Saturday, October 30, 2021

ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း

Saturday, October 30, 2021 Posted by ဂျေဂျူဝိုင်




 

အချိန်တော်တော်ကြာတဲ့အထိ

ထန်တလန်မြို့တည်ရှိနေတယ်ဆိုတာ မသိပါဘူး

ချင်းလို အရမ်းခေါ်ရခက်လို့

မြန်မာလို အွယ်ပီးလို့ခေါ်ပါဆိုတဲ့ မိတ်ဆွေလေးကြောင့်

ထန်တလန်ဆိုတဲ့မြို့လေးကို ကြားဖူးခဲ့တာပါ

ဒီ ၂၀၂၁ ဩဂုတ်လအထိလည်း ထပ်မေ့ခဲ့တာပါပဲ

ဒါပေမယ့်

စက်တင်ဘာလကနေ ပြန်လည် စတင် သတိထားမိလာတယ်

စစ်တပ်က ပစ်လို့ နေအိမ်တလုံး မီးလောင်ပြာကျတယ်

ဆိုတာကနေ ပြန်လည်စတင် သတိထားမိသွားတာ

နောက်တော့ အောက်မေ့ဖွယ်ဘုရားကျောင်း

အဲဒီနောက် စစ်ရှောင်တွေ များလာတော့ စစ်ခွေးတွေဟာ

သူများရဲ့ ချွေးနည်းစာကို ပဒေသာပင်ပေါက်သလို သဘောထား

စားနိုင်သလောက်စား သယ်နိုင်သလောက်သယ်ပြီး ဖျက်ဆီး မီးရှို့

အိမ်တွေ မီးလောင်နေတော့ မီးငြိမ်းဖို့လုပ်တဲ့ သင်းအုပ်ဆရာကို

ပစ်သတ် လက်ထပ်လက်စွပ်ကို လက်ဖြတ်ချွတ်ယူ

အဲမှာ နောက်ဆုံးမြို့ထဲကျန်နေတဲ့သူလည်း အကုန်ထွက်ပြေးတာပဲ

ဒီလိုနဲ့ အောက်တိုဘာလ ၂၉ ရက်ဟာ

ထန်တလန်သူ ထန်တလန်သားတွေနဲ့အတူ

မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ ခွေးပုရပိုက်မှာ

စစ်ခွေးတွေကို နာမည်ရေးထိုးကြပေါ့

မီးလောင်သွားတာ ထန်တလန်မှ မဟုတ်တာ

မီးလောင်သွားတာ

ငါတို့ရဲ့ မြန်မာနိုင်ငံ။

 

Tuesday, September 24, 2019

ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ

Tuesday, September 24, 2019 Posted by ဂျေဂျူဝိုင် ,


ငါ့ဆီမှာ ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ အများကြီးရှိတယ်
တချို့ ဟာဒ်ဒစ်က ဗိုင်းရပ်ကိုက်သွားတာ
တချို့ ဟာဒ်ဒစ်က မသုံးတာကြာလို့ သုံးမရတော့တာ
တချို့ ဟာဒ်ဒစ်က သုံးနေရင်းကို ကြောင်လာတာ
ဘယ်လိုဖြစ်ဖြစ် ပျက်သွားတဲ့ ဟာဒ်ဒစ်က သုံးမရတော့ဘူး
Girl Generation သီချင်းပြန်နားထောင်ချင်လည်း မရတော့ဘူး
မောင်ချောနွယ်ကဗျာတွေလည်း ပြန်ဖတ်လို့မရတော့ဘူး
ရှားပါးစာအုပ်ဆိုပြီး ကြေညာခံရတဲ့ pdf လည်း ပျောက်ကုန်ပြီ
တချို့သူငယ်ချင်းနဲ့ တွဲရိုက်ထားဖူးတဲ့ ဓာတ်ပုံတွေလည်း ပျက်ကုန်ပေါ့
အရေးကြီးတဲ့ Documentary တွေ ပြန်ရချင်လည်း မရှိတော့ဘူး
ဒါပေမယ့် ဒါတွေအားလုံး ငါပြန်ရချင်လား မရချင်လား
မသေချာဘူး Drop box ထဲဝင်ပြီး Cloud storage ရှိသမျှထဲ ဝင်ပြီး
Google drive ထဲဝင်ပြီး တချို့ဖိုင်တွေ ခုထိ ဖျက်လို့ မပြီးသေးဘူး
ကဲပါလေ sky net ကိုဖွင့် Buddha လိုင်းကိုဖွင့်
လာတဲ့ တရားနားထောင်တာပဲ ကောင်းမယ်။
“ဟ ဘာတွေ လာနေတာလဲ”
ငါ့ဆီမှာ ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ အများကြီးရှိတယ်။


“မနက်ဖန်ဆိုတာရှိတယ်”

Tuesday, September 24, 2019 Posted by ဂျေဂျူဝိုင်


တွေဝေသော ညနေခင်းမှာ
ရဲရင့်ပြတ်သားသော နေဟာ
ဟန်ဆောင်ခြင်းကင်းမဲ့စွာ
ရူးရူးမိုက်မိုက် အောက်ကို ဆင်းသွားတယ်။
အသက်ရှင်သန်ခြင်းဟာ
အမှားအယွင်းများများနဲ့ဆိုတော့
ငါတို့ ဘာကို ယုံကြည်ကြရသလဲ
ယုံကြည်မှုအတွက် ဘာပေးဆပ်ရမလဲ
အတ္တတုံးလေးတစ်ခုဖြစ်တဲ့
သမီးတယောက်ရဲ့ အနာဂတ်လား
ငါတို့မြေးမြစ်ရဲ့ ဘဝလား
သူများမျိုးဆက်လား။
ပုံသွင်းလောင်းထားတဲ့ အသိနဲ့
မာယာကပွဲထဲမှာ လောင်မြိုက်ရင်း
ငွေနဲ့ ရာထူးမြုံးမိထားတဲ့ အပြုံးဟာ
ငါတို့ ယုံကြည်မှုအောက်မှာပဲ
မှောက်သွားတဲ့ ဝိုင်တစ်ခွက်။