Saturday, November 28, 2009

ငါ တစ်ကောင်

ငှက်တစ်ကောင်ဟာ ငှက်တစ်ကောင်ကို
ငါးတစ်ကောင်ဟာ ငါးတစ်ကောင်ကို
အလဲထိုးတတ်သလား
ငါတစ်ကောင်ကတော့ ငါတစ်ကောင်ကို
ဟိုတစ်နေ့က အလဲထိုးခဲ့တယ်
ငှက်တစ်ကောင်ဟာ ငှက်တစ်ကောင်ကို
ငါးတစ်ကောင်ဟာ ငါးတစ်ကောင်ကို
ချောင်ပိတ်ဖမ်းတတ်သလား
ငါတစ်ကောင်ကတော့ ငါတစ်ကောင်ကို
ဟိုတစ်နေ့က ချောင်ပိတ်ဖမ်းခံရတယ်
ငှက်တစ်ကောင်ဟာ ငှက်တစ်ကောင်ကို
ငါးတစ်ကောင်ဟာ ငါးတစ်ကောင်ကို
ငိုပြတတ်သလား
ငါတစ်ကောင်ကတော့ ငါတစ်ကောင်ကို
ဟိုတစ်နေ့က ငိုပြခံရတယ်
အဲဂလို အချောင်နှိုက်ခံရတဲ့ ငှက်နဲ့ ငါးတို့ဟာ
သတ္တ၀ါတစ်ခု ကံတစ်ခုပေါ့ကွယ်လို့
သူ့ကိုယ်သူ သဘောထားကြီးနိုင်လား
ငါတစ်ကောင်ကတော့
ခြေထောက်ကလေး နည်းနည်းအေးတာနဲ့ ၀မ်းယောင်တယ်။

Saturday, November 21, 2009

ဟာသကဗျာ

ရဲ … “အမှန်အတိုင်းပြောစမ်းမိန်းကလေး”
မိန်းကလေး … “ကျွန်မကို မသိတဲ့ လူတစ်ယောက်က လာနမ်းတယ်”
ရဲ … “ကောင်းပြီ၊ မင်းဘာပြန်လုပ်လိုက်သေးလဲ”
မိန်းကလေး … “ကျွန်မကို ဒီလိုလုပ်လို့ ဘယ်ရမလဲ၊
မဟုတ်မခံတတ်တဲ့ စိတ်နဲ့ ပြန်နမ်းပစ်တာပေါ့” တဲ့။
အဲဒီဟာသလေးလို ကျွန်တော့်ကို မသိဘဲ နမ်းခဲ့သမျှ
ခပ်ကြမ်းကြမ်း ပြန်နမ်းပစ်ခဲ့ချင်တာပေါ့။
ရက်စက်တတ်တဲ့ မျက်နှာတွေမှာ
သနပ်ခါးတွေက အဖွေးသားနဲ့ လှလွန်းနေတော့လည်း
ကြင်နာတတ်တဲ့ မျက်နှာတွေမှာ
မီးဝင်းဝင်းတောက် မျက်လုံးတွေပဲ ထွန်းပေါက်ရခဲ့ပေါ့
ကောက်ကျစ်မှုက သွားတက်လေးနဲ့ ပြုံးနေတော့လည်း
ရိုးသားမှုက အစွယ်တငေါငေါနဲ့ ထွက်ခွါခဲ့ရပေါ့
သူတို့ အတ္တကို ထပ်မံအမွန်းတင်ခဲ့ကြလို့
ရာသီဥတုပျောက်ဆုံးကုန်ခဲ့ကြကြောင်း
သူတို့ နည်းနည်းလေးဖြစ်ဖြစ် သိကြရင် ကောင်းမှာ
မေတ္တာမှန်ရင် ရောင်ပြန်ဟပ်မှာပါ ..တဲ့
သွေးအေးတဲ့ မျက်လှည့်ဆရာရဲ့
အဝေးက လှမ်းချော့တဲ့ တေးသံကို
ပျားသကာလို ချိုကြလိုက်တာ
အတွင်းမှာပုန်းနေတဲ့ အဆိပ်ပြင်းတွေနဲ့
မှားယွင်းခွင့်ကို အားဆေးထိုးနေမှန်း မသိကြဘူး
ကျိုပြီးချက်ပြီး သောက်ချင်ရလောက်အောင်
အေးအေးဆေးဆေး ထိုင်ငေးချင်ရလောက်အောင်
နောင်တဟာ သိပ်ပြီး မက်မောင်စရာကောင်းနေသလား
မီးပုံထဲ ကျည်ဆံတွေ အပြည့်ထဲ့ပြီး
ဝိုင်းကြီးပတ်ပတ်ကနေကြတဲ့ သူတွေအတွက်
ဖူးပွင့်ဝေဆာနေတဲ့ ၀မ်းနည်းမှုပန်းခြင်းရယ်
မှိုစော်နံနေတဲ့ အောင်မြင်မှုဆုတံဆိပ်ရယ်
တကယ်မရှိတဲ့ သုဂတိသို့သွားရာလမ်းရယ်
ကိုယ့်ကိုယ်ကို ပြန်ရှာရမယ့် မှန်တစ်ချပ်ရယ်
ဟာသထဲက မိန်းကလေးရဲ့ မခံချင်စိတ်မျိုးနဲ့
စင်စင်ကြယ်ကြယ် စူးစူးနစ်နစ် ပြန်ပေးလိုက်ပါတယ်
နတ်လူ သာဓု ခေါ်စေဖို့။

Tuesday, November 17, 2009

သူငယ်ချင်း

“နေ့ပြောနောက်ကြည့် ညပြောအောက်ကြည့်”တဲ့။
နေ့ရော ညပါ မင်းအကြောင်းပြောခဲ့ပါတယ်
ကိုယ့်နှလုံးသား အောက်မှာရော အောက်မှာပါ
မင်းရောက်မလာခဲ့ဘူး

မျက်တောင်ထူထူနဲ့ ငါကောနေတဲ့အလှတွေ
ခြေဖွဖွနင်းပေမယ့် လူမိသွားတဲ့ ငါ့အကြည့်တွေ
မင်းရှေ့တည့်တည့်ကနေ ငါ ဘယ်သွားနေရမလဲ

မင်းရဲ့ ခပ်မဲ့မဲ့အပြုံးနဲ့
ငါ့ရဲ့ ညရေးညတာခက်အောင်
အိပ်မက်ဆိုး ကျိန်စာ မတိုက်ပါနဲ့
ငါ့မှာ တစ်ရာသီလုံး ခြောက်သွေ့တယ်

မကြာခဏဆိုသလိုပါပဲ
ငါ့ရဲ့ ကိုယ်နှုတ်စိတ်သုံးပါးလုံး
မင်းကိုချစ်တဲ့ စိတ်ကြောင့် ပျောက်ဆုံးသွားတိုင်း
ငါ ဆုံးရှုံးရမှာ အကြောက်ဆုံးက
ငါ့အသက်နဲ့ မင်းဘဲရှိတယ်လို့ ပြောမိတယ်

မင်းက
မစနဲ့ကွာ ... တဲ့
မင်းပုတ်ထုတ်လိုက်တဲ့ ဘောလုံးကို
ငါ ဘယ်ကွင်းမှာ သွားကန်ရမလဲ။

Sunday, November 8, 2009

ပဉ္စလက်မီးအိမ်

ကျောက်သားဖြူ စားပွဲတစ်လုံးပေါ်မှာ
အူဟောင်းလောင်း ထွက်ကျနေတဲ့
စက္ကူကဒ်ပြား သူတောင်းစားတစ်ယောက်
ဘူတာရုံ ပလက်ဖောင်းတစ်ခုပေါ်က ဆေးလိပ်ပြာများ
ရုပ်ပုံလွှာတစ်ခုရဲ့ ရုပ်ပုံလွှာ
ရပ်နေတဲ့ နာရီချိန်သီး အလေးချိန်နဲ့
သူ့ရဲ့ ပျောက်ဆုံးနေတဲ့ ခဏငယ်လေးများ
...ဆန်ကိတ်မုံ့တစ်ခါပေါ်က
စပျစ်သီးတစ်လုံးရဲ့ အံ့စရာတစ္ဆေ
အလွမ်းနာကို ၀ိုင်အရက်နီတကျိုက်နဲ့
သစ်ပင်ရင်း ငုပ်ဆင်းသွားတဲ့လူတစ်ယောက်
ဖယောင်းတိုင်တစ်ထုတ်ရဲ့
မျက်စိကျိန်းစေတဲ့ အလင်းရောင်များ
ပန်းခြံတစ်ခုထဲမှာ
စုတ်ပြတ်နေတဲ့ သံပတ်အပြုံးကိုပြုံး
အိပ်ငိုက်နေတဲ့ ကလေးငယ်တစ်ယောက်ကို ရင်မှာပွေ့ပြီး
ညစ်ပတ်တဲ့ ဗလာခြေထောက်နဲ့ မြေကြီးကို ကုတ်ခြစ်ရင်း
အရိပ်နဲ့ မေ့လျှော့နေတဲ့ ကလေးအဖေရဲ့ပုံပန်းကို
အစပြန်ဖော်နေတဲ့ စိတ်ပျက်ဖွယ် အရူးမငယ်တစ်ယောက်
အ၀တ်စုတ်ထွေးထားတဲ့
မွေးကင်းစကလေးငယ်ကို
လမ်းသွားလမ်းတွေကို လိုက်လိုက်ပေးနေလေရဲ့
အနုပညာရွယ် ကလေးငယ်ကို ချော့သိပ်နေတဲ့
အစိမ်းရောင်သစ်သား ဂစ်တာတစ်လက်
ဝန်စည်စလယ် အပြည့်သယ်လာတဲ့
မီးရထားလက်မှတ်တစ်စောင်
သဘာဝရှုမျှော်ခင်းတစ်ခုကို
ဖျက်ဆီးနေတဲ့ မျက်နှာတစ်ခုကို
ဖယ်ပစ်လိုက်တဲ့ လက်တစ်ဖက်
အတွေးအခေါ်ဟာ
အခန်းတံခါးနားက သူတို့နေရာဖြစ်တဲ့
ပေါင်မုန့်တွေ ဖိနပ်ကြားတွေကို ပြန်ရောက်သွားတယ်
အတွေးအခေါ်ဟာ မျက်လှည့်နောက် ပါသွားကြတယ်
အငွေ့ဖြစ်ကုန်တယ် အကြောတွေသေကုန်ကြတယ်
ခံစားချက်ကင်းတဲ့ ကမ္ဘာကြီးတစ်ခု
ပြန်ရှာမတွေ့တဲ့ ကမ္ဘာကြီးတစ်ခု
ဆွေးနွေးပြလို့မရ ရှင်းပြလို့မရတဲ့ ကမ္ဘာကြီးတစ်ခု
မူးယစ်ခြင်းလည်းရှိ မူးယစ်ခြင်းလည်းမရှိတဲ့ ကမ္ဘာကြီးတစ်ခု
ဝမ်းနည်းခြင်းလည်းဖြစ် ရွှင်ပျခြင်းလည်းဖြစ်တဲ့ ကမ္ဘာကြီးတစ်ခု
စစ်မှန်ခြင်းလည်းရှိ မှားယွင်းခြင်းလည်းရှိတဲ့ ကမ္ဘာကြီးတစ်ခု
ညဥ့်ယံလည်းရှိ နေ့ခင်းလည်းရှိတဲ့
ငရဲပြည်လိုလှတဲ့
ကမ္ဘာကြီးတစ်ခု.........။

ပရေးဗားရဲ့ကဗျာပါ။ ကျွန်တော့်လို ၀ါသနာတူ သူငယ်ချင်းတွေလည်း ခံစားစေချင်လို့ ဝေမျှပေးတာပါ။ ကျွန်တော်ကြိုက်တဲ့ ကဗျာပုံစံလည်းဖြစ်ပါတယ်။

Saturday, November 7, 2009

မှားမိခြင်း

ကိုယ့်လုံခြုံမှုအတွက် မဟုတ်တဲ့ စစ်ပွဲကို
ဝမ်းနည်းစရာကောင်းတဲ့ ဇာတ်သိမ်းပါတဲ့
ရုပ်ရှင်တစ်ကားလို အောက်မေ့လိုက်သင့်မယ်
မိုးခါးတောထဲမှာ ကြောင်တောင်တောင်
သွားရပ်မိတာ င့ါအမှားပဲ
ဒါလူတွေရဲ့ ပုံမှန်မှားယွင်းမှု
နာရီပျက်ထဲက မှန်ကန်မှု
ရှိုက်သံပါဝင်တဲ့ ပျော်ရွှင်မှု
တတိယကမ္ဘာရဲ့ ယဉ်ကျေးမှု
ဂုဏ်သရေရှိ လူကြီးမင်းတို့ရဲ့
ဘ၀ကို ပူဇော်မှု
ဒါ လူအန္ဓတိုရဲ့ ကူးစက်ရောဂါ
ခြောက်ချားမှုရဲ့ လုံခြုံရာ
မှိုစော်နံနေတဲ့ အောင်မြင်ရာ
မျှော်လင့်မိတဲ့ သုဂတိလားရာ
သားရဲတို့ရဲ့ သီလစောင့်စည်းရာ
ယောင်ချာချာဘ၀ရဲ့ ထိရှရာ
ဒီလို အမှန်တွေကိုမှ သွားသိရတယ်လို့
ကဲ ကဲ ကဲ
အမှုဆင်ဖမ်းထားတဲ့ အသိတရားကို
ကြိုးမိန့်ပေးလိုက်ကြပါတော့
အမှုကို ဒီလိုဖွင့်လိုက်
ဆောခရတ္တိ သောက်ခဲ့တဲ့ အဆိပ်အကြောင်း
သိလိုက်တာ တစ်ခုမှားခဲ့တယ်ပေါ့။

Friday, November 6, 2009

ဒဏ်ရာမပေါ်တဲ့အနာ


မင်းငိုမှာ အရမ်းစိုးပေမယ့်
မင်းငိုရအောင် ငါပဲ နာကျင်စေခဲ့တယ်
ငါ မချော့ပါရစေနဲ့လို့
ငါ့ကိုယ်ငါ တိုက်တွန်းနေရင်း
မငိုပါနဲ့လို့ တားမိပြန်တယ်
ညီမလေးရေ
ကိုယ့်ဒုက္ခမို့
ကြီးကျယ်ပြနေတာ မဟုတ်ဘူး
ဒီတွင်းက မင်းထင်တာထက်
အဆတစ်ရာပြန်နက်တယ်
ထသွားမိခါမှ ငါ့ကြောင့်
မင်းဘ၀တစ်ခုလုံး
ဟပ်ထိုးလဲ ကျိုးကျရမှာ
မင်း မသိသေးလို့ပါ
နှလုံးသားရဲ့စကားကို
အမှန်တရားတွေ မျက်စိမှားနေချိန်
ဘ၀တစ်ခုလုံး မျက်ရည်ထဲ မမျောအောင်
ခါးခါးတူးတူး မြိုသာချလိုက် ညီမလေး။

ဆေးဆိုတာ ခါးတယ်

အတုတွေက တူလာတော့လည်း
အတူတွေက လိုက်တုရတော့တာပ
အမှန်တရားက ခါးတယ်ဆိုရင်
အမှားကတော့ ချိုမှာပဲ
လူတွေကလည်း သကာကိုပဲ ကြိုက်တယ်လေ
သဒ္ဓါတွေ လွန်ထားကြလေတော့
တဏှာကျွန်လို့ အခေါ်မခံရအောင်
တားတဲ့သူ လူယုတ်မာ ဖြစ်ကရောပဲ
(ရှုး – တိုးတိုး သိရင် တိတ်တိတ်နေ)
ဆုတ်ကပ်ကို အပြစ်မဆိုတော့ပါဘူး
ရုပ်ဓာတ်တွေ မွဲသထက် မွဲဦးမှာမို့
ဘ၀ယာဉ်ကြောတစ်ခုလုံး
(ကျွမ်းထိုး မှောက်ခုံဖြစ်အောင်)
မုသားတောထဲ
ဂီယာ တစ်ချက်ထပ်ထိုးလိုက်စေဦး။