
ဥစ္စာရူး

Tuesday, September 15, 2009 Posted by ဂျေဂျူဝိုင်
အလွမ်းတွေနဲ့
ယားယံနေတဲ့
ငါးမူးစေ့တစ်စေ့အကြောင်း
ကံကောင်းချင်တော့
ကျွန်တော်နဲ့သူမ ချစ်သူဖြစ်ကြတယ်။
ကံဆိုးချင်တော့
ကျွန်တော့်မှာ တယ်လီဖုန်းလေးတစ်လုံး မရှိခဲ့ဘူး။
ကျွန်တော်တို့ မိသားစု ဆင်းရဲလိုက်ပုံများ
တယ်လီဖုန်းလေး တစ်လုံးတောင်မှ အိမ်မှာ မထားနိုင်ဘူး။
အမေတို့ အဖေတို့ကလည်း
တစ်နေ့မှာ သူတို့သားလေးဟာ တယ်လီဖုန်းရှိတဲ့ အိမ်က
သမီးပျိုလေးနဲ့ ချစ်သူဖြစ်လိမ့်မယ်ဆိုတာကို
မသိခဲ့ကြဘူးနဲ့ တူပါရဲ့။
တကယ်လို့ အစောကသိခဲ့ရင်တော့
သားလေးရဲ့ နောင်ရေးအတွက်
တယ်လီဖုန်းလေး တစ်လုံးဖိုးကို
သူတို့ ပိုရှာခဲ့ကြမှာပေါ့။
ခုတော့
ကျွန်တော် ကံဆိုးလိုက်ပုံများ
ကျွန်တော့်မှာ တယ်လီဖုန်းလေး တစ်လုံးတောင် မရှိဘူး။
ဒါပေမယ့်
ကျွန်တော် ကံကောင်းချင်တော့
ကျွန်တော်တို့ နိုင်ငံမှာ
ငါးမူးလေစေ့လေး တစ်စေ့ထည့်ပြီး အသုံးပြုလို့ရတဲ့
တယ်လီဖုန်းလေးတွေ အများကြီးရှိနေလို့ တော်ပါသေးရဲ့။
ငါးမူးစေ့လေးကို ကျွန်တော် တယ်လီဖုန်းထဲ
ထည့်လိုက်တဲ့အခါ တယ်လီဖုန်းထဲကို ဂျောက်ခနဲ ကျသွားတဲ့
ငါးမူးစေ့လေးတွေဟာ ကျွန်တော်ဖြစ်ပြီး ကျွန်တော့်ရင်ထဲကို
ဂျောက်ခနဲ ကျလာတဲ့ ငါးမူးစေ့လေးဟာ သူမဖြစ်ပါတယ်။
တခြားအချိန်တွေမှာ
ကျွန်တော်ဟာ
သာမာန်လူသားလေး တစ်ယောက်ပါပဲ
ကျွန်တော့်ဘ၀မှာလည်း စိတ်ကြီးဝင်စရာဆိုလို့
ဘာမှ မရှိပါဘူး။
ဒါပေမယ့်
သူမလေးရဲ့ အသံကို
နှလုံးသားနဲ့ ဆတ်ဆတ်ကြားနေရတဲ့
အခါမျိုးမှာတော့
ကျွန်တော်ဟာ ဘ၀မေ့တတ်ပါတယ်။
ဘူတာရုံကို ငါးမူးစေ့ကလေးတစ်စေ့နဲ့
တယ်လီဖုန်းလာဆက်တဲ့ ကောင်လေး မဟုတ်တော့ဘဲ
နတ်သားလေး တစ်ပါးလို့ ထင်မိတယ်
သူမ အသံကို ကြားရတဲ့အတွက်
နှလုံးသားဟာ ကိုယ်ရောင်ကိုယ်ဝါတွေ
တောက်ပလွန်းနေလို့ပေါ့။
လူအဖြစ်ကို ရဖို့ မလွယ်ဘူး
လူသားအားလုံး
တယ်လီဖုန်းလေးနဲ့ ချစ်စကားပြောဖူးသင့်တယ်။
အထူးသဖြင့် ကျွန်တော့်လို
ဘူတာရုံက တယ်လီဖုန်းလေးနဲ့ ချစ်စကားပြောမိရင်တော့
ပိုပြီး အရသာထူးကဲမယ်။
ဂျုံး ဂျုံး ဂျက် ဂျက် ဂျုံး ဂျုံး ဂျက် ဂျက်
အဲဒီ မီးရထားကြီးတွေက တခြားဘူတာရုံတစ်ခုကို ရောက်ဖို့အတွက်
အချိန်တော်တော်ကြာ စီးရပေဦးမယ်။
ဂျုံး ဂျုံး ဂျက် ဂျက် ဂျုံး ဂျုံး ဂျက် ဂျက်
အဲဒီ ခရီးသွားတွေက သူတို့ဘ၀ ရည်မှန်းချက် အသီးသီးကို
ရောက်ဖို့ မီးရထားကြီးကို အချိန်တော်တော်ကြာ
စီးရပေဦးမယ်။
အဲဒီ အချိန်မှာ ကျွန်တော်က သူမနားရွက်ကလေးထဲ
ရောက်ရှိနေပြီမို့ ဘ၀ရည်မှန်းချက် အားလုံးကို
တယ်လီဖုန်းထဲမှာပဲ ပြီးဆုံးလိုက်တယ်။
တူ ၀ူ
ဒါကို မသိတဲ့ ခရီးသွားတွေနဲ့ ကျွန်တော့်လို ကံမကောင်းတဲ့
မီးရထားရှည်ကြီးကတော့ အဝေးကိုပဲ နေ့စဉ် မောင်းနှင်နေရရှာတယ်
ဂျုံး ဂျုံး ဂျက် ဂျက် ဂျက် ဂျုံး ဂျုံး ဂျက် ဂျက်
သူမဟာ ၀တ်ဆံကူးနည်း ဖြစ်တယ်
သူမကို စကားပြောရတာ စတုတ္ထတန်း သင်္ချာထက် ပျော်စရာကောင်းတယ်
သူမကို အာရုံပြုလိုက်တဲ့အခါ
မိုးတိမ်ဖြစ်ပေါ်ပုံကို မြင်ရတယ်
သူမနာမည်က အရှက်တရားထူထပ်သော
ဓာတ်သတ္ထုအရိုင်းများလို့ ခေါ်တယ်
ဒါဟာလည်း ကျွန်တော့်အတွက်တော့ ကမ္ဘာ့သမိုင်းပါပဲ။
အမေတို့ အဖေတို့လည်း အသိမဟုတ်လား
ကျွန်တော့်မှာ မျက်ရစ်လေး မပါဘူးဆိုတာ
အဲဒီနေ့က
အဝေးကိုသွားမယ့် မီးရထားဥသြသံတွေဟာ
ကျွန်တော်နဲ့ တစ်စုံတရာ ပတ်သက်နေတယ်ဆိုတာ မသိခဲ့ဘူး။
နောက်တစ်နေ့မှာ
ကျွန်တော့်အတွက် အဓိပ္ပါယ်ရှိမှာ မဟုတ်တဲ့
ငါးမူးစေ့ကလေးတွေ လက်ထဲ အပြည့်ထည့်လို့
ဘဏ်တိုက်ကြီးတစ်ခုကို အေးအေးဆေးဆေး
(လုံးဝနောက်ဆံ မတင်းဘဲ) ကျောပေးပြီး
အိမ်ကို ပြန်ခဲ့တယ်
နောက်တစ်နေ့မှာ ငါးမူးစေ့လေးတွေ အများကြီးထဲက
ပထမ ငါးမူးစေ့လေးနဲ့ သူမဆီ ဖုန်းဆက်တော့
ဂျုံး ဂျုံး ဂျက် ဂျက် ဂျုံး ဂျုံး ဂျက် ဂျက်
သူမ ကျွန်တော့်ကို မုန်းသွားပြီတဲ့။
ဖြစ်ပုံက ဒီလိုပါ
ကျွန်တော် အတိတ်ဘ၀ထဲမှာ မေ့ကျန်ခဲ့တဲ့
မျက်ရစ်ကလေး
သူမက ဖုန်းကနေ တစ်ဆင့် လှမ်းပေးလိုက်လို့ပါပဲ။
အချစ်ရေ
သိပ်စိတ်တိုတယ်၊ ရှိသမျှ ငါးမူးစေ့တွေကို
လက်ထဲမှာထည့်ပြီး အကုန်ကြဲပစ်လိုက်တယ်
ကံဆိုးလိုက်ပုံများ
ရည်းစားနဲ့ကွဲလို့ ပိုက်ဆံကြဲတဲ့ ငါးမူးစေ့သူကြီးကို
ဘယ်ကလေးကမှ သာဓု မခေါ်ကြဘူးကွယ့်။
ဘာပဲဖြစ်ဖြစ်
အခါတစ်ပါး၌ နားရွက်ကလေး တစ်ဘက်၏ အမုန်းကြောင့်
ကျွန်တော့်တွင် ငါးမူးစေ့ကလေးများ မျိုးတုန်းခဲ့ရသည်
ဆိုတာကတော့
ထိုးဇာတ်မဟုတ်ပါဘူး ကမ္ဘာကြီးရယ်
ဒါပေမယ့် ကြံကြံဖန်ဖန် ကံကောင်းချင်တော့
ငါးမူးစေ့လေး တစ်စေ့ တယ်လီဖုန်းစာအုပ်ထဲမှာ
ကုတ်ကတ်ပြီး ကျန်နေခဲ့တယ်
ရုတ်တရက် စာအုပ်ကိုလှန်လိုက်တုန်းကများ
ငါးမူးစေ့လေးခမျာ ရင်တုန်ပန်းတုန်နှင့်
အပြစ်မတင်လည်း ခံရရုံပဲ ဒီတစ်ခါတော့
ကျွန်တော် လွင့်မပစ်မိဘူးဗျာ
ဒါဟာ ကိုယ်ချင်းစာတရားပါလို့
အတိအကျ မပြောရဲပေမယ့်
တစ်ယောက်တည်း ကျန်ခဲ့တဲ့လူသားဟာ
တစ်စေ့တည်းကျန်ခဲ့တဲ့ ငါးမူးစေ့ကလေးအပေါ်မှာ
ရန်မီး မပွားနိုင်တော့ဘူးဗျာ
နောက်ဆုံးငါးမူးစေ့လေးလို့
အမည်ပေးပြီး သိမ်းထားလိုက်တယ်
တစ်ဆက်တည်းမှာပဲ
နှလုံးသားပေါ်ကို မျှော်လင့်ချက်လေးတွေ တဖွဲဖွဲကျလာပြီး
သူမကို နောက်တစ်ကြိမ် ချစ်တယ်လို့ ပြောခွင့်ရမှ ဒီဘ၀မှာ
ငါးမူးစေ့လေးကို သုံးမယ်လို့ စိတ်ဆုံးဖြတ်လိုက်တယ်
(အကြံကောင်းတော့ တစ်ချက်) တကယ်လို့များ
“ဖွ .... ဖွ...” တကယ်လို့များပေါ့လေ
ကံကောင်းလို့ ဒီတစ်သက် သူမနဲ့ ဖုန်းမဆက်ရတော့ဘူးဆိုရင်လည်း ဒီငါးမူးစေ့လေး (နောက်ဆုံး ငါးမူးစေ့လေး) ကို တခြားမှာ မသုံးတော့ဘူးလို့ သန္နိဋ္ဌာန်ချလိုက်တယ်။
ကျွန်တော်ဟာ အကြံကောင်းပေမယ့်
ကံ မကောင်းတဲ့သူပါဗျာ ရက် လ နှစ်တွေရင့်ညောင်း
လက္ခဏာအရေးကြောင်းတွေ မြင့်မားပြောင်းလဲခဲ့ပေမယ့်
သူမကို ဆုံဆည်းဖို့ အခါကောင်းတော့ဖြင့်
ရောက်မလာခဲ့ပါဘူး
ကျွန်တော်ကသာ မျှော်လင့်နေရတယ်
ကံတရာကတော့ဖြင့်
သွားချင်ရာ လျှောက်သွားနေတာပဲ ထင်ပါရဲ့
တစ်ခါတစ်ခါတော့ တစ်နေ့တခြားပိုလှလာတဲ့
ကျွန်တော့်မျက်ရစ်ကလေးကို ကြည့်ပြီး
ကျွန်တော့် မျက်လုံးလေးက ပိုပိုငိုမိတယ်
ကြည့်ပါဦးဗျာ၊ နောက်ဆုံး ငါးမူးစေ့ကလေးတွေဟာ
ချေးတွေတက်လို့ သူ့မှာ အိပ်မက်တွေလည်း မကောင်းဘူးတဲ့
ကျွန်တော့်မှာ ဆက်သွယ်စရာ တယ်လီဖုန်းတစ်ရာရှိရင်
စာအုပ်ထဲမှာ (၉၉) လုံးပဲ မှတ်ထားလေ့ရှိတယ်
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်နာမည်တောင်မှ
သူမရဲ့ ဖုန်းနံပါတ်လောက် အစွဲအလန်းမကြီးလို့ပါပဲ
(ရေးမှတ် မထားတဲ့ တယ်လီဖုန်းနံပါတ်ကလေးကို လွမ်းတဲ့အခါ)
စာအုပ်ထဲမှာရှိတဲ့ တယ်လီဖုန်း (၉၉) လုံးရဲ့ နံပါတ်တွေကို
ကယောက်ချောက်ခြား လျှောက်ကြည့်မိတယ်
နောက်ပြီး ဘယ်သူ့ဆီမှ မဆက်ဘဲ နေမိတယ်
အခု ကျွန်တော်တို့အိမ်မှာ တယ်လီဖုန်းအသစ်ကလေးတစ်လုံး
ရောက်နေတယ်၊ ကျွန်တော်နဲ့ မပတ်သက်ဘူး
မိသားစုရဲ့ တယ်လီဖုန်းဖြစ်ပါတယ်
ဘယ်တော့မှ တယ်လီဖုန်းမဆက်တဲ့ လူတစ်ယောက်အဖြစ်နဲ့
ကျွန်တော် အရိုးထုတ်သွားရတော့မှာလား
ကျွန်တော့်အဖြစ်က ဆိုးပါတယ်
ညဥ့်နက်သန်းခေါင်အိပ်ကောင်းတုန်းပေမယ့်
“ချွန် လွင်လွင်” ဆိုတဲ့ အသံမျိုးကြားရင် လန့်နိုးတယ်
ကျွန်တော့်ရဲ့ နောက်ဆုံး ငါးမူးစေ့လေးများ
အပြင်ထွက်ကျသလားလို့ပါ
တစ်ခါတစ်လေ
သူတပါးလက်ထဲမှာ ငါးမူးစေ့အဟောင်းလေးကို
မြင်ရင်လည်း ကျွန်တော့်ငါးမူးစေ့လေးကို ထိတ်ထိတ်ပျာပျာ
ထုတ်ကြည့်မိတယ်၊ နေထိုင်မကောင်းလို့
အိပ်ရာထဲ လဲနေတဲ့အခါမျိုးမှာတောင်မှ ငါးမူးစေ့လေးကို
ခေါင်းအုံးဘေးမှာ ထားပြီးအိပ်ရမှ
ဘယ်လောက် ၀မ်းနည်းစရာကောင်းသလဲ
နောက်ဆုံး ငါးမူးစေ့လေးအပေါ်မှာ ကျွန်တော်
အစွဲအလန်းကြီးခဲ့တယ်၊ ဥပါဒါန်ကြောင့် ဥပါဒ်ဖြစ်တယ်လို့
ကျွန်တော်တို့ မြတ်စွာဘုရားက ဟောကြားထားပါတယ်
သူမကို ကျွန်တော်က ဥပါဒါန်ဖြစ်ခဲ့ပြီး ငါးမူးစေ့လေးဟာ
ကျွန်တော့်အတွက် ဥပါဒ်ပေးနေပြီလား၊ ဘာပဲဖြစ်ဖြစ်
ငါးမူးစေ့လေးကို လွင့်မပစ်နိုင်ပါ။
မှန်တာပြောသစ္စာ
တစ်ယောက်သောသူက
ရွှေဒင်္ဂါးနဲ့ လှဲမယ်ဆို မလဲနိုင်ပါ
တစ်ယောက်သောသူက
မြို့ရွာတွေနဲ့ လှဲမယ်ဆိုလည်း မလဲပါ
ဘာကြောင့်လဲဆိုတော့
သူမကို ကျွန်တော် နောက်တစ်ကြိမ် ချစ်စကားပြောခွင့်ရမှ
သုံးမယ်လို့ ဆုံးဖြတ်ထားတဲ့
နောက်ဆုံး ငါးမူးစေ့လေးမို့ပါ။
တကယ်လို့များ
ကျွန်တော် အသက်ကြီးသွားခဲ့ရင်လည်း
ငါးမူးစေ့လေးကို သိမ်းထားနေဦးမှာ သေချာပါတယ်
ချေးတက်နေတဲ့ ငါးမူးစေ့လေးနဲ့
အဖိုးအိုကြီး ခါးကုန်းကုန်းပေါ့ဗျာ
ကုန်ကုန်ပြောမယ်ဗျာ
ကျွန်တော် သေသွားရင်တောင်
အဲဒီ ငါးမူးစေ့လေးကို
ကျွန်တော့် အိပ်ကပ်ထဲ ထည့်ပေးလိုက်ကြပါ
သူမက
ကျွန်တော့်ကို
တမလွန်ကျမှ
တယ်လီဖုန်း ဆက်ချင် ဆက်နေဦးမှာမို့လို့ပေါ့ဗျာ။


မောင်သိန်းဇော်ရဲ့ ၁၉၈၆ က , ကဗျာပါ။