Friday, February 26, 2010

(၁၃) ကြိမ်မြောက်သို့ ဂုဏ်ပြုခြင်း

မင်းအရင်သွားနှင့်လို့ မပြောဘူး
ငါ အရင်သွားနှင့်မယ်လို့ မတွတ်တိုးဘူး
မင်း နင် ငါ ခင်ဗျား တူတူညီညီသွားခဲ့တာ
စက္ကန့်တွေ စက္ကန့်တွေ
လက်နက်လို ခြိမ်းခြောက်စရာဆိုလို့
သူ့မှာ “ဒက်” ခနဲ “ဒက်” ခနဲ ခပ်တိုးတိုးမြည်သံပဲရှိ
ကြည့်စမ်း သေဆုံးသွားတဲ့ သက္ကရာဇ်တွေ
တွက်ကြည့်လိုက်တော့ (၁၃) နှစ်တောင်မှ
သူ့တတတ် ငါတအားနဲ့
ကြိုးစားထိန်းသိမ်းနိုင်ခဲ့ကြ
ငါတို့ “ပအိုဝ်းအမျိုးသားပွဲတော်”
အရှင်ရာဇိန္ဒဆိုတဲ့ ရဟန်းတော်က စခဲ့တယ်
သူလည်း သူ့ရဲ့ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်က
လူသံ သူသံကြားထဲ ကျကျန်နေတဲ့
ပွဲတော်နေ့ကို အသက်ဆက်ခဲ့တာ
ခုဆို
မြန်ပြည်တစ်ဝှမ်းက ပအိုဝ်းအချင်းချင်းသွေးနီး
တစည်းတလုံးတည်းဆိုတဲ့အကြောင်း
မောင်းခတ်နိုင်ပြီ


(၁၃) ကြိမ်မြောက် မန္တလေးပအိုဝ်းအမျိုးသားပွဲတော်သို့ ဂုဏ်ပြုကဗျာ

Thursday, February 25, 2010

အ၀ိဇ္ဇာကြယ်တစ်ပွင့်

ဆွဲထားတဲ့ အစီအစဉ်မှာ
မနက်ဖြန်ပါတယ် သဘက်ခါပါတယ်
မရောက်တဲ့လမ်းကို လျှောက်ကြပေမယ့်
မြင်ရာမြင်ရာ ကောက်ရိုးမျှင်လို့ ထင်ကြတယ်
ကိုယ်ပိုင်ဆိုင်သမျှတွေကို ရုပ်သိမ်းပြီးနောက်
ပြန့်ကျဲသွားတဲ့စိတ်ကို ကောက်လို့မရတော့ဘူး
လျှော်ချည်လို နေထိုင်ကြတဲ့လူတွေကို
အလိမ်မခံကြပါရစေနဲ့လို့ ဆုတောင်းပေးလည်း အပိုပဲ
အလိမ်ခံရတဲ့အတွက် ရင်နာပေးမိလည်း အပိုပဲ
သယံဇာတတွေ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံမှာ
သာသနာကိုလည်း သယံဇာတအဖြစ်
အသုံးပြုကြတာ ဆန်းတော့မဆန်းဘူးပေါ့လေ
ဆန်းနေတာက ငါ
အ၀ိဇ္ဇာကြယ်တစ်ပွင့်လို့ ကြေငြာပြီးခါမှ
ပုထုဇ္ဇန ဥမ္မတက တွေကြားထဲ
ရူးနည်း ရူးဟန်တွေမှားနေကြောင်း
ဖွင့်ပြောမိရတယ်လို့လေ
စာတစ်ကြောင်းအတွက် အသက်ထွက်မတတ်
ကြောက်နေတဲ့ သူငယ်ချင်းကိုလည်း
စိတ်တိုမိပြန်သေးသတဲ့
သေသပ်လှပသော အမှားများ
ရေလိုအေးပြီး ပန်းလိုမွှေးသော မာယာများ
ဆိုးဆေးအထပ်ထပ် ဆိုးထားသော သာဌေယျများ
ဖြောင့်တန်းနေသော ၀င်္ကပါလမ်းများ
လူမိုက်တို့သည် အကျိုးမပေးသေးသမျှ
ဟူသော ဘုရားဟော အဆုံးအမများ
လူသားတို့အား အထပ်ထပ်ပိတ်ဖုံးတဲ့ မောဟများ
ကျွန်တော်နဲ့ ခပ်လှမ်းလှမ်းက သစ္စာ
ပို၍ ပို၍ ဝေးရာသို့သာ သွားခဲ့လေသောကြောင့်
အ၀ိဇ္ဇာကြယ်တစ်ပွင့်ဟု ကြေငြာထားသလို
ကိုယ့်ကိုယ်ကို ပိုမှန်အောင် နေထိုင်ပါတော့မည်
မသိသင့်သောအရာများကို မသိချင်တော့
သိသင့်သောအရာများကိုလည်း မသိချင်တော့။

ဒီကဗျာကို www.jjqqyy.com မှာတင်မလို့ပါ။ ဒါပေမယ့် အဆင်မပြေလို့ ဒီမှာပဲ တင်လိုက်ပါတယ်။

Tuesday, February 23, 2010

နတ်ဆိုးရဲ့ဝိုင်

ခေါင်းစီးက ခေါင်းကြီးသတင်းပဲ
ဂျေဂျူဝိုင်ဘာလဲဘယ်လဲ
ငယ်ကျိုးငယ်နာတွေ ဖော်ပြရမလား
မစားရ၀ခမန်းတွေ ရေးပြရမလား
အဓိပ္ပါယ်မဟုတ်တာတွေကို
အဓိပ္ပါယ်လုပ်ပေးရမလား
ထင်ယောင်ထင်မှားတွေကို
မြင်ယောင်မြင်မှားဖြစ်အောင် ပြင်ပေးရမလား
ပွင့်ပွင့်လင်းလင်း လျို့ဝှက်တာနဲ့
လျို့လျို့ဝှက်ဝှက်ပွင့်လင်းမှုမှာ
တစ်နှင့်တစ်ပေါင်းသလို နှစ်ရမလား
စပျစ်ဝိုင်အကြောင်း
မက်မန်းဝိုင်အကြောင်း
ဂျေဂျူဝိုင်အကြောင်း
ချိုတယ်လို့ဆိုကြပေမယ့်
တကယ်တော့ ခါးတယ်
ထုံးစံအတိုင်း ခင်ဗျားတို့
နည်းနည်းလေးဆိုပြီးတော့
အလကားရတာနဲ့ မြည်းကြည့်တာကိုက
မှားတာပဲ။

Monday, February 22, 2010

သော့ပေးထားသော နှင်းဆီ

လွန်ခဲ့သောနှစ် သစ်ပင်များဆီက
ညစ်ထေးတဲ့ ကျွန်တော်ရနံ့
ကမ္ဘာကြီး ပျို့အန်လောက်ရဲ့
လူသားတွေရဲ့
ဆူညံတဲ့ အရေခွံပါးပါး
ကျွန်တော် စိတ်ဝင်စားဆဲပေါ့

တစ်လဆိုတဲ့ အလေးချိန်
အချစ်စိတ် ပြဒါးတိုင်
မုသားရည်ချိန်သီး
အလွမ်းသိပ်သည်းဆနဲ့ ငါ
ဝါယာကြိုးများ တွန့်လိမ်လျက်
ယူရေနီယံလို
နာမ်ဓာတ်မဲ့ကင်း
တင်းရင်းတဲ့ မျက်နှာပေါ်မှာ
အနာဂတ်ဟာ ကိုယ်ဖော့ဆဲ

ဟုတ်ကဲ့
နှင်း မသဲမီ
မျဉ်းတစ်ကြောင်းဆက်ဆွဲ
လက်ထဲက သန့်ရှင်းမှု
ခုခံမှုများ ပူနွေးလျက်

ညနေခင်းတေးများနဲ့
ဆွေးမြေ့ဖွယ် နံရံပေါ်
အတောင်ပံမဲ့ ပျံသန်းခြင်းများ
ပျားရည်မြစ်ကို တူးဆွဲဆဲ

မျက်ရည်စက်ဆိုတာ
အသက်နဲ့ လက်ထပ်ထားတဲ့
ဒုတိယ မယားတဲ့
တခါးပေါက်ကို တွန်းဝင်လာတယ်
ဒါသဘာဝပဲ
အေးခဲတဲ့ ဓာတ်ပြားပေါ်မှာ
အမှတ်အသားတစ်ခုထိ
မှားယွင်းမှု ရှိခဲ့ပြီဆိုတာ

ရေချိုးပြီးရင်
ဝိညာဉ်ကလည်း ရှင်းစွာနဲ့
အင်္ကျီရဲရဲ ဆွဲဆန့်ပါ
သွေးသားများ အသစ်လဲ
အထဲက ခွေးသွားစိတ်
ခလုတ်အသစ် ပြန်နှိပ်ပေါ့

ကကြမ္မာရထားဟာ
ငါးမိနစ်နောက်ကျပြီးမှ
တံတားကို ကျော်လာတယ်
မင်္ဂလာပါ
နာရီများခင်ဗျာ
ခင်ဗျားတို့အတွက်
ဝိုင်တစ်ခွက်
ကောင်းကင်ရနံ့ထွက်ဆဲပါ။


“မြေချစ်သူ”ရဲ့ ကဗျာပါ။ အစပိုင်း သက္ကရာဇ်နေရာမှာ အနည်းငယ် ပြောင်းလဲပြီး တင်လိုက်ပါတယ်။ ကျွန်တော့်ရဲ့ like poem လေဘယ်နဲ့ပေါ့။

Sunday, February 21, 2010

လူတစ်ယောက်ပျောက်ဆုံးခြင်း

Click ဆိုတာလေးကို
အဘိဓာန်အဖွင့်က “ကလစ်” ဟူသောမြည်သံ
ကျွန်တော့်ရဲ့အဖွင့်က ညည်းငွေ့ဖွယ်ဖျောက်တဲ့အသံ
အခု
Click ဆိုတဲ့အသံကို နှလုံးသားအဖွင့်က
“မဆုမွန်” တဲ့
ကလူကလူဆိုတဲ့ အမှတ်တရလေးကနေ
စံပယ်တွေလည်းမွှေးခဲ့တယ်
ချယ်ရီတွေလည်း စွေးခဲ့တယ်
နှလုံးသားရဲ့အနီးစပ်ဆုံးနေရာကနေ
အရိုးသားဆုံး ယုံကြည်မှုစီးဆင်းရာအထိ
ကျေးဇူးတရား ဥယျာဉ်တော်လေးဆောက်ပြီး
အချိုမြိန်ဆုံး ချစ်ခဲ့ကြတယ်
ပတ်ဝန်းကျင်က ချပြခဲ့တဲ့ ကဲ့ရဲ့စရာရယ်
လူတွေ တမင်ရှာဖွေခဲ့ကြတဲ့ ဝေဖန်မှုရယ်ကြား
ကျွန်တော့်ချစ်သူလေးဟာ
ကျားမလေးအလား အချစ်ကို စစ်လိုကြေငြာချစ်ခဲ့တယ်
အဲတုန်းကများလေ
နှလုံးသားရဲ့ အသိနဲ့ ချစ်တတ်တဲ့ကောင်မလေးဆိုပြီးတော့
မိုးကုတ်စက်ဝိုင်းကြီးတုန်ပြီးဖျားသွားသလားထင်ရတယ်
ချစ်သူရယ် မောင်လေ
ကိုယ့်ကိုယ်ကို ဂျေဂျူဝိုင်လို့မေ့သွားပြီး
မဆုမွန်အပိုင်သိမ်းထားတဲ့လူအဖြစ် နေထိုင်တော့တယ်။

Thursday, February 18, 2010

ဆုတောင်း

ရုတ်တရက်ဆိုတော့
ကျွန်တော့်နှလုံးသားမှာ ချော်ရည်ပူတွေ
စီးဆင်းသွားတယ်
“မ, နေမကောင်းဘူးမောင်” တဲ့။
အဝေးက ချစ်သူကို အေးအေးဆေးဆေး နေစေချင်တဲ့ စိတ်ရယ်
နွေးနွေးထွေးထွေးအားပေးစကား ပြောချင်တဲ့စိတ်ရယ်
ကျွန်တော့်စိတ်ကို မီးပုံရှို့တယ်
ရင်ဂိုရဲ့ အတောင်ပံပါရင် မင်းဆီကို သီချင်းစာသားကို
အေးစက်စက်ဓားနဲ့
နောက်ကျောကို တည့်တည့်ထိုးခွဲလိုက်တယ်
စိုင်းထီးဆိုင်ကလည်း သူ့ LiveShow တစ်ခုမှာပြောတယ်
“အခု သံလွင်မြစ်ကို တံတားလေး ထိုးလိုက်ပါပြီ”တဲ့
အဲလို ပျောက်ဆုံးနေတဲ့ လမ်းထိပ်မှာ
ရပ်စောင့်နေရတဲ့ဘဝ
ကိုယ့်ရဲ့ အညတရအဖြစ်ကိုလည်း ရင်နာတယ်
အခု မောင့်စိတ်မှာ
ချစ်သူကျန်းမာရေးကို ခြောက်တဲ့တစ္ဆေနဲ့
စိုးရိမ်မှုတွေ တဖွဲဖွဲကြွေနေပေါ့
ထပ်ထပ်ဆောင်းနေတဲ့ ဆုတောင်းက
“ချစ်သူ မြန်မြန်နေကောင်းပါစေ” ရယ်လို့။

Wednesday, February 17, 2010

အချစ်

အချစ်တွေ သူ့ဘာသာသူ နေနေပါစေ
အေးအေးဆေးဆေးနေပါစေ
ဘာကြောင့်ချစ်လဲလို့ မမေးနဲ့
သူ့တန်ဖိုးတွေ့ လျော့ကျသွားလိမ့်မယ်
ဘာနဲ့တူတယ် ဘယ်လောက်လို့ နှိုင်းမပြနဲ့
ခင်ဗျားတို့နှိုင်းတာတွေက
အချစ်ဆိုတာကို စော်ကားရာကျတယ်
ဘယ်ထိချစ်မှာလဲလို့ မမေးနဲ့
အရိုးထဲထိလား နောက်ဘ၀ထိလား
ဟင့်အင်း ချစ်နေချိန်အတွက် အချစ်မှာ
ဘာအကန့်မှ မပါဝင်ဘူး
မင်းအချစ်က အေးမြလား ပူလောင်လား
ဟင့်အင်း မမေးလိုက်နဲ့ အချစ်ကို
အချစ်ဟာ ရာသီဥတုမဟုတ်ဘူး။
ချစ်တယ်လို့ ပြောဖို့ စကားလုံးတွေ တန်းစီနေပေမယ့်
ဘယ်စကားနဲ့မှ ချစ်ကြောင်းပြဖို့ မလုံလောက်ခဲ့အောင်
အချစ်ဟာ လုံလောက်တယ် ပြည့်စုံတယ်။

စိုးတယ်

ချစ်သူက ရေးထားတယ်
သူ့ရဲ့ အတွေးလေးကိုပေါ့
“ဂျေဂျူဝိုင်နဲ့ တွေ့တဲ့နေ့” တဲ့
ကျွန်တော် စိုးရိမ်တတ်လာတယ်
ခေါင်ရည်ရှာမရမှာ မဟုတ်ဘူး
ပန်းခင်းရှာမတွေ့မှာ မဟုတ်ဘူး
ကောင်းကင် မကြည်လင်မှာ မဟုတ်ဘူး
ချစ်သူက ပြောတယ်လေ
မောင်နဲ့တွေ့ရင်
မောင့်ကျောပြင်မှာ မျက်နှာလေးအပ်ပြီး
ဖက်ထားချင်တယ်တဲ့
ကျွန်တော် အစိုးရိမ်ဆုံးက ဒါပဲ
ချစ်သူက မျက်နှာလေးအပ် ဖက်ထားရင်း
ကျွန်တော့်ကျောပြင်လေးကို
သူမ ခိုးခိုးနမ်းနေတာ
မသိလိုက်မှာ သိပ်စိုးတယ်

Monday, February 15, 2010

အချစ်ဖြင့် စီရင်သည်

အချစ်ဇာတ်လမ်းတွေမှာပါတဲ့
အလွမ်းနဲ့ ကြေကွဲခန်းကို
မောင်တို့ ဖြတ်သန်းရဦးမယ် ချစ်သူ
မောင်တို့ပြုစုပျိုးထောင်နေတဲ့
အနာဂတ်ခရီးလမ်းမှာတော့
ဝေးကြစတမ်းမပါဘူးပေါ့ချစ်သူ
ဒါပေမယ့်
အယူအဆတွေ တိုက်မိရင် ရှိမယ်
အပူသောကတွေ ချိတ်မိရင် ရှိမယ်
အဲဒီအခါ
အပေးအယူမျှစေကြမယ်လေ
ခြေလှမ်းတိုင်းဟာ
ငြိမ်းချမ်းရေးအတွက်ပဲပေါ့ ချစ်သူ။

တစ်ချိန်ချိန်ကျရင်
ပန်းဝါတွေကြွေနေတဲ့လွင်ပြင်မှာ
မောင်က ကဗျာလေးတွေ ရွတ်ပြမယ်
ချစ်သူက မောင့်မျက်နှာလေးငေးရင်း
နားထောင်ပေးပေါ့ကွယ်
အဲဒီအခါ
လေပြေတွေထဲမှာ
မောင်ကြိုက်တဲ့ ကောက်သင်းရနံ့လေးလည်းပါမယ်
ချစ်သူကြိုက်တဲ့ ပန်းခင်းလည်းပါလာလိမ့်မယ်
စမ်းချောင်းတွေရဲ့ စီးဆင်းသံလည်းပါလိမ့်မယ်
ကောင်းကင်လည်း မောင်တို့ပုံရိပ်ကို ထွင်းထုလိမ့်မယ်ချစ်သူ။

ပတ်ဝန်းကျင်ဆိုတာ
မလိုတမျိုး လိုတမျိုးနဲ့
သွေးဆိုးအထိုးသွင်းခံထားရတော့
မောင်တို့ကို ခါးအောင်တမျိုး
မုန်းအောင်တသွယ်
အစွယ်တွေ ထုတ်ပြကြလိမ့်မယ်
မစိုးရိမ်နဲ့
မောင် တိုးပြီးချစ်မယ် ချစ်သူ။

ဘုရားဟောထားတာက
အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ တဲ့
အဲဒီအသိဟာ
ချစ်သူအတွက် ရင်ခုန်တာကို
မကျော်လွားနိုင်ဘူး
သံသရာဆိုတာထက်
ချစ်သူမချစ်တော့မှာ
မောင်ပိုကြောက်ပါတယ် ချစ်သူ။

နှလုံးသားဟာ
သံလိုမမာပေမယ့်
ချစ်သူကိုချစ်တဲ့ အချစ်ဟာ
သံမဏိထက်မာတယ်
ချစ်သူအတွက်
တစ်ချက်ရင်ခုန်တာ မဟုတ်ဘူး
တစ်သက်ရင်ခုန်နေမှာမို့
ချစ်သူအတွက် အချိုမြိန်ဆုံးဟာ
မောင့်ရင်ခုန်သံပါလို့ ပြောလိုက်ပါချစ်သူ။

စကားသက်သက်မဟုတ်ဘူး
သစ္စာတရားအချက်တွေနဲ့
ချစ်သူနဲ့ ဝေးရရက်မှာ
ကျမ်းအစောင်စောင်ရွက်ပြီးပြောရရင်
စိတ်ထွက်ပေါက်မဲ့အောင်လွမ်းတယ်
အခက်အခဲတွေ ဝေးတဲ့တစ်နေ့မှာ
ထပ်မခွဲကြေးတွေနဲ့
အသက်ပေးပြီး ချစ်ကြမယ်နော် ချစ်သူ။

ခုချိန်မှာ
နေရာဒေသအရ
ဝေးနေကြပေမယ့်
မောင့်ဘေးမှာ
ချစ်သူရဲ့ ပုံရိပ်လေးတွေ ရှိနေသလို
ချစ်သူရဲ့ ဘေးမှာလည်း
မောင့်ရဲ့ ၀ိညာဉ်လေးတွေ
အမြဲရှိနေမယ်ဆိုတာ
ယုံထားလိုက်ပါ ချစ်သူ။

ဘာပဲဖြစ်ဖြစ်
စိတ်ပျက်စရာမတွေးနဲ့
အားတက်စရာပဲတွေး
ငါ့ဘေးမှာ မောင့်ဝိညာဉ်လေးရှိတယ်
ဘယ်အရေးတော်ပုံကြောင့်မှလည်း
မောင်တို့ မဝေးစေရဘူး
ထပ်ခါ ထပ်ခါပေးဖူးတဲ့ကတိကိုပဲ
ထပ်ခါ ထပ်ခါ ပြန်ပေးပါရစေ
ဘာဖြစ်ဖြစ် အမြဲချစ်နေမယ်
ကဗျာခေါင်းစီးလေးလိုလည်း
ချစ်သူအတွက်ဆိုရင်
မောင့်အချစ်တွေနဲ့ စီရင်မယ်ချစ်သူ။

Sunday, February 14, 2010

ခိုင်မြဲစေရာ

ငါတို့ နေကြရတာက
တစ်ယောက် တစ်နေရာ
နေရာနဲ့ အချိန်ကွာဟမှုရှိတယ်
နားလည်မှု ကွဲလွဲနိုင်တယ်
နိုင်ငံခြားလို့ ဆိုလိုက်တာနဲ့
ကိုယ့်နိုင်ငံထက် အစစသာတယ်
ဒီမှာက facebook ရဲ့ loading ကိုစောင့်ရ
blogspot ကို ကျော်ရခွရ
ပြောကြ ဆိုကြရင်း နည်းလည်မှုတွေက
မတော်တဆမှုတွေ ဖြစ်သွားနိုင်တယ်
ငါတို့ ရွှေနိုင်ငံတော်ရဲ့ ကွန်နက်ရှင်က
ဝမ်းပျက်ဝမ်းလျှောရောဂါသည် လမ်းလျှောက်နေပုံနဲ့
ဒီလို ဒီလို
အပျက်အပျက် တွေက သိပ်များတယ်
ငါတို့ နှခေါင်းသွေးထွက်လို့ မဖြစ်ဘူး
အမှိုက်တွေက မီးခဏခဏလောင်တယ်
ငါတို့ ပြဿာဒ်ကို ကူးလို့ မဖြစ်ဘူး
ချစ်သူရေ
ဘာနဲ့မှ ငါတို့ ဝေးလို့မရအောင်
ငါတို့အချစ်တွေနဲ့ ငါတို့ကို
ပြန်လည်ချည်နှောင်ထားမှ ဖြစ်မယ်။

Saturday, February 13, 2010

တရားစီရင်သောနေ့

အမှားတွေအကြောင်း အလွဲတွေအကြောင်း
ကျွန်တော့်များများစားစား ပြောစရာ မရှိပါဘူး
ကျွန်တော့ဘ၀ဟာ အမှား ကျွန်တော့်ဘ၀ဟာ အလွဲလေ
အဲလို လွဲမှားနေတဲ့ အလွဲအမှားများစွာကြားမှာ
“မ ကိုတကယ်ချစ်တာမှ ဟုတ်ရဲ့လား” လို့ မေးရလောက်အောင်
ကျွန်တော့်အလွဲအမှားတွေ လှုပ်ခါမှုအားပြင်းခဲ့တယ်
အနမ်းနဲ့ သိပ်မထိုက်တန်တဲ့ကောင်
အလွမ်းနဲ့ တင်းပြည့်ကျပ်ပြည့် အိမ်ပြန်ခဲ့ရသားပဲ
မြသန်းတင့်က သူ့စာအုပ်တစ်အုပ်မှာ ရေးဖူးတယ်
“ချစ်ခြင်းအနုပညာ” တဲ့
ပန်းချီဆရာတစ်ယောက်က ပြောဖူးတယ်
အတတ်ပညာ မရှိတဲ့ကောင်တွေရဲ့ လုပ်ရပ်ကို
အနုပညာလို့ ခေါ်တယ် တဲ့
သင်ပေးကြပါဦး ကျွန်တော့်ကို
ချစ်ခြင်းဆိုတဲ့ အတတ်ပညာတွေကို။

Friday, February 12, 2010

ချစ်ခြင်းဖွဲ့အချစ်

ကျွန်တော့် ချစ်သူဟာ ချိုမြတဲ့ တေးတစ်ပုဒ်ဖြစ်တယ်
ကျွန်တော့် ချစ်သူဟာ မွေးကြူတဲ့ ပန်းတစ်ပွင့်ဖြစ်တယ်
ကျွန်တော့် ချစ်သူဟာ ငြိမ်းချမ်းရေး ငှက်ကလေးဖြစ်တယ်
ကျွန်တော့် ချစ်သူဟာ အဆိပ်ပြင်းတဲ့ ကျားမလေးလည်းဖြစ်တယ်
ချစ်သူရဲ့ အမည်နာမကို တေးတစ်ပုဒ်လိုလည်း အမြဲဆိုညည်းတယ်
ချစ်သူရဲ့ အမည်နာမကို ပန်းကလေးလိုလည်း အမြဲအလှကြည့်တယ်
ချစ်သူရဲ့ အမည်နာမကို ငှက်ကလေးလိုလည်း ပျံသန်းစေတယ်
ချစ်သူရဲ့ အမည်နာမကို ကျားမလေးလိုလည်း အားပေးတယ်
ချစ်သူကို ချစ်ရတာ တေးတစ်ပုဒ်လိုလည်း ချိုမြတယ်
ချစ်သူကို ချစ်ရတာ ပန်းတစ်ပွင့်လိုလည်း မွှေးကြူတယ်
ချစ်သူကို ချစ်ရတာ ငှက်ကလေးလိုလည်း လွတ်လပ်တယ်
ချစ်သူကို ချစ်ရတာ ကျားမလေးလိုလည်း ချစ်ရတယ်။

Thursday, February 11, 2010

ညညအိမ်ရှေ့က

ည ဆယ်နာရီခွဲရင် ရေခဲချောင်းရောင်းသည်လာတယ်။ မယုံမရှိနဲ့ ၃၁ လမ်းက လူတွေ အကုန်မေးလို့ရတယ်။ ဖြစ်မှ ဖြစ်ရလေ ပြောတော့ ရေခဲချောင်းက တော်တော် ရောင်းရနေတယ်။ ဗေဒင်ဆရာက ရောင်းခိုင်းလို့လား။ လူတွေက နေ့မှန်း ညမှန်း အေးမှန်း ပူမှန်း မသိတော့တာလား။ (ခု ညပိုင်းတော်တော်အေးသေးတယ်)


မီးကင်းသမားတွေက အချိန်ပြည့် တောင်စဉ်ရေမရ စကားပြောတယ်။ အမောဖောက်လာတဲ့အခါ အသက်ငင်နေတဲ့ အသံနဲ့ “ဒဿဂီရိ အချစ်ရှုံးသမား အချစ်ရှုံးတယ်လို့ ဘယ်သူကပြောလဲ” ဆိုတဲ့ သီချင်းအော်ဆိုတယ်။ အဲလို ဆိုနေရင် တစ်ယောက်ယောက်က “မယ်သီတာကို သုံပိုင်းပိုင်းပြီး တစ်ပိုင်းမီးကင်စား” လို့ ဖျက်ဖျက်တယ်။


လက်ဘက်ရည်ဆိုင်က ဘောလုံးပွဲ ပွဲကောင်းရှိတဲ့ညဆို တစ်ညလုံးမအိပ်ဘူး။ တနေ့ထက် တစ်နေ့ ဒီစားပွဲထိုးတွေ ငါ့ထက် ပိုပိန်လာကြတယ်။ ဆိုင်ရှင်က စီးပွားရေးနဲ့ ကလေးငယ်လေးတွေရဲ့ အနာဂတ်ကို ချင်ဆီထုတ်ကြတဲ့ ပွဲပေါ့လေ။ ခုလာနေတဲ့ ချဲလ်ဆီး၊ အာဆင်နယ်နှင့် မန်ယူ။ ဝေါ ခနဲ အားပေးသံက စိတ်ဖြေဖျောက်မှုလား၊ ကိုယ့်စိတ်ကို ပြန်သတ်ကြတာလား။


ညတစ်နာရီထိုးရင် ညပိုင်းမှ လာဖွင့်တဲ့ ထမင်းကျော်ဆိုင်က လှည်းတွေ တွန်းပြန်သံ တ၀ုန်းဝုန်းကြားတယ်။ လက်ဘက်ရည်ဆိုင်က ကောင်လေးတွေနဲ့ အဲဒီက ပြန်လာတဲ့ ကောင်မလေးတွေ ည တစ်ခုလုံး လန့်ပြေးမယ့် စကားမျိုးနဲ့ နှုတ်ဆက်ကြတယ်။ ညဟာ ဒီလိုပုံစံနဲ့ ဆိုင်ကယ်သံ တ၀ူးဝူးနဲ့ မရိုးဘူး။ ဒီကောင် မရိုးတော့ဘူး။ မဆုမွန်ကို ချစ်တယ်ချည်း သွားသွားပြောနေတယ်။ သူနဲ့ မဆုမွန်ချစ်သူ ဖြစ်တာကိုလည်း သိတဲ့လူရော မသိတဲ့လူရော လိုက်လိုက် ပြောနေတော့တာပဲ။ မြင်ပြင်းကတ်တယ်။ မဆုမွန် သူ့ကို ပြန်ချစ်တာနဲ့ပဲ သူ့ကိုယ်သူ အမေရိကန်သမ္မတဖြစ်တာ ကျနေတာပဲ ဆိုတော့ အဲဒီထက်လွန်သေးတယ်ကွ တဲ့။




ကဗျာဆရာကြီး ကိုမိုးဝေးရေ ခင်ဗျားအတုခိုးပြီး LP ကဗျာရေးကြည့်တာပါ။

အချစ်နဲ့လျောက်မယ့်လမ်း

ချစ်သူကို ထိရှသွားမယ်မှန်းသိရင်
အဲဒီစကားကို အစကတည်းက ကျွန်တော်ပစ်သတ်ထားမှာပေါ့
ကျွန်တော့်ရဲ့ ချစ်သူစိတ်ဆိုးသွားတဲ့အခါ
အဲဒီစာရိုက်မိတဲ့လက်ကိုပဲ ခပ်မာမာ အရာဝတ္ထုပေါ်
ခပ်နာနာလေး ရိုက်ချမိလိုက်တယ်
ရင်တစ်ခုလုံးလည်း နေမထိ ထိုင်မသာ
ခုဆို ချစ်သူက “မင်းနဲ့ငါ” ပြောမှာ
အရမ်းကြောက်တတ်လာပြီချစ်သူ။
ချစ်သူကို စိတ်ဆိုးအောင် လုပ်မိလိုက်ပြီးနောက်
ချစ်သူ တကယ် စိတ်ဆိုးသွားတဲ့အခါ
အချိန်ကာလတစ်ခုဟာ မဲပြာသွားတယ်
တိတ်ဆိတ်ခြင်းတွေ အထီးကျန်ဆန်ခြင်းတွေ
ရှောင်လို့ ကွင်းလို့မရအောင် ရှေ့မှာ ပိတ်သဲသွားတယ်
ငါမမြင်ဖူးတဲ့ ငါ့မျက်နှာဟာလဲ
သွေးမဲ့ပြီး ပြာနှမ်းနေမှာ သေချာတယ်။
“ရှင်လူမှားနေတယ်ထင်တယ် ကိုဂျေဂျူဝိုင်” ဆိုတော့
အမောတကော ပန်းတိုင်ဆီ အားသွန်ခိုက်စိုက်ပြေးနေသူ
ပန်းတိုင်ရောက်မှ ဘာမှမရှိတာကို သွားတွေ့လိုက်ရသလို
စိတ်တစ်ခုလုံး ဟာခနဲ ဟာခနဲ ဖြစ်သွားတယ်။
ကတိတွေ အထပ်ထပ်ပေးပါတယ်ချစ်သူရယ်
ချစ်သူနှစ်နှစ်ကာကာပြုံးဖို့အတွက်
ကြည်နူးမှုအားလုံး ချစ်သူနှုတ်ခမ်းမှာ ခိုတွယ်ဖို့အတွက်
ချစ်သူရဲ့ အမည်ဝှက်ဖြစ်တဲ့ လလေးလို အေးမြဖို့အတွက်
နှလုံးသားထက်က ဖွဲ့တဲ့ သင်းပျံ့ချိုမွှေးတဲ့
သံစဉ် အလင်္ကာ ကဗျာလေးတွေပဲ
အမြဲဆက်သနေမှာပါ ချစ်သူ
ချစ်သူ ချစ်နေရင်လည်း ပိုပိုချစ်မယ်
ချစ်သူ မုန်းသွားရင်လည်း ပိုပိုချစ်နေမှာပဲချစ်သူ။

Tuesday, February 9, 2010

ကျေးဇူးပါ ချစ်သူ

ချစ်သူရေးရေးလာတဲ့ “ချစ်တယ်နော်” က
ခပ်ကြမ်းကြမ်းနဲ့ လေးလံနေတဲ့ကျွန်တော့်ကမ္ဘာကို
ဝါဂွမ်းစလေးလို နူးညံ့ပေါ့ပါးစေခဲ့တယ်
ချစ်သူရဲ့ စကားလေးကိုလည်း တံခါးအထပ်ထပ်
ပိတ်သိမ်းထားမိ၊ ဘယ်လိုကြာညောင်းလဲ
အရောင်မပြောင်းဘူးဆိုတာ သိတော့ ပျော်တယ်
လူ့ဘ၀ဆိုတာ အလကားကိစ္စဆိုပြီး
အားငယ်မှု အမြဲတစေ ခြိမ်းခြောက်နေတဲ့ ဘ၀လည်း
သီချင်းတွေနဲ့ စွတ်စိုစိမ်းလန်းတတ်စေခဲ့တယ်
သူမရဲ့ “မချစ်ဘူး”ဆိုတဲ့ ကျီစယ်မှုလေးဟာ
နာကျည်းမှု ကဗျာတွေနဲ့ အမုန်းတေးတွေ ဖွဲ့တတ်တဲ့
လူသားတစ်ဦးရဲ့ ကိုယ့်ကိုယ်ကို တွေ့ရှိမှုအသစ် ဖြစ်စေတယ်
ချစ်ခြင်းတစ်ခုတည်းနဲ့သာ ကျွန်တော့်ကို ချစ်တဲ့
သူမအချစ်ဟာ သမိုင်းသစ်ကိုလည်း ရေးခြစ်တယ်
အခုဆို သူမရဲ့ အချစ်နဲ့
ကျွန်တော်သတ္တိတွေလည်း တော်တော်ကောင်းလာတယ်။
ဘာအကြောင်းပြချက်နဲ့မှလည်း ချစ်သူကို မုန်းမှာမဟုတ်ဘူး
ကမ္ဘာမပျက်သ၍ တည်မဲ့အရာဆိုလို့
ဘယ်သင်္ခါရတရားကမှ မဖျက်နိုင်တဲ့
ကျွန်တော်နဲ့ သူမရဲ့ အချစ်ပဲ ရှိတယ်
ဘယ်လောက် ဝေးဝေး ဘယ်လိုဝေးဝေး
ကလစ်ကလေးတစ်ချက်ချလိုက်ရုံနဲ့
ကျွန်တော့်ရဲ့ ရင်ခွင်ထဲ သူမအမြဲမှေးစက်တယ်
ကျွန်တော်ကလည်း ကြည်နူးတေးလေးအဖြစ်
ဟောဒီကဗျာလေး ရေးလိုက်တယ်၊ ဘယ်တော့မှ မရိုးဘူး
“အရမ်းချစ်တယ် ချစ်သူရယ်”

Monday, February 8, 2010

ထိုနှစ်ရက်

အလွမ်းနဲ့ လောင်ကျွမ်းနေတဲ့ နှစ်ရက်လုံးလုံး
ကျွန်တော် အစိမ်းရောင် အ၀ိုင်းလေးကို စောင့်ကြည့်နေတယ်
ကျွန်တော့် အပြုံးတွေကို နံရံမှာ ရိုက်ကပ်ထားပြီး
သူမရဲ့ ဆက်သွယ်မှုအားလုံးကို စောင့်ကြည့်နေတယ်
ဘေးမှာ သီချင်းသံတွေ ကြားနေရတယ်
သီချင်းတွေက ကျွန်တော့်အလွမ်းနဲ့ မလိုက်ဖက်ဘူး
ဘယ်မှာ ဘယ်သူ ဘယ်အရာ ဘာမှ စိတ်မ၀င်စားဘူး
“ချစ်သူ” လို့ ခေါ်လိုက်တဲ့အခါ “ဝေ” လို့ထူးမှ
ပပထူလို့ မင်းကုသလဲရာက ထသလို ထလိုက်တယ်။

Sunday, February 7, 2010

ချစ်သူအမေ့ခံထားရတဲ့နေ့

ချစ်သူရဲ့ ခြေရာက လွန်ခဲ့တဲ့ နှစ်နာရီ ... တဲ့
ဒီနေ့ လှိုင်းလုံးတွေ နည်းနည်းကြီးတယ် ပင်လယ်မှာ
အလွမ်းမိုး နည်းနည်းသည်းတယ် ရင်ထဲမှာ
ချစ်သူမပါလို့ အပေါ်ရောက်အောင် ဆွဲတင်ထားရတဲ့ ဒီနေ့ဟာ
အာရုံခြောက်ပါးမှာ ခံစားမှုတွေ မဲ့တယ်
ကောင်းကင်ကြီးက ဘယ်လောက် ကျယ်ပြန့်သလဲ
ဟင့်အင်း ကျွန်တော့်အလွမ်းတွေက အဲဒီထက် ခမ်းနားကျယ်ပြန်တယ်
အပြုံးမပါတဲ့ မျက်နှာတစ်ချပ် ပန်းချီကား
ဒီနေ့ အထားအသိုမှားနေတယ်
သူနေမကောင်းလို့လား၊ ခရီးထွက်တာလား
အဆင်မပြေမှုတစ်ခုခုနဲ့ ကြုံနေလား
ကျွန်တော့်ကို မုန်းသွားတာလား မုန်း....... သွား ........
ဟင့်အင်း ..... မကြားပါရစေနဲ့
ဒီနေ့ မေးခွန်းတွေကျွန်တော့်ကို ဖိသတ်နေတာ
၁၀ တန်းစာမေးပွဲ ပုစ္ဆာတွေ ဆယ်ခုစာမကပါပဲ
သူ အဆင်ပြေပါစေ ဆိုတဲ့ ဆုတောင်းသံလည်း
ကြားရမယ်ဆိုရင်လေ
တနင်္ဂနွေနေ့ ဘုရားကျောင်းဆယ်ခုစာ မကပါပဲ
သူမရင်ထဲနှင့် ကျွန်တော့်ရင်ထဲသို့ ဖောက်လုပ်ထားတဲ့လမ်းလေး
ဝေးကွာခြင်းနဲ့ လမ်းခွဲခြင်းသို့ သွားရာ မဟုတ်ပါဘူးလေ။

Saturday, February 6, 2010

Beloved and Beloved

ကျွန်တော့်အတွက် သွေးနားထင်ရောက်စရာက
ကျွန်တော် သူမကို ချစ်တယ်ဆိုတာတာထက်
သူမက ကျွန်တော့်ကို ပြန်ချစ်တာပဲ
အဲဒါပါပဲ မာရ်နတ်ရဲ့ မြှားဦးဟာ ဒီနေရာမှာကျိုးတယ်

ကျွန်တော်တို့အချစ်မှာ ဈေးညှိစရာတွေမလိုဘူး
ကျွန်တော်တို့အချစ်မှာ အစိုးရမီး အားကိုးစရာ မလိုဘူး
ကျွန်တော်တို့အချစ်မှာ ဘယ်သူပိုမြင့်လဲ တိုင်းစရာမလိုဘူး
ကျွန်တော်တို့အချစ်မှာ အစွန်းထွက်ကို ဖြတ်စရာ မလိုဘူး

ကျွန်တော်တို့တတွေ လိုအပ်တာဆိုလို့
သူမနဲ့ကျွန်တော် တစ်ယောက်အပေါ်တစ်ယောက်
ဘယ်လောက်ပိုပြီး ချစ်နိုင်ကြသလဲ
ဘယ်လောက်ပိုပြီး လိုအပ်ကြသလဲ
အဲဒါလေးပါပဲ
ကျွန်တော်တို့အချစ်က အဖြူသက်သက် ကွက်တိလှတယ်။

ချစ်သူကို ညည နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေကြောင်း

သစ်သီးတွေဟာ အညှာမှာ အကြာကြီး မနေနိုင်ပါဘူး
တစ်ရာသီကုန်သွားရင်တော့ နောက်အသီးတွေ သီးဖို့
အဆုံးသတ် စီရင်တဲ့နေ့တစ်နေ့ ရောက်လာရတယ်။

မြစ်ကို ဆန်တက်ကြသူတို့အဖို့
မြစ်ညှာရောက်ရင် ရေကြည်စစ်စစ်သောက်ရမှာပဲ
ဇွဲမလျှော့နဲ့၊ နောက်ကြည့်မှန်တွေ မကြည့်နဲ့။

ကိုယ့်ခြေသံကိုယ်လန့်ရတဲ့ သမင်တွေလို တချို့ဟာ
အစလေး တစ်စ ဆွဲမိတယ်ဆိုရင်ပဲ မြွေလား ကြိုးကွင်းလား
ဘ၀ဟာ အမြဲ ပန်းဖျားဖျားနေကြရတယ်။

ခုဆိုရင် ကင်ဆာရောဂါသည်တစ်ယောက်အတွက်
စိတ်မပူပါနဲ့ ဆိုတဲ့ ဆရာဝန်တစ်ယောက်ရဲ့စကားနဲ့
မျှော်လင့်ချက်ကို ဒေါက်ဖြုတ်ထားခြင်း ခံနေကြရတယ်။

မပူနဲ့ ချစ်သူရေ...
အများကြီးတွေးပြီး မပူနဲ့။
ဇာတ်သိမ်းဆိုတာ အမြဲပဲ ငြိမ်းချမ်းတယ်။

(ချစ်သူရဲ့ မေမေ မှာလိုက်သလို)
“ဘုရား တရားကို မမေ့နဲ့”။
မောင်လည်း အဲဒီ စကားကိုပဲ အထပ်ထပ်မှာချင်တယ်။

Friday, February 5, 2010

အော်စကာဆုရသူများစာရင်း

နေဦး နေဦး
ခင်ဗျားတို့ အားလုံး ကျွန်တော်နဲ့ မ,အကြောင်း မေးမလို့ မဟုတ်လား
ဟာ ! ခင်ဗျား Select ဆွဲပြီး မဖတ်နဲ့လေ ဒီတိုင်းဖတ်
ကဗျာတွေက မ, အကြောင်းတွေ ချည်း ဖြစ်နေလို့လား
ကျွန်တော်က မ,ကို အရမ်းချစ်တာကိုးဗျ
ရွှေအကြောင်း ငွေအကြောင်း နေရေးထိုင်ရေးအကြောင်း မပါလို့လား
ခင်ဗျားတို့က ဆာလောင်မှုက အိမ်ရှေ့တခါးက ၀င်လာရင်
အချစ်က ပြတင်းပေါက်မှ ခုန်ထွက်သွားတတ်သည် ဆိုတာကို ကိုးကားမလို့လား
ခင်ဗျားတို့ရဲ့ အချစ်က ချစ်ဖို့ဆိုတာထက် ဂုဏ်တက်ဖို့က
အရေးကြီးနေသကိုးဗျ အင်း “ဂုဏ်” “ဂုဏ်” ကောင်းပါတယ်ဗျာ
ငါ့ချစ်သူက ဘယ်အတန်းအောင်၊ ငါ့ချစ်သူက ဘယ်လောက်ချမ်းသာ
ကောင်းပါတယ်ဗျ၊ ကောင်းပါတယ် ကြွားဖို့ရော ကြွားလို့ရောပေါ့
အချစ်ကိုကြွားဖို့ထက် အကြွားကိုချစ်ဖို့ ခင်ဗျားတို့အတွက် ပိုအရေးကြီးတယ်လေ
ဘာ... ဘ၀ ဟုတ်လား၊ ဘ၀အကြောင်းကို ဆရာကြီးလေသံနဲ့
ခင်ဗျားတို့မို့လို့ မမောနိုင် မပန်းနိုင်ဗျာ
နေဦး နေဦး ဆက်ဖတ်ပါဦး
ကျွန်တော် မ,ကို အရမ်းချစ်တယ်၊ ချစ်တာ အရမ်းကိုပဲဗျ
မ,ရဲ့ နာမည်ကို တိုးတိုးလေး ရွတ်ဆိုမိတဲ့အခါ
ကျွန်တော့်ရင်ထဲ နွေးခနဲဖြစ်ဖြစ်သွားတယ်
တိုင်းတာပြလို့မရတဲ့ အဲဒီကြည်နူးမှုလေး ဖြစ်လာတိုင်း
မျက်လုံးကလေးကို အသာပိတ်ထားလိုက်တယ်
ဒီလိုဗျ
Facebook ထဲကများ ချစ်တတ်သူတွေကို အော်စကာဆိုပေးမယ်ဆိုရင်
ကျွန်တော်နဲ့ မ,နှစ်ယောက်တည်းရမှာ
သိပ် ကို သေချာတယ်
နေဦးဗျ နေဦး နောက်တစ်ခေါက်ပြန်ဖတ်လိုက်ဦးဗျာ။

Thursday, February 4, 2010

လူနှစ်ယောက်ရဲ့လမ်း

တစ်ယောက်က ဂျေဂျူဝိုင် ဆိုသူကို လွမ်းပြီး
တစ်ယောက်က ပုံရိပ်လေးတွေကို လွမ်းတယ်

တစ်ယောက်က Facebook လေးဖွင့်ကာ စောင့်ပြီး
တစ်ယောက်က အလုပ်အားတာနဲ့ ပြေးပြေးလာတတ်တယ်

တစ်ယောက်က အမိမြေကို မှန်းဆတမ်းတတတ်ပြီး
တစ်ယောက်က ပွင့်လင်းလာမယ့် နေ့ကလေးကို တမ်းတတယ်

သူတို့နှစ်ယောက်တည်းရဲ့ အမြင့်ဆုံးပန်းတိုင်က
တစ်ယောက်နဲ့ တစ်ယောက် ပိုပိုမြတ်နိုးဖို့ဖြစ်ပြီး
တစ်ယောက်နဲ့ တစ်ယောက် နားလည်ဖို့ဖြစ်တယ်

ဇာတ်လမ်းနှစ်ခုရဲ့ အဆုံးသတ်မှာ
ဇာတ်လမ်းတစ်ခုတည်း ဖြစ်သွားဖို့ဖြစ်ပြီး
ပန်းတွေ အစီအရီ ပွင့်လာဖို့ဖြစ်တယ်။

ချစ်သူ ဥယျာဉ်

သူမရဲ့ ချစ်တယ် ဆိုတဲ့စကားထက်
ကျွန်တော် ဘာမှ ပိုပြီး မမျှော်လင့်ခဲ့ဖူးဘူး
ဘာမှ စိုက်ပျိုးမထားတဲ့ ဟောဒီရင်ခွင်ရာသီအရိုင်းမှာ
သူမရဲ့ အချစ်ပန်းခင်းလေး ပျိုးထားတယ်
လောကဓံ မြက်ပေါင်းပင်တွေကို
သူမရဲ့ အနမ်းနွေးနွေးလေးနဲ့ ရှင်းမယ်
မတော်လို့များ လွဲလို့ချော်လို့
(ဖွ ဖွ မပြောကောင်း မဆိုကောင်း)
အမုန်းပန်းလေး မတော်တဆပွင့်ခဲ့ရင်
သံယောဇဉ်တွေနဲ့ အပြတ်သုတ်သင်ရှင်းလင်းမယ်
တကယ်တော့...
ဘာမှ စိုက်ပျိုးမထားတဲ့ ဟောဒီရင်ခွင်ရာသီအရိုင်းမှာ
သူမရဲ့ ချစ်တယ်ဆိုတဲ့ စကားထက်
ကျွန်တော် ဘာမှ မမက်မောခဲ့ပါဘူး။
ကံကြမ္မာဆိုးနဲ့ အကြောင်းအမျိုးမျိုးကြောင့်
သူမက ကျွန်တော့်ကို မချစ်တော့ဘူးဆိုရင်လည်း
သူမရဲ့ မမြင်ကွယ်ရာ အရပ်ကနေ
သူမပုံရိပ်ကို ငေးရင်း တိတ်တိတ်ကလေးပဲ ချစ်နေမယ်။

Wednesday, February 3, 2010

အချစ်နတ်ဘုရားမလေး

ငါတို့ရဲ့ ချစ်ကြတဲ့ပုံစံဟာ
လက်ရှိချစ်ကြသူအားလုံးရဲ့ ပုံစံနဲ့ ကွဲပြားတယ်
တစ်ယောက်ရဲ့ ချစ်ခြင်းအပေါ် တစ်ယောက်
ကျေးဇူးတင်ရင်း ပြန်ချစ်ကြတယ်။

Face Book စာမျက်နှာမှတစ်ဆင့်
ဝတ်မှုန်ကူးခဲ့ကြတဲ့ ငါတို့အချစ်ဟာ
တွက်ချက်မှုတွေ တိုင်းတာမှုတွေ လုံးဝမပါဘဲ
မေတ္တာတရား အစစ်နဲ့ ချစ်ခဲ့ကြတယ်
သစ္စာတရား အနှစ်ချစ်ခဲ့ကြတယ်။

ကျွန်တော် အရမ်းစိုးရိမ်တယ်
သူချစ်သလောက် ကျွန်တော် ပြန်မချစ်နိုင်မှာကိုပေါ့
ဒီတော့ တစ်ခွန်းတည်းပဲ တင်စားချင်တယ်
သူဟာ ငါ့ရဲ့ “အချစ်နတ်ဘုရားမလေး” လို့။

Tuesday, February 2, 2010

ချစ်သူကို သိပ်သတိရတယ်

တစ် - ချစ်သူကို သိပ်သတိရတယ်
နှစ် - ချစ်သူကို သိပ်သတိရတယ်
သုံး - ချစ်သူကို သိပ်သတိရတယ်
တစ်သိန်း - ချစ်သူကို သိပ်သတိရတယ်
တစ်သန်း - ချစ်သူကို သိပ်သတိရတယ်
မရေမတွက်နိုင်တဲ့ ဂဏန်းတွေအထိ
ချစ်သူကို သတိရနေတာပဲ
မနက်လင်းလင်းချင်း ချစ်သူကို သိပ်သတိရတယ်
သတိရခြင်းအပေါ် ကိုယ့်ကိုယ်ကို ပစ်ချလိုက်တော့
လိုင်းတွေ၊ ကြေးနန်းကြိုးတွေ၊ ကြိုးရဲ့ အတွင်းပိုင်းတွေမှာ
ကျွန်တော့် သတိရခြင်းတွေ ပြည့်သိပ်နေတယ်
အဆုံးရှိတဲ့ ပင်လယ်ပြင်မှာ
အဆုံးရှိတဲ့ တောင်တန်းတွေမှာ
အဆုံးရှိတဲ့ မြေပြင်တွေမှာ
အဆုံးရှိတဲ့ ဟင်းလင်းပြင်တွေမှာ
အဆုံးရှိတဲ့ ဆက်သွယ်မှုတွေမှာ
အဆုံးမရှိတဲ့ ကျွန်တော့်သတိရခြင်းတွေရှိတယ်
ကျွန်တော့် သတိရခြင်းတွေက
ရေလိုအေးပြီး ပန်းလိုမွှေးတယ်
ခဏတဖြုတ်လောက် သတိရခြင်းတွေကို
စားပွဲပေါ် တင်ထားကြည့်လိုက်တယ်
ကျွန်တော့်နှလုံးကသွေးတွေ လည်ပတ်မှုရပ်သွားတယ်
အရပ်လေးမျက်နှာက ငြိုးငယ်ခြင်းတွေ
ကျွန်တော့်တစ်ကိုယ်လုံး ရစ်ပတ်ထားလိုက်တယ်
သတိရခြင်းတွေ တဟူးဟူးနဲ့ လေပြင်းမုန်တိုင်းကျတယ်
ငါ သတိရခြင်းတွေကို ပြန်ဝတ်ဆင်လိုက်ကာမှ
လောကကြီးဟာ သဘာဝအတိုင်း ပြန်လည်
အသက်ဝင်သွားတယ်။

Monday, February 1, 2010

ခမ်းနားတဲ့အချစ်

ကမ္ဘာကြီးမှာ ငါတို့နှစ်ယောက် မရှိလည်းဖြစ်တယ်
ဒါပေမယ့် ငါ့တို့နှစ်ယောက်မှာတော့
တစ်ယောက်မှာ တစ်ယောက်မရှိလို့ မဖြစ်ဘူး
ငါတို့ရဲ့ တစ်ယောက်ကို တစ်ယောက်လိုအပ်မှုဟာ
ဘယ်တော့မှ မရပ်နားနိုင်အောင် အရှိန်နှုန်းမြင့်မားတယ်
သူ့ကိုယ်စောင့်နတ်နားလေးမှာ
ငါ့ရဲ့ ချစ်ဝိညာဉ်တွေ ၀ဲပျံနေမှာဖြစ်သလို
ငါ့ရဲ့ကိုယ်စောင့်နတ်နားလေးမှာလည်း
သူ့ရဲ့ ချစ်တယ်ဆိုတဲ့စကားလေးတွေ တည်မြဲနေမှာပါ။
နိုင်ငံနယ်နိမိတ်တွေ လူတွေရဲ့ ဘာသာစကားတွေ
ဘယ်လို ဘယ်လောက် အထပ်ထပ် ခြားနားနေပါစေ
ငါ့ရဲ့ရိုးသားတဲ့အချစ်နဲ့ သူ့ရဲ့ ဖြူစင်တဲ့အချစ်က
ဘယ်ကနေ ဘယ်လိုစစ်စစ် အချစ်ပဲအဖြေထွက်မှာပါ။


ချစ်သော ချစ်သူသို့

သီးသန့်

ရှင်းနေတဲ့အခန်းကို ရှင်းဖို့
ရှင်းနေတဲ့အခန်းတစ်ခန်းလိုတယ်
ချစ်နေတဲ့ အချစ်ကို ချစ်ဖို့
ချစ်နေတဲ့ မဆုမွန်ကို လိုတယ်။