Sunday, January 31, 2010

ငါတို့အချစ်က ချစ်ဖို့ကောင်းတယ်

Sunday, January 31, 2010 Posted by ဂျေဂျူဝိုင်
ငါက အခ်စ္ဆုိတာကုိ
ခဏခဏ ရယ်သွမ်းသွေးတတ်တယ်
ဒါ လူလိမ်လူညာတွေရဲ့ ကိစ္စဆိုပြီးတော့ပေါ့
ဒီလို ခပ်ပေါ့ပေါ့လေးပဲ သဘေားထားခဲ့တယ်

ဝတ္ထုထဲလို ပြောရရင် တစ်နေ့သ၌ မှာပေါ့ဗျာ
လပြည့်ဝန်းပမာ မျက်ဝန်းများနှင့် စာမျက်နှာတစ်ခုသည်
ကျွန်ုပ်၏ လေးလံနေသောရက်စွဲများအား
ဝေးသထက်ဝေးသော အဝေးသို့ ဆွဲခေါ်သွားခဲ့တော့သည်ပေါ့။

ဒါပေမယ့် ခုတော့ ကဗျာလေးလို ပြောရရင်
အနာဂတ်သစ်တစ်ခုဟာ အတောင်ပံများစွာနှင့်
ရင်ထဲ ပျံသန်းဝင်ရောက်လာခဲ့တာ
Facebook စာမျက်နှာကတဆင့် ဟောဒီရင်ထဲအထိပေါ့

ခု ဆေးလိပ်တွေလည်း လျှော့သောက်လာမိတယ်
တစ်ယောက်တည်းနေရင်း သီချင်းလေး ညည်းတတ်လာတယ်
မေ့ထားတဲ့ မနက်ဖြန်ကို စဉ်းစားတတ်လာတယ်
ငါ မမိုက်တော့ဘူးလို့ ဆုံးဖြတ်မိတာလည်း ခဏခဏပဲ

အစိမ်းနုရောင် အ၀ိုင်းလေးကတစ်ဆင့်
စိတ်ဆိုးဟန်လေးဆောင်ကြ စိတ်ဆိုးပြေအောင်ချော့ကြ
စိတ်ကူးယဉ်ကမ္ဘာငယ်လေးတစ်ခု တည်ဆောက်ကြ
ဒီလိုနဲ့ အွန်လိုင်းမှာ မေတ္တာတရားတွေ ဝေမျှခဲ့ကြတယ်။

သူက ကျွန်တော့်ကို “ချစ်တယ်နော်” လို့ပြောလာတဲ့အခါ
ကျွန်တော်လေ အချိန်တွေအားလုံးကို ရပ်ထားချင်လိုက်တာလေ
ကျွန်တော် သူ့ကို “အရမ်းချစ်တယ်” လို့ ပြောတဲ့အခါလည်း
သူကြည်နူးပြီးပြုံးနေမှာဆိုတာကို တွေးပြီးသိနေခဲ့တယ်။

အချစ်ကို အချစ်နဲ့ချစ်တဲ့ အချစ်ဆိုတာ
ဟောဒီကမ္ဘာမှာ သူနဲ့ငါ နှစ်ယောက်တည်းရှိတာကွလို့
ရိုမီယိုဂျူးလီးယက် ရှင်မွေးလွန်းမင်းနန္ဒာဆိုသူတွေကို
ဟားတိုက်ပြီး အဟောင်းဆိုင်ထဲ ရောင်းစားလို့ရတယ်။

ကျွန်တော်က ကိုယ့်အမိမြေလေးမှာ လွမ်းနေရပုံက
သူ့နေရေး ထိုင်ရေးမှာ စားရေး သောက်ရေး
ကျန်းမာရေးနှင့် ဆက်ဆံရေးတွေမှာ အဆင်ပြေပါ့မလားလို့
ပူပူပင်ပင် စူးစူးနင့်နင့် လွမ်းရတာ ရှိတယ်။


အားလုံးကို သန့်ရှင်းမွန်မြတ်စွာ ကြေငြာနိုင်တာက
ငါတို့အချစ်မှာ မေးခွန်းမပါဘူး၊ သံသယမပါဘူး
ဘာမှ မစွန်းနိုင်တဲ့ အဖြူထည်တစ်ခုတည်းပါတယ်
ဒါကြောင့် ငါတို့အချစ်က ချစ်ဖို့ကောင်းတယ်။

Friday, January 29, 2010

မင်းကိုငါမသိဘူး၊ ဒါပေမယ့် မင်းကိုငါချစ်တယ်

Friday, January 29, 2010 Posted by ဂျေဂျူဝိုင်
မ ဆုိတဲ့ သူမကုိ ခ်စ္လုိက္တာ
ဘာကြောင့်ချစ်လဲ တဲ့။
ခုထိ စဉ်းစားလို့ မရသေးပေမယ့် ချစ်တယ်
မရဲ့စရိုက်ဟာ ထူးခြားတယ်
တချို့ ရင်းတောင် မရင်းနှီးဘူး
ရိုရိုသေသေလေး စနှုတ်ဆက်တယ်
မင်္ဂလာပါ အစ်ကို ကနေစလို့
asl မှာဆက်ပြီး အိမ်သာ ဘယ်ချိန်တက်လဲ အထိမေးတယ်
ကျွန်တော့်ရဲ့ မ,ဟာ အဲဒါတွေကို မမေးခဲ့ဘူး
“မင်းကို ငါမသိဘူး၊ ဒါပေမယ့် မင်းကို ငါချစ်တယ်” တဲ့
အရမ်းကြည်နူးရတယ်။ အရမ်းရင်ခုန်ရတယ်။ အရမ်းပဲ ပျော်ရပါတယ်
ကျွန်တော် မရင်းနှီးဖူးလို့ပဲလား ကျွန်တော် မရနိုင်လို့ပဲလား
မသိတဲ့ ရာထူး စည်းစိမ် ဂုဏ်သိန်တွေ ဒြပ်တွေ
အဆောင်အယောင်တွေကို ဘာမှ မမေး မစမ်းဘဲ “ချစ်တယ်” တဲ့
အခုထိ လက်ချည်းဗလာနေရတဲ့ဘ၀ကို မက်မောနေသေးတဲ့
အထီးကျန်ဆန်ဆန် သွားချင်ရာသွား လာချင်ရာလာ
အိပ်ချင်ရာအိပ် နေချင်ရာနေဘ၀ကို ခုံမင်နေသေးတဲ့ ကျွန်တော်အကြောင်းကို
တစိုးတစိမှ မသိဘဲ ချစ်တယ်တဲ့
တိုင်းပြည်ကြီး သာယာတဲ့တစ်နေ့ကျရင်
ပါးစပ်ထဲ ငုံပြီးတော့ကို ချစ်ပစ်လိုက်မယ်
ဂုဏ်သရေရှိ လူကြီးမင်းတွေ မကြခဏ ချီးကျူးကြပြီး
ကျွန်တော်ကိုယ်တိုင် မက်မက်မောမော ခံယူခဲ့တဲ့
“ဒီကောင့်အကြောင်းတော့ ပြောမနေပါနဲ့” ဆိုတဲ့
ဂုဏ်သိက္ခာပိုင်ရှင်လေးအကြောင်း မစုံစမ်းတဲ့မကို ချစ်တယ်
ကျွန်တော့်ရဲ့ ၀မ်းနည်းမဆုံးဖွယ် နေ့ရက်တွေကို
သနားသဖြင့် တစ်ချက်ကလေးမှ မပါဘဲ
ချစ်ရုံသက်သက်နဲ့ ချစ်ခဲ့တဲ့ မကို
ဘယ်လို ပြန်ပေးဆပ်ရတော့မယ်မှန်း မသိတဲ့အချစ်နဲ့ ချစ်တယ်


ငြိမ်းချမ်းခြင်း

Thursday, January 28, 2010 Posted by ဂျေဂျူဝိုင်
သူမကို ပြောစရာဆိုလို့
ဝါကျက တစ်ကြောင်းတည်း ရှိတယ်
ပြောလို့ပဲ မပြီးလည်း မပြီးနိုင်ဘူး
“မင်းကို ချစ်တယ်”။

ကျွန်တော့်နှလုံးသားကို ကျွန်တော်
ပါးစပ်ပိတ်ပြီး ရိုက်မစစ်ခဲ့ပါဘူး
သူကိုယ်တိုင် လာရောက်ပြီး
အချစ်တွေကို ၀န်ခံသွားခဲ့ပါတယ်
“သူမကို အရူးအမူးချစ်နေတာပါ” တဲ့။

သူမကိုယ် သူမ “မ” ဆိုတဲ့ နာမ်စားရယ်
သူမက သူ့ကိုသုံးတဲ့ “နင်” “မင်း” “မောင်” နာမ်စားရယ်
စိတ်ကို တစ်လမ်းသွားမောင်းနှင်တော့တာပဲ
ချစ်တဲ့စိတ်နဲ့ ဒုက္ခကို အဆက်အသွယ် ဖြတ်လိုက်တယ်
လောကရဲ့ အစိတ်အပိုင်းအားလုံးဟာ
သူမကိုချစ်တဲ့စိတ်နဲ့ လင်းတောက်နေတယ်
ဘာအာဏာရှင်မှာ လာမဖြတ်တောက်နိုင်ခဲ့ဘူး
ဟာနေတဲ့ ဟာကွက်တွေဟာလည်း
အချစ်က ၀င်ရောက်ဖြည့်စွက်ပေးခဲ့တယ်
ပတ်သက်သမျှ အပိုင်းအစတွေ အားလုံးဟာ
အချစ်ကြောင့် အသုံးဝင်ခဲ့ပါပေါ့လား။

..........................
ကျွန်တော့်ရဲ့ တစ်ဦးတည်းသော follower ကို ရည်ရွယ်ပါသည်။

Monday, January 25, 2010

မွေးနေ့ ကျင်းပမယ်

Monday, January 25, 2010 Posted by ဂျေဂျူဝိုင်
ဒီအခ်ိန္က
ညနေ နေ၀င်ရီတရောဆိုလား
ဒါဆို ဒီအချိန်က
ငါ့ကို မွေးတဲ့ အချိန်ပေါ့

ဒီနေ့က
အင်္ဂါနေ့လား
ဒါဆို ဒီနေ့က
ငါ့ကို မွေးတဲ့နေ့ပေါ့

ဒီလက
အောက်တိုဘာလလား
ဒါဆို ဒီလက
ငါ့ကို မွေးတဲ့လပေါ့

ဘာ
ဒီနှစ်က နှစ်ထောင့်တစ်ဆယ် ဟုတ်လား
ဒါဆို ငါ့ကိုမွေးတဲ့နှစ်က မရောက်သေးဘူးပေါ့
အေးကွာ ၁၉၇၆ ရောက်ရင်
ငါ မွေးနေ့ပွဲကို ကျင်းပဖြစ်အောင် ကျင်းပမယ်။

Sunday, January 24, 2010

တစ်ယောက် နှလုံးသားမှာ တစ်ယောက်

Sunday, January 24, 2010 Posted by ဂျေဂျူဝိုင်
မဖြစ်နိုင်တာလေးတွေကို ဖြစ်အောင်စိတ်ကူးယဉ်ပြီး
တစ်ယောက် နှလုံးသားမှာ တစ်ယောက်
စကားလေးတွေနဲ့ မဟာတံတိုင်းတည်ဆောက်
ငါတို့ အချစ်ပွင့်လေးတွေ ကောက်ခဲ့ကြတယ်
ချစ်သူရေ...
သီချင်းလေးတွေ တိုးတိုးညည်းရင်း
အဲဒီအချစ်ပွင့်လေး သိန်းသန်းမက ပွင့်စေမယ်နော်။

ဝေးကွာခြင်းရဲ့ အနီးဆုံးအောက်
တစ်ယောက် နှလုံးသားမှာ တစ်ယောက်
ယုံကြည်မှုတွေနဲ့ ကမ္ဘာငယ်တစ်ခု တည်ဆောက်
ငါတို့ အမုန်းမဲ့နေရာလေးဆီ ရောက်ခဲ့ကြတယ်
ချစ်သူရေ...
စပ်မိတဲ့ ကဗျာကို အတူတူဖတ်ရင်း
အဲဒီနေရာလေး ဘာအကြောင်းနဲ့မှ သွေးမစွန်းစေဘူးနော်။


.............................................................................
ကတ်သီးကတ်သတ်နိုင်သော ဂျစ်ကန်ကန်နိုင်သော အလွန်အင်မတန်ခေါင်းမာသော အားမနာတတ်သော ကိုယ်ချင်းစာတရားမရှိသော နုလုံးသားနဲ့ “မ”တစ်ယောက် သို့

အသည်းစွဲ ကဗျာဆရာ (၃)

Sunday, January 24, 2010 Posted by ဂျေဂျူဝိုင်
ဒီမနက် ကမ္ဘာကြီးကို နားထောင်အပြီး
ငါ ကမ္ဘာကြီးထဲ ခုန်အဆင်းမှာပေါ့
မျက်နှာသစ်ရမယ်
သွားတိုက်ရမယ်။

သွားတိုက်ရမယ်! ။

အဲဒီမှာ ...
ငါ ဆတ်ခနဲ ကျင်စက်ထိသလို
ငါ ခုပဲ အဲဒီပြကွက်ကို ပြန်ကြည့်ရသလို အမှတ်ရရ
သူမရဲ့ “သွားတိုက်ပုံ” သရုပ်ဆောင်ပြကွက်ကလေး။

သူမဟာ
သွားတိုက်ခဲ့
သွားတိုက်ပြီး ပလုပ်ကျင်း
ပလုပ်ကျင်းပြီး ပလုပ်ကို
မြိုချလိုက်တယ်။

ပြီ။ သူမရဲ့ ဓာတ်ပုံ
သူမရဲ့ KAWABATA MAMIKO ဆိုတဲ့အမည်
သူမရဲ့ ကောက်နုတ်ချက်
ငါ ဖတ်ရတယ်။

ငါ အနုပညာရှင် မဟုတ်ဘူး
ငါ အလုပ်သမ ဖြစ်တယ် ...တဲ့

ဒီကဗျာဖတ်မိတဲ့ မိတ်ဆွေ
ခင်ဗျား သွားတိုက်ပြီးပါပြီလား။


အောင်ချိမ့်


အပေါင်ဆုံး ညများ

Thursday, January 21, 2010 Posted by ဂျေဂျူဝိုင်
သတိထားကြပါဦး အတ္တစွန်းတွေ တက်နင်းမိကြရင်
ငါးရိုးစူးတာ အစာနင်တာနဲ့ မတူဘူး
ဒီနှစ်အရမ်းအေးတယ်၊ အရမ်းအေးတော့
တောင်သူလယ်သမားတွေက ပြောကြတယ်
အပင်တွေ သေကုန်တယ် အရွက်တွေ ခြောက်ကုန်တယ်တဲ့
ဒီအချိန်ဟာ ငါတို့အတွက် ဆောင်းတွင်းဖြစ်တယ်လေ
အလင်းကို ကိုယ်တိုင်လည်းရချင်
အလင်းကို သူတပါးကိုလည်း ရစေချင်တဲ့
ငါတို့ဘ၀တွေဟာ ဒီအချိန်မှာ နင်းပြားပဲ
ဓူဝံကြယ်ကို တောင်ဘက် ရွှေ့ရသလို ပင်ပန်းတယ်
ခုထိ ဘယ်သူမှလည်း တောင်နဲ့မြောက် မျက်စိလည်မပြေဘူး
ကိုယ့်ဦးခေါင်းကို လုံခြုံတဲ့နေရာမှာထားပြီး
လှုပ်ရှားတတ်တဲ့ ကိုယ်တစ်ခုချည်းနဲ့ နေရခြင်း...တဲ့
ဒီကလုံးတွေ ပိုအပွားမြန်တယ်ထင်တာပဲ
အဘိဓာန်ထဲ မထည့်သွင်းနိုင်တဲ့ ၀ါကျတွေ
ခုတ်ရာတခြား ရှရာတခြားနဲ့ မှားမှားပွင့်တယ်
ဒဏ်ရာက သိပ်မနက်ဘူးလို့ ယူဆမနေကြနဲ့
အတွင်းက အရိုးတွေရဲ့ပုပ်နံ့တောင် ရတယ်


အမှုတွဲအမှတ် ၁၅၀၀

Wednesday, January 20, 2010 Posted by ဂျေဂျူဝိုင်
ဟောဒီ ဂလိုဘယ်လိုက်ဇေးရှင်းမှာ
ငါတို့နီးရင်လည်း ငါတို့နီးတယ်
ငါတို့ ဝေးရင်လည်း ငါတို့ဝေးတယ်
ဒီအမှုတွဲမှာတော့ မှားဖို့ သက်သက်ချည်းပဲ
မုန်းဖို့ သိပ်ကောင်းပြီး
စောင့်စည်းမှုတွေ ပျက်စီးနေတဲ့ကောင်က
ငါ့ရဲ့ မှည်းမှောင်မှောင် ကောင်းကင်ကို ဆေးလာဆိုးတယ်
စိတ်ဆိုးတယ် သိပ်စိတ်ဆိုးတယ်
ပိုဆိုးတာက
ဘယ်ဘက်ရင်အုံကို ဖောက်ခွဲကစားနည်းကိုမှ
လောင်းကြေးအမှားတွေနဲ့ လာစိန်ခေါ်တာပဲ
အဲဒီလို မှတ်ချက်မျိုးနဲ့ ကျွန်တော်ဟာ
ခင်ဗျားရဲ့ မျက်မှန်အောက်ကတစ်ဆင့်
ခင်ဗျားရဲ့ မျက်ဝန်းအောက် ရီဝေေ၀ဒဏ်ရာကတစ်ဆင့်
အရူးထောင်မှာ အမှုတွဲအမှတ် ၁၅၀၀ နဲ့ ထောင်ကျတယ်
နွေမှာ နွေမရှိရင်ဖြစ်ဖြစ် ဆောင်းမှာ ဆောင်းမရှိရင်ဖြစ်ဖြစ်
မိုးမှာတော့ ငါ့မျက်ရည်နဲ့ ရာသီတစ်ခု ရှိနိုင်လိမ့်မယ်
ချိတ်ဆက်မှုမှားနေတဲ့ အချစ်မှတ်တိုင်ဦးမှာ
ရောက်မလာမယ့် ဘတ်စ်ကားကို စောင့်ရင်း
ဆေးဖက်မ၀င်တဲ့ အသီးတစ်မျိုး စိုက်ကြတာပေါ့။

စိတ် စိတ် စိတ်

Wednesday, January 20, 2010 Posted by ဂျေဂျူဝိုင်
သွေးတစ်စက်
သို့မဟုတ်
မျိုးဆက်တစ်ဆက်
ဆက်လက်တည်မြဲသွားဖို့
ဓားလက်နက်မလိုဘူး
ခပ်ထက်ထက် စိတ်တွေရှိရင် ရပြီ။

မှတ်တမ်းမှတ်ရာ တစ်ခု
သို့မဟုတ်
လူမျိုးစိတ်တစ်ခု
ဆက်လက်စုစည်းနေဖို့
သေနတ်လက်နက်မလိုဘူး
ခပ်ထက်ထက်စိတ်တွေရှိရင် ရပြီ။

မျိုးဆက်တစ်ခု
သို့မဟုတ်
သမိုင်းတစ်ခု
ကမ္ဘာသက်နဲ့အမျှ တည်ဖို့
နျူလက်နက်တွေ မလိုဘူး
ခပ်ထက်ထက်စိတ်တွေရှိရင် ရပြီ။

၂၀၀၉ ခုနှစ်၊ ပအိုဝ်းအမျိုးသားနေ့အတွက် စပ်ပေးဖူးတဲ့ ကဗျာပါ။

Monday, January 11, 2010

အမွေ

Monday, January 11, 2010 Posted by ဂျေဂျူဝိုင်
တစ္သက္လံုး တစ္ဘ၀လံုး
ကြိုးစား ထမ်းဆောင်လာခဲ့ကြတဲ့
တာဝန်အမှားတွေက အားပြင်းတော့
လမ်းဘေးနံရံမှာ သွေးနဲ့မှုတ်ထားတဲ့
အမှန်တွေက မှုန်ဝါးကုန်ပြီပေါ့

ငါ ဟုတ်မှ ဟုတ်ပါ့မလား အတွေးနဲ့
ခရီးဆက်လာကြတာ ကြာပြီဆိုတော့
သက္ကရာဇ်တွေသာကုန်သွားတယ်
ပန်းတိုင်က ရှာမရသေးဘူးပေါ့

အရိုးထဲ စိုက်ဝင်နေတဲ့
“ဖြစ်တတ်ပါတယ်”သဘောတွေကလည်း
နိစ္စတရား တစ်ပုဒ်ဖြစ်ခဲ့လေတော့
ကိုးရာမဲ့ဘ၀ကို အသားကျပြီပေါ့

“မပူပါနဲ့
တစ်နေ့နေ့တော့” ဆိုတဲ့စကားတွေကိုလည်း
သားစဉ်မြေးဆက် လက်ဆက်ကမ်းရင်း
ဒီအမွေကိုပဲ ဆက်ဆက်ချန်ရပြီပေါ့။