
ဆရာဇော်ဂျီရဲ့ ကဗျာများ

Wednesday, October 14, 2009 Posted by ဂျေဂျူဝိုင်
တို့တိုင်းပြည်
ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေ၀ယ်
စေတီ စပါး များလည်းများ၏
များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
ယာစကာမျိုး တညှိုးညှိုးနှင့်
ပုထိုး မြင့်မောင်း ကျောင်းကြိုကျောင်းကြား
လှည့်လှည်သွားလျက်
မစားလေရ ၀မ်းမ၀၍
ဆွမ်းမျှ မတင်နိုင်ရှိမည်တည်း
ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေ၀ယ်
ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား များလည်းများ၏
မျးပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
မြင်သာမြင်ရ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း
ထလော့မြန်မာ မြန်မာထလော့
အားမပျော့နှင့် မလျှော့လုံ့လ
သူကစ၍ ငါက အားလုံး
လက်ရုံးမြားမြောင် ဉာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလော့ ဆောင်ကြလေလော့
ဤမြေဤရွာ ဘယ်သူ့ရွာလဲ
ဤယာစပါး ဘယ်သူ့စပါးလဲ
ထားလော့တာဝန် ပွန်လော့လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍
တ၀မ်းတစိတ် ညီစေသတည်း။

အိုတက်လူတို့
မြန်မာပြည်ဝယ် ထီးစည်တို့မင်း
ပျက်ယွင်းပါပကော သို့စိတ်စောလျှက်
ဘော … အို ရဲသွေး တက်လူကလေးတို့
ငိုကြွေးသမှု ပြုရုံမျှဖြင့်
မပွင့်ဉာဏ်ရည် လက်မည်၍
မျက်ရည်သာလျှင် ရွှဲလိမ့်မည်။
မြန်မာပြည်ဝယ် ထီးစည်တို့မင်း
ပျက်ယွင်းပါပကော သို့စိတ်စောလျှက်
ဘော … အိုရဲသား တက်လူများတို့
တရားသံဝေ ယူလေရုံဖြင့်
တက်ခွင့်မနီး ဘေးကြီးနီး၍
ပုတီးအဖတ်တင် ကျန်လိမ့်မည်။
အဟောင်းပျက်လျှင် အသစ်ပြင်လော့
အမြင်ကျယ်၍ ပညာမွေ့လော့
ယနေ့လူငယ် နောင်ဝယ်လူကြီး
သင်လည်းတစ်ဦး သားထူးသားမြတ်
ဖြစ်အပ်ရာသည် ရှေ့သို့ရည်၍
ငိုမြည်မတ
သင်္ခါရဟု စိတ်ကမစော
လောလောဆယ်ဆယ် ဒုက္ခနယ်ကို
ကယ်တင်နိုင်ကြပါစေသတည်း။



အပ်ရွှေနဖား
ထိုးသော်တဲ့ ထိုးသော်
ကြိုးချော်လို့သွား။
အမယ်အို အမြင်ကတ်တယ်
အပ်ရွှေနဖား။



ဖားပြုတ်မ
မျက်လုံးငယ်ကြောင်
ကိုယ်ရောင် ပြာမွဲနှင့်
ဗိုက်ရွဲလေသေး
ဖားဖိုကမူ
ကြည့်ရင်း လွန်ကြည်ဖြူလို့
ဇမ္ဗူမှာ သည်လိုမေ့ကို
တွေ့ဖို့ပုံဝေး ...။

ထိကရုန်းပင် အပျိုဖြန်း
ခရမ်းရောင် ငွေမှုန်လဲ့နှင့်
နွဲ့ပါဘိ သူ့ဟန်သွင်
ဆွတ်ချင်လို့ မေး
ထိစမ်းနှင့်လေ
ပွေလာယင် တကယ်မုန်းပါငဲ့
ရုန်းလိုက်မယ်လေး....။

အရူး

Wednesday, October 14, 2009 Posted by ဂျေဂျူဝိုင်
သီချင်းတစ်ပုဒ်ထဲက
“အချစ်က ဘာမှအရေးမကြီးဘူး” စာသားကို
ခင်ဗျားနားစွန်းနားဖျား ကြားဖူးမယ်မှန်း
ကျွန်တော်သိတယ်
ဒါပေမယ့် အဲဒီသီချင်းအတိုင်း
ခင်ဗျားလိုက်နာကျင့်ကြံမယ်မှန်းလည်း
ကျွန်တော်သိပါတယ်
ကျွန်တော့်နှလုံးရောဂါကို ကုပေးပြီး
ကျွန်တော့်နှလုံးရေးရာကို မသိလိုက်တဲ့
ဆရာဝန်မမရယ်
“ဆေးလိပ်သောက်တတ်သလား” ခင်ဗျားအမေးကို
“အရင်က သောက်တယ်
အခု ခင်ဗျားကို ချစ်မိလို့ မသောက်တော့ဘူး”လို့
ဖြေချင်ခဲ့တယ်
ဆရာဝန်မမရေ
ကျွန်တော် ခင်ဗျားကိုချစ်တယ်
ကျွန်တော် ခင်ဗျားကို ခြေသုတ်ပုဆိုးလိုချစ်တယ်
ကျွန်တော် ခင်ဗျားကို မြွေစွယ်ကျိုးလိုချစ်တယ်
ပြီးတော့
ခင်ဗျားဟာ ကျွန်တော့်ရဲ့ ကိုယ်ငွေ့နွေးနွေးလေးဖြစ်တယ်
ခင်ဗျားဟာ ကျွန်တော့်ရဲ့ ရင်ခုန်သံ နှေးနှေးလေးဖြစ်တယ်
ခင်ဗျားဟာ ကျွန်တော့်ရဲ့ ခိုင်မြဲတဲ့ နံရိုးတစ်ချောင်းဖြစ်တယ်
ခင်ဗျာဟာ ကျွန်တော့်ရဲ့ ပျော်ဆုံးနေတဲ့ ကိုယ်တစ်ခြမ်းဖြစ်တယ်
ခင်ဗျားဟာ ကျွန်တော့်ရဲ့ လေ့လွင့်စိတ် ဦးတည်ရာဖြစ်တယ်
ခင်ဗျားဟာ ကျွန်တော့်ရဲ့ အကုသိုလ်စိတ် သန့်စင်ရာဖြစ်တယ်
နားကြပ်ချိတ်ထားတဲ့ လည်တိုင်ကစလို့
ခင်ဗျားကို ကျွန်တော် ချစ်မိတဲ့အကြောင်း
ဟောဒီကဗျာက အပြည့်အစုံ ဖော်မပြနိုင်ဘူး
လက်သီးဆုတ်မျှသာရှိတဲ့ နှလုံးရဲ့
ခေတ္တရူးသွပ်မှုကို
တစ်သက်စာ ခန္ဓာကိုယ်က မလိုက်ကြောင်း
စာတန်းပြုစုပြီး ဘွဲ့လွန်တွေ ထပ်ယူလိုက်ပါ
ခင်ဗျားကိုယ်နှိုက်ကလည်း
ဘက်တီးရီးယားပိုးတွေ ပေပွနေတဲ့လက်နဲ့
ခင်ဗျားနှလုံးသားကို
ဘယ်ချွေးသိပ်ခံချင်ပါ့မလဲ
တရားမျှတပါတယ်
ရွှံ့တွေနဲ့ နင်းကွက်မရှိတဲ့ ကျွန်တော့်ဘ၀ဲ
ခင်ဗျားရဲ့ ရွှေရည်စိမ်ဂုဏ်ထူးတွေ
ဘယ်နစ်မွန်းခံချင်ပ့ါမလဲ
ခင်ဗျားတရားမျှတပါတယ်
ရှုမိရင် ရှိုက်မသွင်းရဲတဲ့
ကျွန်တော့်ငယ်စဉ်တောင်ကျေးကို
ခင်ဗျားရွံရှာနေမယ်ဆိုရင်လည်း
ခင်ဗျားတရားမျှတပါတယ်
ခင်ဗျားတို့ လောကနဲ့ နှိုင်းစာရင်
အမှိုက်တစ်စလို ဟောဒီဂျစ်ပစီရဲ့
ခင်ဗျားအတွက် စပ်ဆိုတဲ့ ဒီကဗျာကို
ခင်ဗျား ဘယ်လိုမှ ဖတ်မိမှာမဟုတ်လည်း
ခင်ဗျား တရားမျှတပါတယ်
ဆယ်ပြားသာ ထိုက်တန်တဲ့ လူသားအတွက်
တစ်မတ်ကောက်ရခဲ့လည်း
ဆယ့်ငါးပြားကျပျောက်ရမှာပဲ မဟုတ်လား
နေနဲ့ ကမ္ဘာရဲ့ တစ်ဘက်ခြမ်းမှာရှိမှ
လ,ဟာ ပြည့်ပြည့်ဝန်းဝန်းသာနိုင်မှာမို့လို့
ခင်ဗျားနဲ့ ဝေးရာမှာပဲ ကျွန်တော်နေပါ့မယ်
ခံစားနေရတာတွေအတွက်လည်း
တစ်ခါက သူတပါးအသည်းကို
အလဟဿခွဲဖူးလေသောကြောင့်တည်းလို့
ကြိတ်မှိတ်ဖြေသိမ့်ပါမယ်
နွေမိုးဆောင်း စက္ကန့်လိုမြန်အောင်
လှနိုင်ရက်လွန်းပါပေတဲ့
ထင်းထင်းပေါ်မျက်ရစ်ကလေး
ဖွေးဖွေးနုနားရွက်လေး
နှစ်ထပ်နှုတ်ခမ်းထူထူလေး
ကျောဘက်ချစည်းထားတဲ့ ဆံစုလေးဆီ
xxxxx ဆိုတဲ့ ဖုန်းနံပါတ်ကို
မဆက်ရလည်း ဘာမှ မဖြစ်ဟန်နေတော့မယ်
လက်ဟန်ခြေဟန်နဲ့ နဖူးက ဆံနွယ်လေးကို ဆွဲဆွဲပြီး
ဖုန်းကိုင်တတ်တဲ့ ခင်ဗျားကို
စိတ်ထဲကြွယ်ဝစွာ
မြတ်မြတ်နိုးနိုးပိုင်ဆိုင်နေတော့မယ်။

Sunday, October 11, 2009

သက်သေ

Sunday, October 11, 2009 Posted by ဂျေဂျူဝိုင်
စကားလုံးတွေနဲ့ ဘ၀ကို
ချုပ်ရိုးလုပ်ထားလည်း
ဉာဏ်နည်းတဲ့သူတွေ ယုံမှာပဲ
အဘိဓာန်ကို အံစာတုံးလုပ်နိုင်ရင်
ခင်ဗျားတို့ လည်တာလောက်တော့
သနားသပေါ့
ကံကြမ္မာနဲ့ လက်ရည်တူ မတူ
သူမသိခဲ့ပေမယ့်
ဘီလူးဆိုတဲ့ သီချင်းလည်း
ပန်းပွင့်စေနိုင်ကြောင်း သူသိတယ်
ကိုယ်ချလိုက်ရတဲ့ သက်ပြင်းကို
ကိုယ်ယုံကြည်ကြတဲ့တစ်နေ့
ခင်ဗျားတို့
မျက်ရည်အစစ်တွေ မကျမိစေနဲ့။

Tuesday, October 6, 2009

ပြောင်းလဲမှု သီအိုရီ

Tuesday, October 06, 2009 Posted by ဂျေဂျူဝိုင်
အကျင့်စာရိတ္တပိုင်းမှာ
ပထမတော့ လူက အကျင့်ကို ဖန်တီးတယ်
နောက်တော့ အကျင့်က လူကိုဖန်တီးတယ်
ချစ်မေတ္တာပိုင်းမှာတော့
ကမ္ဘာအစပိုင်းမှာ အချစ်က လူကိုဖန်တီးတယ်
ခုချိန်မှာတော့ လူက အချစ်ကို ဖန်တီးတယ်
ကောင်လေးတွေလည်း
ငါးမျှားချိတ်က အစာဖြစ်ချင်လာတယ်
ကောင်မလေးတွေလည်း
တစ်ကိုယ်ရေစာ ပင့်ကူအိမ်လေးရက်ဖွဲ့တယ်
အဲဒီမှာတော့
လာဟပ်မိတဲ့ ငါးဖြစ်ဖြစ်
နှောင်မိတဲ့ အင်းဆက်ကောင်ဖြစ်ဖြစ်
အချစ်သက်တမ်း ရှည်ကြာခိုင်မြဲဖို့အတွက်
အမြီးလေးတော့ နည်းနည်းရှည်ရမယ်။