိအောင် နာခဲ့ရခြင်းအတူတူ
သူ ပိုနာကျင်သွားလေမလားလို့
စိုးရိမ်မိတာကလည်း
သိပ်ချစ်လွန်းလို့ မဟုတ်ပါလား

တစ်ဆင့်ပြီးတစ်ဆင့်
တနင့်နင့်နဲ့
သီးသမျှ သတိရခြင်း သစ်သီးတွေ
ရင့်ရင့်ပြီးတော့ကြွေ
ဒီရင်ကို မီးလိုမွှေနေတာ
ဘယ်သူမှ မသိခဲ့ပါဘူး

ချစ်ရသူတစ်ယောက်
နောက်ရင်ခွင်မှာ
ပျော်မှ ပျော်ပါ့မလားလို့
သောကအစုံအလင်နဲ့
လင်းနေတဲ့ ကိုယ့်ကောင်းကင်
ဒီရင် ပူလောင်လိုက်မလဲ

အခု ကိုယ်ဆိုနေတဲ့သီချင်းမှာ
ဒဏ်ရာကင်းတာဆိုလို့
ချစ်သူနာမည်ပဲရှိ
အဲဒီ့စိမ်းလန်းတောအုပ်မှာ
ကိုယ် တစ်သက်လုံးနေချင်မိတာ
ဆန်းသလား

မြွေတွေ အဆိပ်ဘယ်လောက်ပြင်းပြင်း
အချင်းချင်းတော့ မထိခိုက်သလို
ကိုယ်တို့
အဆိပ်များစွာဆီက
လွတ်ကင်းခဲ့ပေမယ့်
အတ္တမြင်းရိုင်း ခွာသံအောက်မှာ
မြစ်တို့ သိပ်ကွေ့ကောက်လွန်းခဲ့တယ်

တန်ဖိုးအတုတွေနဲ့
ဘဝအတုမှာ
ပျော်စရာအတုတွေ
ရှာနေသူကြား
ကိုယ်တို့လမ်းမှားခဲ့
တစ်ခါခါ
လွတ်လပ်စွာကွဲလွဲခွင့်ဆိုတာ
နှလုံးသားတည့်တည့်
ချိန်ပြီးပစ်လိုက်တဲ့
ကျည်ဆံ

တစ်ရက်ထက်တစ်ရက်
ကြီးရင့်လာတဲ့ အသက်နဲ့အတူ
ကိုယ့် အမှားတွေ
အဆင့်တက်
နရက်မှာ ပြာတွေ ဆက်ပူမယ့်အတူတူ
ဗုံကို အသံခပ်ပြင်းပြင်း
မြည်အောင် ထုလိုက်
အသက်ကိုတော့ မှန်မှန်ရှူ
ကော်ဖီတွေ ပူနေရင် မှုတ်သောက်ပေါ့
ပတ်ဝန်းကျင်ဆိုတာ
ယားရင်ကုတ်လို့ကောင်းတဲ့
အနာစိမ်း

လူတွေဦးနှောက်က
စက်ရုံက တိုက်ရိုက်ပို့ထားတဲ့ မှန်များ
ကော်ပတ်စားထားတဲ့ ကျွမ်းတိုင်
သေချာကိုင်ရင်တောင်
စွန်းတယ်

ချစ်သူရေ
သဘာဝဇာတ်ညွှန်းအတိုင်း
အခု ကိုယ်တို့
တစ်ယောက်နဲ့တစ်ယောက်
အထင်လွဲပြီး
နာကျည်းကြတဲ့ အလွမ်းခန်းကို
ဆက်က ကြရမယ်




ဂျေဂျူဝိုင်ရဲ့ အချစ်ကဗျာကို ဖတ်ချင်တယ်ဆိုလို့ အလောတကြီး စပ်ပေးလိုက်ပါတယ်။

Saturday, January 22, 2011

သုံးသုံးလီ=ကိုး

နည်းနည်းလေး ပိုပြီးတော့လည်း မယူခဲ့ရပါဘူး
အတိတ်မျက်ဝန်းကိုက ရင်ထဲကိုပဲ စိုက်စိုက်ကျနေတာပါ
ငါတို့အချစ်စစ်စစ်တွေနဲ့ ချစ်ခဲ့ကြပြီး
ဘယ်လိုမှ မဝေးနိုင်ခဲ့ပေမယ့်
ငါတို့ဆွဲခဲ့တဲ့ စင်ကြယ်မှုအနာဂတ်ပန်းချီမှာ
ဘေးကနေ ပက်ကျဲချလိုက်တဲ့
အမုန်းရောင် အစွန်းအထင်းများခဲ့တယ်
ကွေ့သော ကောက်သော လောကီတရားမှာ
အသားအရေ ပါးလှပ်လှပ်နဲ့
ကိုယ်ခံအားနည်းကြသူတွေကြား
ငါတို့
ဒိုင်းတွေ လွှားတွေအကြောင်း မဆွေးနွေးမိခဲ့ဘူး
ရေအသွန်ခံလိုက်ရတဲ့ အလှမွေးကန်ထဲက ငါးတွေ
ဘယ်လိုပဲ ဖျတ်ဖျတ်လူးနေ
ရေနဲ့ နီးရာကို မရောက်ခဲ့ဘူး
အချစ်ရယ်
မင်းမျက်ဝန်းတချို့နဲ့ မင်းအချစ်အကြောင်း
၏ သည် မလွှဲ
ငါ့ရင်ထဲ ခိုဆဲ ကပ်ဆဲ
မောင်လို့ခေါ်သံကို နားနဲ့ဆတ်ဆတ်ကြားဆဲ။


သုံးသုံးလီ=ကိုးကို ၁၂၅ ထဲမှ ကြာသပတေးနှုတ်၍ ရလာပါသည်။