
သူခိုးကို ဓားရိုးကမ်းသော မိန်းမနှင့် အတူနေထိုင်ခြင်း

Friday, February 15, 2013 Posted by ဂျေဂျူဝိုင်

တစ်ဖက်ပါ အကြောင်းအရာများနှင့်
ငါတို့ဟာ ကျောက်သားလို့ ထုဆစ်ခံရ
ကျမ်းစာတွေနဲ့ ဆွဲစိခံရ
ငါ့လူမျိုး ငါ့ဘာသာဆိုပြီး
ငါ့အနာနဲ့ ဆွဲညှိနေရ
အဲဒီလို
ကိုယ်ယုံကြည်တာ မယုံရဲအောင်
တစ်ဖက်ပါ အကြောင်းအရာတွေနဲ့ ခြိမ်းခြောက်ခံရ
သိုးမည်းတစ်ကောင်တော့ပါမှာပဲနဲ့
စုန်းပြူးတွေ အကိုက်ခံရ
ငါတို့ ရင်ဘတ်တည့်တည့် ထုချလိုက်တဲ့ တံဆိပ်မှာ
အပြစ်အနာအဆာ ကင်းပါရဲ့လား
ဟောဒီ ငါတို့သောက်နေတဲ့ရေတွေ
မြစ်ဖျားက ခပ်လိုက်တဲ့ အဆိပ်ပါနေမလား
ခပ်ပေါ့ပေါ့တွေးပြီး ခပ်ပေါ့ပေါ့ပဲရေးလိုက်တဲ့
ဟောဒီကဗျာကပဲ ငါ့ရင်ထဲလေးလံပိကျ
နောက်ဘဝသွားရမယ့် လိပ်စာကလည်း
သို့ ယမမင်းဆိုပြီးတော့ ....။

မျက်ရည်အကြောင်း နည်းနည်းပါးပါး

Friday, February 15, 2013 Posted by ဂျေဂျူဝိုင်

တော်လောက်ပါပြီ
မျက်ရည်နဲ့ ပျော့ပျော့ကျသွားတဲ့
ကျနော့်နှလုံးသားတွေ
ဒိထက် ထပ်တင်းမာဖို့ မရှိတော့ပါဘူး
ဒီဘက်ကဆင်းရင်း ဟိုဘက်က တက်သွားတဲ့
တောတွေ တောင်တွေ မြစ်တွေ မာယာတွေ
အလွတ်ကျက်သလောက် မရခဲ့တဲ့
သုံးရောင်ခြယ်မျက်နှာတွေ
ဖုတ်ကောင်ကို အသက်သွင်းထားတဲ့ အပြုံးတွေ
မိတ္တူအထပ်ထပ် ပွားထားတဲ့ စကားတွေ
မပိုင်မှန်းသိရက်သားနဲ့ တယုတယထွေးပွေ့မိခဲ့
ကိုယ့်အတွက်မဟုတ်မှန်း သိရက်
ဒိုင်ယာရီထဲ ထည့်ရေးမိတဲ့ သူ့ရင်ခုန်သံတွေ
ကျနော့်နှလုံးသားမှာ
ယုံကြည်လွယ်တဲ့အလွှာကို
ကျနော် အရမ်းမုန်းတယ်။