Wednesday, July 11, 2012

မမုန်းတတ်သူများ

Wednesday, July 11, 2012 Posted by ဂျေဂျူဝိုင်


မုန်းပစ်လိုက်ဖို့လည်း မလိုအပ်တော့ပါဘူး
ရင်နာပစ်လိုက်ဖို့လည်း မလိုအပ်တော့ပါဘူး
အကြင်နာတွေ နာကျင်မှုတွေ ထွေးပိုက်ထားတဲ့
ဟောဒီ သူသူငါငါ ခန္ဓာကိုယ်ကြီးကို
ဘာကြောင့်မှ အပြစ်မရှာရက်တော့ပါဘူး
သူ့ကိုယ်မှာကပ်နေတော့ သူ့အလိုလိုက်ရင်း
မသိလိုက် မသိဘာသာ ငါတို့ ကြီးပျင်းလာတာ
တတိယအရွယ်ဆိုတာကြီး နီးနီးလာ
ပေးဆပ်ပြီးရင်း ပေးဆပ်ရတဲ့ အကြွေးတွေပဲ
မကျေနိုင် မဆပ်နိုင် ဖြစ်နေရတာပဲ
ဘယ်ဘုရားမှလည်း မချွတ်နိုင်
ကိုယ်လည်း ဘယ်တရားနဲ့မှ မကျွတ်နိုင်
သံသရာကိုလည်း မသိနိုင်
အဖန်တရာတွေလည်း မကြောက်နိုင်
ဒီရုပ်နာမ်အပေါ် အနစ်နာခံ
ကဗျာမဆန်အောင် ဆက်ချစ်နေကြမှာပဲ
ခင်ဗျားလည်း ဒီလိုပဲ မဟုတ်လား။

မင်းနှလုံးသားက ဘယ်မှာ?

Wednesday, July 11, 2012 Posted by ဂျေဂျူဝိုင်

ကိုယ်နမ်းလိုက်တဲ့ နှုတ်ခမ်းမှာ
တုန်ရီရှိုက်ငိုနေတာက
ကိုယ့်အတွက်မှ မဟုတ်ခဲ့တာ
ခွင့်လွတ်ချစ်ခဲ့ပေမယ့်
ကိုယ်လည်း သာမန်ယောက်ျားတစ်ယောက်ပါပဲကွယ်
မင်းနှလုံးသားမှာ အဝေးမှာရောက်နေခဲ့တာပဲ
ကိုယ့်အတွက်မရည်စူးတဲ့ အေးစက်စက်အနမ်းကို
ခံယူရလောက်အောင်လည်း ကိုယ်ရှက်တတ်ပါသေးတယ်
နဒီဝင်္ကံ မှာ ဘယ်လိုကွေ့ကောက်မလဲ
ဣတ္ထိဝင်္ဂံ မှာတော့ ခပ်ချိုချို အပြုံးတွေပဲ
အချစ်သံစဉ်နဲ့ သီချင်းလေးဆိုညည်းတဲ့
ဝင်္ဂံအောက်မှာ ကိုယ့်မနက်ဖြန်တွေ ကျပျောက်ခဲ့တယ်
တဝဲလည်လည်နဲ့ မလွတ်ရဲတဲ့ လက်အစုံကိုလည်း
ကိုယ့်အတွက်ဆို အေးစက်
အချစ်ရယ်…
တခါက အရည်လဲ့ခဲ့တဲ့ အချစ်မျက်ဝန်းမှာ
အခုလည်း အချစ်ရည်လဲ့နေဆဲ
တစ်ခါက ချိုမြခဲ့တဲ့ အပြောအဆိုမှာ
အခုလည်း ချိုမြနေဆဲ
တခါက ကြယ်တွေ တဖြုတ်ဖြုတ်ကြွေတဲ့ အပြုံးမှာ
အခုလည်း ကြယ်တွေ တဖြုတ်ဖြုတ်ကြွေဆဲ
မာယာကသာ နည်းနည်းလေး မြေပုံလွှဲလွှဲသွားခဲ့။