Sunday, March 20, 2011

“လမ်းညွှန်ဆိုင်းဘုတ်အလိုအတိုင်းသာ ငါတို့တွေ လှမ်းဝင်”

Sunday, March 20, 2011 Posted by ဂျေဂျူဝိုင်
ကောင်းကင်ကကြယ်တွေကြွေတော့


ငါတို့တွေ ဆုတောင်းအသီးသီးပြုကြ

မောဟတွေ၊

လောဘတွေ၊

၂၁ ရာစုရဲ့ နောက်ဆုံးပေါ်ရမ္မက်တွေနဲ့

ငါတို့လတ်တလောအပူကို ကြယ်တွေဆီကို ပေါင်းကူးပေးကြ

ငါတို့ကြွေတဲ့အခါ

ကြယ်တွေ ဘယ်လိုဆုကိုများ တောင်းကြမလဲ။



ငါတို့တွေ အထုပ်အပိုးလေးပြင်ပြီး

ဒီအိမ်လေးထဲကို ၀င်လာခဲ့

ဒီအထုပ်လေးကိုဖြည်ရင်းနဲ့

ရင်းနှီးစားသောက်ခဲ့ကြ

တချို့တွေက ပညာတွေသင်

တချို့က ကြင်ယာကို ခင်

တချို့ကတော့ ကိုယ့်ကိုယ်ကိုသာ ခြယ်သရင်း



ငါတို့တွေ မပိုင်ဝက်မွေးကြတယ်။

ပန်းခြောက်ပင်တွေကိုမှ ရေလောင်းကြတယ်။

တပိုင်တနိုင် သီအိုရီနဲ့

ငါတို့ကို ငါတို့ မှတ်ပုံတင်ပြီးသား အမှန်တရားတွေလို့ထင်နေကြ

ပြီးတော့လည်း အဲဒီ အထင်ကိုသာ

ပန်းအိုးတစ်လုံးလို ဧည့်ခန်းထဲမှာ ချိတ်ဆွဲထားချင်ကြနဲ့

ငါတို့ဟာ ဟန်ပြသက်သက်ဖြစ်မှန်းမသိကို ဖြစ်လာခဲ့တာ။



ငါတို့မှာ ကျောနံပါတ်ရှိတယ်။

ငါတို့တွေ ကွင်းဘေးမှာ ရပ်နေတယ်။

ငါတို့တွေ တစ်ယောက်ပြီးတစ်ယောက် လူလဲကစားကြပေမယ့်

ဒီပွဲက ခုထိ အနိုင်အရှုံး မသဲကွဲသေးဘူး။

ငါတို့တွေဟာ တဖြည်းဖြည်းချင်းစီ ခြေကုန်လက်ပန်းကျလာ

ငါတိုရဲ့မှတ်ဥာဏ်တွေ ယို့ယွင်းလာကြ

အဟောင်းနဲ့ အသစ်ကို

ဝေေ၀၀ါးဝါးရှိလာ။



ငါတို့ကပဲ ဒီနေ့ကို တီထွင်တယ်

ငါတို့ကပဲ မနေ့ကကို ဖျက်ဆီးပစ်တယ်

ငါတို့ကိုယ် ငါတို့ Format အကြိမ်ကြိမ်ရိုက်တယ်။

ဓါတ်ခွဲခန်းမှာ အီးစီဂျီ ဆွဲနေသလိုပဲ

ကြည့် ….ငါတို့သွေးကြောမှာ အဆီအဆိမ့်တွေ ပိတ်ဆို့နေလိုက်တာ

အချိန်မှီ…..အသည်းအစားထိုးမယ်

ကျောက်ကပ်လဲလှယ်မယ်

အိမ်ရှင်၊ အိမ်ငှားဆိုပေမယ့်

ငါတို့က တချို့တွေကို ဖာထေးပေးခဲ့သင့်တယ်။



ဒါဟာ အရာရာမြန်နှုန်းမြင့်နည်းပဲ

ငါတို့ အမြင် အာရုံကိုမြင့်ရမယ်

ခပ်ဝေးဝေးက လွင့်ပျံလာမယ့်အသံတွေကို ငါတို့ နားစိုက်ထောင်

အထူးသတင်းကြေငြာချက်ကို အာရုံပြု….

သိပ်အံ့သြစရာ

ငါတို့ဟာ စီးဆော (Sea-Saw) တစ်ခုပေါ်မှာ

ငါတို့ရဲ့ နူးညံ့ကြင်နာမှုဟာ တဖြည်းဖြည်းအောက်ကိုကျလာ

အချိန်မှီ….အခုအခံကိုရှာတယ်

ငါတို့အတွက် အကာအကွယ်ကိုရှာရတယ်။



ဘယ်လိုနည်းနဲ့ပဲ ကမ္ဘာဟာ တောက်လောင်ပါစေ

ငါတို့မှာ ချနင်းစရာ သားကောင်က အဆင်သင့်ဖြစ်ရမယ်

ငါတို့တွေ ဟန်ဟန်ပန်ပန်ကို စုဆောင်းကြ

ငါတို့တွေ လက်ကိုင်အိတ်ကို ဖောင်းပွကြ

ငါတို့ဟာ ၀တ်ပုံစားပုံ သပ်သပ်ရပ်ရပ်နဲ့ဆိုတော့

ငါတို့လက်ရှိဟာ ငါတို့မနက်ဖြန်ကို အလွယ်တကူမမှတ်မိ

အဲဒီနည်းအတိုင်း

ငါတို့ကိုယ် ငါတို့ အကြိမ်ကြိမ် ပြန်ထိုးမိတယ်



တစ်၊

နှစ်၊

သုံး၊

လေး….

ငါတို့ကိုယ် ငါတို့ တိုင်ပင်ပေးရတယ်

ငါတို့တွေ ဖုတ်ဖက်ခါပြီးပြန်ထ

ငါတို့မျက်ရည်ကျတာကို မြင်ဖူးသူဟာ

ငါတို့ကို ပိုဝမ်းနည်းစေသူတွေ

ငါတို့ဘ၀အချိုးအကွေ့မှာ

သူတို့လက်ခေါက်မှုသံကိုလျစ်လျူရှု့ထား

ငါတို့တွေဟာ ပုန်းလျှိုးကွယ်လျှိုးဆိုပေမယ့်

စင်ပေါ်ကို ထင်ထင်ရှားရှား တက်ချင်ကြသေးတာ



ရှု့စားသာကြည့်ကြ

အဲဒီအထုံးကြီးကိုငါတို့ဖြေနေပုံ

အဲဒီ ဇာတ်ရှုပ်ကို မိုးလင်းမိုးချုပ်ဖျော်ဖြေပုံ

ဆရာ့ ဆရာကြီးတွေ နည်းအတိုင်း

ငါတို့တွေဟာ တသွေမတိမ်းကို လိုက်နာပုံတွေနဲ့

နောက်အထုပ် ထုပ်ဖို့ ငါတို့ဟာ မေ့လျော့ခဲ့ကြ

အွန်လိုင်းပေါ်တက်ရင်း မေ့လျော့ကြ

နိုက်ကလပ်တက်ရင်းနဲ့ မေ့လျော့ကြ

အိပ်ရာခင်းပေါ် ကျောဆန့်ရင်း မေ့လျော့ကြ

ဆူရှီစားရင်းမေ့လျော့ကြ



ငါတို့တွေ အပေးအယူမျှပါသေးတယ်။

ငါတို့တွေ နေကောင်းပါသေးတယ်။

ငါတို့လက်မောင်းသားတွေ တင်းတင်းရင်းရင်းရှိနေသေးတယ်။

ငါတို့ပတ်ဝန်းကျင်ဟာ စားကောင်း အိပ်ပျော်အခြေအနေပါ။

ငါတို့တွေ ဆခွဲကိန်းဘ၀ဖြစ်ရတာကိုပဲ ပျော်နေသေးတယ်။

အခုလောလောဆယ်တော့

ငါတို့ရဲ့ ဧရာဝတီလေး သိပ်ပြီးတော့ အိနြေ္ဒရနေ

စီးဆင်းနေပုံသိမ်သိမ်မွေ့မွေ့၊

အတိတ်တွေ ဘယ်လိုရှိရှိ ဒီနေ့ သူ သိပ်လှနေတယ်။

ဖူဂျီကိုထက် ငါတို့ပုပ္ပါးလေးကပိုလှတယ်

ငါတို့မြစ်သံလွင်လေး လတ်လတ်ဆတ်ဆတ်ရှိသေးတယ်။

တော်သေးတယ်

ငါတို့တွေ ဘုရားရှင်ရဲ့အဆုံးအမနဲ့ ကင်းကင်းကွာကွာ မဟုတ်သေးတာကိုက

ငါတို့ဒီဘက်အခြမ်းအတွက် ဘုရားတရလောက်အောင်ကို တော်သေးတယ်။





နှင်းနုလွင်



၁၅၊ ၀၃၊ ၂၀၁၁

အခွင့်ထူးခံ

Sunday, March 20, 2011 Posted by ဂျေဂျူဝိုင်
“ဒီနေ့လူငယ်တွေ” ဆိုတော့

ကျွန်တော် ခပ်ပေါ့ပေါ့လေး ရယ်မိတယ်


ညကြီး ၁၂ နာရီဆိုတာ

ဒါမှ မဟုတ် “ည”ဆိုတဲ့ ဝေါဟာရဟာ

ဒီမြို့က လူငယ်တွေ အတွက် မရှိပါဘူး


လူငယ်တွေ လက်ထဲမှာ ရှိတာက


ဖျက်ဆိုထားတဲ့ သီချင်းဖြစ်ဖြစ်

ဂစ်တာတစ်လက်နဲ့

ဂစ်တာတီးတတ်သူ ပါလာရင်

အဆောင်ရှေ့မှာဖြစ်ဖြစ်

ဂစ်တာတီးပြမယ်



တံခါးပိတ်ထားပြီး ဆိုင်နာမည်မရှိ

ကွန်ပျူတာတွေသာရှိတဲ့

၂၄ နာရီ ဖွင့်သည်နေရာမှာ

မအိပ်မနေ အသက်ရှည်ဂါထာရွတ်နေတဲ့

မောင်ပေါက်ကျိုင်းတွေ ရှိမယ်


နောက်ထပ်


အလင်းဆိုင်စာတန်းမပါပေမယ့်

ဘယ်တော့မှ မပိတ်တဲ့ လက်ဘက်ရည်ဆိုင်မှာ

ရယ်လိုက် ထပ်ရယ်လိုက်

ခပ်ပြင်းပြင်းလေး ဝိုင်းပြည့်ရယ်လိုက်

သောကကင်းလှတဲ့ လူငယ်ဝိုင်းတွေမှာ

ခုဆို

ကောင်မလေးတွေပါ ပါပါလာမယ်


ရှေးလူကြီးတွေ

အမင်္ဂလာအချိန်လို့ သတ်မှတ်ထားတဲ့

ညချိန်မှာ

ကိုးနာရီမှ ဆယ်နာရီမှ

အိမ်ကနေ ထွက်ထွက်လာကြ

အဆောင်ကနေ ထွက်ထွက်လာကြ

ဒီအချိန်မှာ မိဘစကားနားထောင်သူဆိုတာ

ဂန်ဒူးဆိုလား

ဒီစကားကို သနားသဖြင့်

ကျွန်တော် ချန်ပြီး ပြောပြတာပါ


တကယ်မရှတဲ့ ဓားနဲ့ ခုတ်ကြ

ကျည်မပါတဲ့ သေနတ်ပစ်ကြ

ဘယ်ကောင်က ဘယ်ပါဝါတဲ့

လူဖလံတွေ ပိုပိုများလာတဲ့ကာလ

ဘယ်လူငယ်မှ ချိန်းကြိုးပါမလာတော့ဘူး

ဘယ်လူငယ်မှ “ဟေ့ကောင်” ဆိုပြီး

အုတ်ကျိုးကောက် တစ်ဖက်လူခေါင်းကို မပစ်ရဲဘူး

လိမ္မာလာကြလို့တော့ မဟုတ်ဘူး

“ဇ” ကို မရှိကြတော့တာ

မိုက်နေကြတာကတော့ ကမ်းကုန်ပါပဲ


အရှေ့ဘက်ကို အနောက်ဘက်ကို

တောင်ဘက်ကို မြောက်ဘက်ကို

ဘာတွေများရှိလို့ ဆိုင်ကယ်ကို

ဇက်ကုန်ဖွင့်ပြီး ကျားကျားမမ

ဟေးဟေး ဟားဟား

ကြက်သား ဘဲသား

ပေါင်သား ရင်သား

စားရင်း သောက်ရင်း

ပျော်ကြပါးကြ သွားကြ လာကြ

ညတွေ ညတွေရဲ့ အားရစရာ

ရွှေမန္တလာ ကကွက်ပါ


ညညမှာလား

မြန်မာ့ယဉ်ကျေးမှုနဲ့ ညီတဲ့မြို့ဆိုလို့

တို့ရွှေမန္တလေးပဲကျန်တယ်လို့လည်း

အငြင်းသန်တဲ့ ပေါင်တံဖွေးဖွေး

ရေဆေးငါး ရာသီစာတွေလေ

ဘီယာမြုပ် တစီစီနဲ့

ရှေးဘုရင်တွေ နန်းစံခဲ့လို့

နေပြည်တော်သရုပ်လေးအဖြစ်ကျန်ခဲ့တဲ့ ကျူံးဘေးမှာ

အသက်ကိုလည်း ခပ်ပြင်းပြင်းခိုးရှူကြတတ်သေး


ဒါနဲ့ ညညဆို

အိမ်မှာ ဆိုင်ကယ်တွေ ကားတွေ

ထားစရာမရှိလို့

ကေတီဗွီမှာ မာဆတ်မှာ နိုက်ကလပ်မှာ

သွားသွားထားကြ

မိုးလင်းလုလုမှာ ထွက်လာတာကြည့်မိတော့

ကျွန်တော်တို့ နိုင်ငံတော်ကို လက်လွဲခဲ့ရမယ့်

လူငယ်သားကောင်းတွေ*

ဒီလိုညတွေ ဘယ်ထိ ရှည်ဦးမှာပါလိမ့်။







*ငြိမ်းမင်း၏ စကားလုံးများနှင့် ကခုန်ခြင်းဟောပြောပွဲမှ စကား

ဒီနေ့ရာသီအခြေအနေ

Sunday, March 20, 2011 Posted by ဂျေဂျူဝိုင်
မ်က္ရည္က်မယ့္အတူတူ

လက်ခုံကို မင်းအိပ်ကပ်ထဲကနေ ဆွဲထုတ်လိုက်ပါ

ကမ္ဘာမှာ မင်းတစ်ယောက်တည်း

အပေါ်ကို မော့ကြည့်နေပါ

အခု မင်းရှိနေတဲ့ နေရာက

မင်းအတွက် ကန္တာရပါ

မင်းရှိုက်သံကြောင့် မုန်တိုင်း မထန်ပါဘူး

မင်းမျက်ရည်ကြောင့် ဒီကုန်းမြေ ရေမလွှမ်းပါဘူး

မင်းနှစ်နှစ်ကာကာချစ်ခဲ့သမျှ အရာရာဟာ

အရင်ကအတိုင်း မင်းတစ်ယောက်တည်းပါပဲ

ဝိညာဉ်ချင်းလည်း ချိတ်ဆက်ချင်မှ ချိတ်ဆက်လိမ့်မယ်

ချစ်တတ်သူတစ်ယောက်ယောက်ရဲ့

လှမ်းလက်ကို ဆွဲယူ

ပန်းပွင့်စတွေ လွှင့်တက်လာတဲ့

အနမ်းစတွေ လွှင့်ထွက်လာတဲ့

ညမှာ ကြယ်တွေကြွေတာ ချစ်သူနဲ့

အတူကြည့်ချင်နေသေးလား

သံစဉ်တစ်ခုခု ဂီတသံတစ်ခုခု

လွှင့်မျောနေတဲ့ နာမည်တစ်ခုခု

အော်ခေါ်ပါ

ချစ်သူကြားအောင်အော်ခေါ်ပါ

အရမ်းမပြေးပါနဲ့

မင်းအော်ခေါ်သည်နှင့်အမျှ

မင်းဟာ ဂြိုဟ်သိမ်ဂြိုဟ်မွှားလို လွင့်ထွက်နေ

ငေးကြည့်

အတိတ်ကို ငေးကြည့်

ချစ်ခဲ့ဖူးတာကို ငေးကြည့်

နမ်းခဲ့ဖူးတာကို ငေးကြည့်

ငေးကြည့်လို့ လှသထက်လှနေဆဲ အတိတ်မှာ

အနမ်းကို

တစ်ယောက်နဲ့တစ်ယောက်

တင်းတင်းကြပ်ကြပ်ဖက်ပြီး

နမ်းခဲ့ဖူးပေမယ့်

အလွမ်းဆိုတာမျိုးက

ချစ်သူတွေကို ခပ်ဝေးဝေးခွဲဖို့ပဲ

စဉ်းစားနေတာ။