Friday, April 30, 2010

ငါ့ရဲ့ အဝေးက အနီးဆုံးကောင်းကင်

အဝေးကို လှမ်းငေးကြည့်လိုက်တယ်
မြေကြီးနဲ့ကောင်းကင်
တပူးတွဲတွဲစကားပြောကြရဲ့
ပင်လယ်ဟာကောင်းကင်ကြောင့်ပြာတယ်
ဘယ်လိုမှ မဖြစ်နိုင်ဘူးကောင်မလေး
မင်းကိုချစ်လို့ ဒီစကားကိုငါပြောတယ်
အဝေးကနေ နီးစပ်နေကြတဲ့ရင်ဘတ်နှစ်ခု
အလွမ်းငွေ့တွေနဲ့ဝိုင်းပတ်ကာရံထားတယ်
မေ့မေ့မောမောနဲ့ ပျော်နေခဲ့တာမဟုတ်ပါဘူး
ရင်ဘတ်ကိုဆုတ်ဖြဲပြီးပြုံးရိပ်သန်းပြနေရတာ
ငါတို့နှစ်ယောက်ကြား အမှန်တရားတွေဖြတ်ဖြတ်ပြေးတိုင်း
ငါ့ကိုယ်ငါ ပျောက်ဆုံးပစ်လိုက်ချင်တယ်
မင်းရဲ့ငိုသံတွေကြားမှာ
ပြိုဆင်းကျခဲ့ရတဲ့ငါ့ရဲ့မျက်ရည်ငွေ့တွေ
ဆွေးဆွေးမြေ့မြေ့ပဲထိုင်ငေးနေလိုက်ရတယ်
လောဘတကြီးပိုင်ဆိုင်ချင်ခဲ့ပါရဲ့
လမင်းမသာတဲ့ညဥ့်နက်နက်မနက်ဖန်တွေ
ကောင်းကင်ရောင်ပျောက်သွားတဲ့ပင်လယ်လို
ကိုယ့်ကိုယ်ကိုပြာလွင်ဖို့မဖြစ်နိုင်တဲ့အဖြစ်မှာ
ငါလေ....
``မင်း ကို သိပ် ချစ် တာ ပဲ´´
အဝေးကပဲကြိုးညှိနေရတယ်။


ထွန်းလင်းသစ်ကို ကဗျာစပ်ပေးပါလို့ပြောတော့ သူက အမှန်အတိုင်း စပ်ပေးသွားတယ်။

Wednesday, April 21, 2010

အလွမ်းနင့်နင့်..နဲ့... အဆင့်အဆင့် အမြင့်အမြင့်ကနေ.. တရင့်ရင့်.. ကြွေ

(၁)

အလွမ်းတွေကို
အလွမ်းအတိုင်း ထားရှိရင်း
ဆူလွယ်နပ်လွယ် ပန့်ခ် သီချင်းတစ်ပုဒ်ကိုပဲ ညဉ်းနေမိ

အိုကွယ်..
ချစ်သူ့ မျက်ဝန်းကလေးကို သတိတရနဲ့
ချစ်သူ့ ရင်ညွန့်ထက်က လော့ကတ်သီးလေးရယ်
ချစ်သူ့ လက်ကောက်ဝတ်က နတ်ဘုရားဆင်းတုရယ်ကိုပဲ
သဲကြီးမဲကြီး နာလိုခံခက်ဖြစ်နေရ
အနှိုင်းအဆ ဟာ ဒီလောက်လေးပါပဲ ချစ်သူ...



(၂)

ချစ်သူရယ်လေ..
ပူတယ်...
ဟောဒီ မန္တလေးဟာ ပူတယ်..
ကိုယ့် ရင်ထဲမှာလည်း ပူနေတယ်..
ကိုယ်တို့နှစ်ဦးရဲ့ ရှေ့ခရီးဟာလည်း မီးလိုပဲ ပူနေမတဲ့လား..?
ကိုယ် မထိကိုင်ဖူးသေးတဲ့ ချစ်သူလက်ဖ၀ါးလေးထဲမှာ
ကိုယ့် ဘ၀ရဲ့ အရာရာကို ဆုပ်ကိုင်ထားပြီး
အေးငြိမ်းသောခရီးဆီ နင် ထွက်ခွာသွားသင့်ပြီပဲ ချစ်သူလေးရယ်...

“ထားခဲ့တော့ပါ
ရင်မှာ နာလည်း
ကိုယ့် အသဲကို
ကွဲဖို့ အသင့်
ခင်းဆင့်မယ်...” တဲ့
အလျားလိုက် ဖြန့်ခင်းပေးထားသော သံယောဇဉ်မှာ
အသာအယာပဲ ဖြတ်လျှောက်သွားလိုက်ပါကွယ်
ချစ်သူ့ ဖ၀ါးနုနုနယ်နယ် အန္တရာယ်ကင်းစေရခြိမ့်မယ်...



(၃)

ချစ်သူရယ်လေ..
တစ်ယောက်ဆီတစ်ယောက်က
ရောက်ရှိချင်ရက်နဲ့ ဝေးနေရခြင်းဟာ
ကိုယ်လိုကောင်အတွက် ပိုပြီး “နာ” ရတယ်
ကိုယ်လိုလူအတွက် အိပ်မက်ထဲထိ “သေ” ရတယ်
ကိုယ်လို နှလုံးသားအတွက် ဗဟိုချက်ဆီ ကွက်တိ “ထိ” ပါတယ်..

“ဂျေဂျူဝိုင်ဆိုတာ ဆိုတာ
ဘ၀နဲ့အချစ်မှာ ဥပစ္ဆေဒကကံနဲ့ နတ်ဖြစ်သွားတဲ့ သတ္တ၀ါ” ... တဲ့
ဒါဟာ တကယ်ပဲ ချစ်သူလေး
အလွမ်းအဆွေးတွေ ရာနှုန်းများများနဲ့
ကိုယ့် ဘ၀ပေါ် ၀ဲဝဲကျလာတဲ့ ဓားချက်တိုင်းမှာ
ကိုယ့် ခံနိုင်ရည်ဟာ ထိုင်းမှိုင်းလာခဲ့ရ...

ချစ်သူပေးအပ်သမျှ ချိုမြိန်ခြင်းတွေနဲ့တင်
ကိုယ့်ရင်ဘတ်ရဲ့ ကိုလက်စထရော အချိုးအစားကလည်း
မတန်တဆပဲ များ များ လာခဲ့ရ...

ချစ်သူရေ..
ဝင်သက်လေ ထွက်သက်လေ အထိအခတ်တိုင်းမှာ
ချစ်သူ့ ခေါ်သံလေးဟာ ငြိလာကပ်ပါ
အဲဒီလို အခါများမှာ အသက်ရှူကြပ်လာ
အလွမ်းဆိုတာ..
အယ်လ်ကိုဟော ဆချိုးများများနဲ့ ဒရာဘယ်လ် ဘီယာ
ကိုယ် ယစ်မူးတတ်ခဲ့တာလည်း ကြာပြီပဲကွယ်...



(၄)

ချစ်သူရယ်လေ..
ကိုယ်လေ တိတ်တိတ်လေး
အတွေးထဲမှာ ခိုးခိုးပြီး စိတ်ကူးယဉ်

“ ချစ်သူ သတိမထားမိလိုက်ပဲ
ချစ်သူ့ ဆံနွယ်ဖျားကနေ ခြေဖ၀ါးလေးဆီအရောက်
တောက်လျှောက်စီးဆင်းခွင့်ရသော ရေစက်မှုန်ကလေး ဖြစ်ချင်..”

“ချစ်သူ့ လွတ်လပ်ခြင်းတွေအတွက် ချစ်သူ အနှံ့အပြားဆီ ထိကပ်ခွင့်ရတဲ့
ညဥ့်လွှာရုံ အ၀တ်အထည်ပါးပါးလေး ကိုယ် ဖြစ်ချင်..”

ဒါမှ မဟုတ်ရင်လည်း..
“ချစ်သူ နံနက်တိုင်းလိုလို စားဖြစ်တဲ့ ကြာဇံကြော်ထဲက
ဆတ်တောက် ဆတ်တောက် နင် ၀ါးမိတဲ့ မုန်လာဥနီဖတ်လေး ဖြစ်ချင်..”

“ချစ်သူ ချော့သိပ်လိုက်ရင် ချက်ချင်းပဲ အိပ်ပျော်သွားမယ့်
ငိုသံကျယ်ကျယ် ကလေးလေး ကိုယ် ဖြစ်ချင်..”

ဒီလိုပဲ တိတ်တိတ်လေး ခိုးခိုးပြီး စိတ်ကူးယဉ်
ချစ်သူ... မသိဘူး...


(၅)

ချစ်သူရယ်လေ..
ကိုယ်တို့နှစ်ယောက်ရဲ့
ဥပဒေမဲ့ အပြာနုရောင်ချစ်ခြင်းတရားခွင်မှာ
ကိုယ်ဟာ ချစ်သူကို စီရင်ပိုင်ခွင့်ပေးထားသလို
ချစ်သူကလေးကလည်း ကိုယ့်ကိုပဲ စီရင်ချက်ချစေချင်တယ် ဆိုတာ
ကိုယ်နားမလည်သော ဘာသာစကားကို နားထောင်ရင်း ကိုယ် နားလည်လာ..

ကိုယ်တို့ တစ်ဦးစီအတွက် တစ်ဦးက
ဝင်ရလွယ်ပြီး ထွက်ရခက်တဲ့ ၀င်္ကပါ တဲ့လား..?
ကိုယ်တို့ လှလှပပလေး မှားခဲ့ကြပြီ ထင်ပါရဲ့ကွယ်...



(၆)

“လူဖြစ်လာတာက ပထမအမှား
လူလိုခံစားတတ်တာက ဒုတိယအမှား..” တဲ့
ဒီလိုဆို...
တတိယအမှားဟာ ကိုယ့် မှန်ကန်ခြင်းတရားပဲပေါ့
နင့် နှလုံးသားမှာ ဖြစ်တည်တယ်လေ...

ချစ်သူရေ..
ခြေခင်းလက်ခင်း သာ သာ ၊ မသာ သာ
အလွမ်းတစ်ခုက အလွမ်းတစ်ခုကို ဆာလောင်လို့
ကုန်းမြေတစ်ပြင်က ဟိုဘက်ကုန်းမြေတစ်ပြင်ကို ဆာလောင်လို့
ဆာလောင်ခြင်းအထပ်ထပ်က ကိုယ့် ရင်ဘတ်တည့်တည့်ကို ဆာလောင်လို့
ည ည များဆို ယောင် ယောင်ပြီး စမ်းကြည့်မိ
ချစ်သူကလေး ရှိမှ မနေပဲကို...

အဝေးမှာ..
လေပြည်လာရာအရပ်ဆီ ဆန့်ထုတ်ထားတဲ့ ကိုယ့် လက်ဖ၀ါး
ချစ်သူ ခံစားတတ်ရင် နာကျင်ရပစေ ကိုယ်ကျေနပ်နိုင်ရဲ့
ဘာကို ပေးဆပ်ရမလဲ..?
ဘယ်လောက်အထိ ပေးအပ်ရမလဲ..?
ဘယ်အခြေအနေရောက်အောင် ကိုယ့်ကို သယ်ဆောင်သွားမှာလဲ..?
ဒီလိုနွေတွေပဲ ကိုယ့်ဆီတဖွဲဖွဲရွာသွန်းလို့
ကိုယ့်အရိပ်မှာ ချစ်သူ စိတ်တွေပဲ အခါခါ ထွန်းကားတယ်...



(၇)

ချစ်သူရယ်လေ..
ချစ်ခြင်းတရားမှာ
အရာရာဟာ မြင့်မြတ်သွားစတမ်း ဆိုရင်လည်း
ကိုယ့်ဘ၀ထဲက ကြက်ခြေခက်များစွားကို
သူရဲကောင်းတံဆိပ်လိုပဲ ၀ံ့ဝံ့ကြွားကြွား ကိုယ် ခံယူလိုက်ချင်ရဲ့..
တစ်နေ့ ထိမှန်လာမယ့် ကံတရား ကျည်ဆန်မှာပဲ
သံသရာတစ်ပြင်လုံး အုံးအုံးမြည်အောင် ကွဲပျက်လိုက်ချင်ရဲ့..
မြတ်နိုးခြင်းများစွာနဲ့ တွန်းဖွင့်ခဲ့မိသော ပန်းနုရောင်တံခါးချပ်ကို
ကိုယ် ကိုယ်တိုင်ပဲ ဂျက်ချထားလိုက်ချင်ရဲ့ကွယ်...

ကောင်မလေးရေ..
Love you... , Need you...
လွယ်လွယ်ကူကူနဲ့ ကိုယ်ပြောခဲ့တာ မဟုတ်သလို
Forget me... , Leave me...
ဒီလိုပြောဖို့လည်း ကိုယ့်မှာ မလွယ်ကူပြန်တဲ့နောက်
အလိုလိုကွယ်ပျောက်လွင့်ပါးသွားရှာမယ့်
တိမ်တွေသွားရာ ညဥ့်လမ်းမမှာ
အလွမ်းအစအနတွေ ဖွဖွခြွေရင်းပဲ ဆက်လျှောက်
ဘယ်ဆီကိုပဲ ရောက်ရောက်ပေါ့ကွယ်...



(၈)

ချစ်သူရယ်လေ..
အခြေအနေဆိုတာကို ပြောင်းပြန်လှန်ပစ်ဖို့
ဘယ်ပရောဖတ်ရဲ့ ဟောညွှန်ချက်ကို ကိုယ် ယုံစားရပါ့..
အိုလံပီယာတောင်ကုန်းထက်က
ဘယ်နတ်ဘုရားရဲ့ယဇ်ပလ္လင်မှာ ကိုယ့်ရှင်သန်ခြင်းကို ပသတင်မြှောက်ရပါ့..

ရယူလိုခြင်း တစ်ဆယ့်ငါး ရာခိုင်နှုန်း
ပေးဆပ်လိုခြင်း သုံးဆယ့်ငါး ရာခိုင်နှုန်း
ကိုယ့် မသိနိုင်ခြင်းက လေးဆယ့်ကိုး ရာခိုင်နှုန်း
ကိုယ်တို့ ဆုံဆည်းခွင့်က မစို့မပို့ တစ်ရာခိုင်နှုန်း
ဒါကိုမှ ကိုယ် ပြုံးပြုံးလေး နေထိုင်နိုင်တယ် ဆိုရင်လည်း
နောက်ဆုံးထွက်သက်ရဲ့ ပထမအပြုံးပဲ ဖြစ်ပါလိမ့်မယ်...



(၉)

“လာမယ့်ဘေး ပြေးတွေ့လိုက်စမ်းပါ ဂျေဂျူဝိုင်ရာ..” တဲ့
အစ်ကိုရေ.. အဲဒီကောင်မလေးဟာ ဘေး မဟုတ်ဘူး အစ်ကိုရဲ့
မြတ်နိုးခြင်းတရားတွေနဲ့ သွန်းခတ်ထားသော ပွင့်လွှာဓားတစ်လက်
လက်ကိုင်ရိုးမှာ သူမ ခေါ်သံလေးကို စွပ်တပ်ထားလေရဲ့..

အဲဒီဓားတစ်လက်ရဲ့အေးစက်စက်ဂုဏ်သတ္တိမှာ
ထိတွေ့မိလိုက်တိုင်း အသိနဲ့ စောင့်စည်းခြင်းဟာ အရှင်လတ်လတ် ကျောက်သားဖြစ်ရတယ်
အဲဒီကျောက်သားတွေကပဲ တဖျပ်ဖျပ်လှုပ်ခါအိကျတတ်လာပြီး
သူမ ရှိရာအရပ်ဆီ ဦးညွှတ်စီးဆင်းရပြန်တယ်...

တခါတရံ များစွာမှာလည်း
နှစ်ပေါင်းတစ်ထောင်ကြာ သိမ်းဆည်းထားတဲ့ ၀ိုင်တစ်ခွက်လိုပဲ
ရှိန်းခနဲ ဖိန်းခနဲ အနှိုးအဆွ .. ဘ၀နဲ့မာနကို ရုန်းကြွအောင် အားခွန်ပေးတယ်
အဲဒီဓားတစ်လက်ရဲ့ စေညွှန်ရာ အရပ်မျက်နှာမှာ
သစ္စာတရားနဲ့ အခြားအခြားသော စိတ္တဇလိုအပ်ချက်တွေ ပြည့်စုံနေမလား လို့လည်း
ရင်ကွဲပက်လက်အိပ်မက်တွေနဲ့ အိပ်စက်တတ်လာပါတယ် အစ်ကိုရေ...



(၁၀)

ချစ်သူရယ်လေ..
လာမယ့် နွေနှောင်းမှာ ကိုယ်ဟာပြက္ခဒိန်ကို လှန်လှောရပေဦးမယ်
လူလူသူသူခံစားတတ်ခြင်းလမ်းမထက်က
ကိုယ့် နှစ်ဆယ့်ရှစ်ကြိမ်မြောက် ညစာစားပွဲမှာ
ဘ၀ဟာလည်း အကြမ်း အနု အယုအယ အစအနောက်အကြောက်အကန်
ဟန်မျိုးစုံ ပဉ္စလက်တရားမှာ ထုသားနေသား ကျနလာရပေဦးမယ်
SS.တပ်ဖွဲ့မှူး “ဂျင်နရယ် ဟင်းမလား” ကပြောတယ်
“ယုံကြည်ချက်နဲ့ လျှောက်တဲ့လူဟာ အလောင်းကောင်တွေပေါ် ခွကျော်သွားရဲရမယ်..” တဲ့
ကိုယ့်မှာတော့ ယုံကြည်တာတွေ ရှိပေမယ့်
ဘယ်အလောင်းကောင်ကိုမှ ခွကျော်မသွားချင်သလို
လဲနေတဲ့အလောင်းကောင်တွေထဲမှာလည်း ကိုယ် မပါဝင်ချင်ဘူး...

အဝေးက မျက်ခွံမို့မို့လေးရေ...
တိမ်တွေ ဘယ်ဆီ ရွေ့တယ်... ချစ်သူရှိရာ ရွေ့တယ်
မိုးတွေ ဘယ်ကို ညှို့တယ်... ဟို့.. အရှေ့ယွန်းယွန်းကို ညှို့တယ်
နက္ခတ် တာရာ ဘယ်မှာ စုံတယ်... ကိုယ့် ရင်ဘတ်မှာ စုံတယ်
လေပြေ ဘယ်နား ပွတ်သပ်သွားတယ်... ဆံနွယ်မျှင်ကြား ပွတ်သပ်သွားတယ်
သစ်ရွက် ဘယ်လို ကြွေမယ်... ချစ်သူဆိုတဲ့ တေးသွားရိပ်ခို အလိုလိုကြွေတယ်
တံခါးတွေ ဘယ်အချိန်ပိတ်မယ်... ချစ်သူပြန်လာတော့မှ ပိတ်မယ်
ဂျေဂျူဝိုင် ဘယ်တော့ အိပ်မယ်
ချစ်သူလေး .. သိပ်..မှ... အိပ်...တော့....မယ်.....လေ.......။




ကေခမ်းရဲ့ကဗျာပါ။
နည်းနည်းလေးတော့ ကိုယ့်နာမည်ယူလိုက်ပါတယ်

Monday, April 12, 2010

ဇယား

တရားကျဖို့ကောင်းလိုက်တာ
“တရားတွေကျတော့
မတရားတွေ တက်လာတာပေါ့ကွ”
နဝေတိမ်တောင် ထအော်တယ်
တရားကျနေတာကို ကျွန်တော်
ဖွတ်ထွက်လာတဲ့အထိ ကြည်ညိုခဲ့မိတယ်
တရားအေးရိပ်ဆိုပြီးတော့
အဆိပ်ဆေးတိုက်ကျွေးတာ
စားခဲ့ဖူးတယ်
ဒါကို
အရူးတွေက သဘောတူ
အပေါတွေက လေးခုမြောက်
အပြစ်ပေါ် ပစ်တင်ပေး
ပြီးတော့
သန္ဓေကန်းအတွက်
အလင်းကို လက်နဲ့ ပြသလို
ပါးစပ်နဲ့ပြောတဲ့ အမှန်တရားကို
လက်နဲ့လိုက်စမ်း
နောက်ဆုံး
“ရှင်တို့ ပျင်းနေမယ်ထင်လို့
ကျွန်မ မျောက်က ကပြတာပါ” တဲ့
ဆေးတစ်ခွက်နဲ့ ပျောက်တဲ့ရောဂါ
သိပ်ရှားတယ်။

Friday, April 2, 2010

ငိုမိတယ်

“အွန်လိုင်း” လို့ကြားလိုက်တာနဲ့
ကိုယ့်စိတ်တွေ ဖမ်းလို့ မရတော့ဘူး
တော်တော်ဝေးတဲ့အထိ
တော်တော်မြင့်တဲ့အထိ
စိတ်ကို “သတိ” လို့ဆွဲပြီး
ငြိမ်ငြိမ်နေခိုင်းလို့ မရဘူး
“ရ” ကိုမရမကဆွဲထည့်ပြီး
သတိရ
အချိန်ရှိတိုင်းသတိရ
သတိရတိုင်း
အလွမ်းတွေက အပိုင်းပိုင်းကျိုးကျတာ
အသုံးမကျတဲ့ကောင်
အလကားကောင်ဆိုတဲ့
ကိုယ့်ရင်ဘတ်ထဲအထိ