Saturday, August 24, 2019

ရှုပ်ထွေးခြင်း

Saturday, August 24, 2019 Posted by ဂျေဂျူဝိုင်


ဒေါင်ခနဲလား
ထောင်းခနဲလား
သံယောဇဉ်ကြိုးတွေ ပြတ်ထွက်သံက
မာမာထန်ထန်လား
သိမ့်သိမ့်မွေ့မွေ့လား
နှလုံးသားနဲ့ ရိုက်ခဲ့ရတဲ့ ဓာတ်ပုံလေးတွေ
နှလုံးသားနံရံမှာပဲ ချိတ်ထားခဲ့မိတယ်
နှလုံးသား မရှိတော့တဲ့အခါ
ဓာတ်ပုံတွေ ဘယ်ထားခဲ့သလဲကွယ်
ချလွမ်းလို့အသံမြည်ခဲ့သေးလား
ဓာတ်ပုံတွေ ဖြုတ်ချတုန်းက မင်းလက်တွေ တုန်ရီခဲ့သေးလား
မျက်ရည် … အို မေ့လို့ နှလုံးသား မရှိတော့တဲ့အခါ
မျက်ရည်ကော ရှိလား
ဆိုလိုတာက ငါ့တို့ ဓာတ်ပုံတွေ ဖြုတ်ချတဲ့အခါ
မင်းမျက်ရည်တွေနဲ့လားလို့ မေးချင်ရုံလေးပါ။
ငါတို့ ဝေးသွားလိုက်တာများ
ငါတို့ မျက်နှာချင်းဆိုင်မိတာတောင်
ငါတို့တွေ မမှတ်မိချင်လောက်တဲ့အထိ
ငါတို့ကို ငါတို့ ဖွက်ပြီးတွေ့ခဲ့ကြတယ်။
ခပ်မြင့်မြင့်တနေရာပေါ်တက်ပြီး
ခပ်ဝေးဝေးကို ငေးရတာ အရသာရှိတယ်။
ခပ်ဝေးဝေးကို ငေးရင်း
ငါ့ကိုယ်ငါ ပျောက်ဆုံးတဲ့အထိ မင်းကိုတွေးမိတယ်
ငါ ပျောက်ဆုံးပြီး အတိတ်က မင်းရင်ခွင်ဟောင်းမှာ
ဘွားခနဲ ပေါ်မလားလို့လည်း
အချိူးအကွေ့တွေကို မျက်စိမှိတ် ယုံကြည်ကြည့်ချင်တယ်
မေ့ထားလိုက်ခြင်းမှာ မင်းပိတ်မိနေပြီပဲဆိုတဲ့အသိ
ငါ့ဆီ မဝင်ဘူးကွယ်။
မင်းလို့ ငါတွေးမိလိုက်တိုင်း
ငါ့ သောက်လက်စ စီးကရက်ကို မီးငြိမ်းလိုက်တယ်
မင်းနဲ့ နီးဖို့ တရက်ဖြစ်ဖြစ် ငါအသက်ပိုရှည်သင့်တယ် မဟုတ်လား။
မင်းလို့ ငါတွေးမိလိုက်တိုင်း
အဲဒီမနက် ငါ ယောဂထကျင့်တယ်
မင်းနဲ့အတူနေတဲ့အခါ ငါ ကျန်းကျန်းမာမာလေး ဖြစ်ချင်တယ်
မင်းကို ဖြစ်ဖြစ် ငါ့ကိုဖြစ်ဖြစ် ပြုစုနေရတဲ့ဘဝမျိုး မရှိသင့်ဘူး မဟုတ်လား။
မင်းလို့ ငါတွေးမိလိုက်တိုင်း
စာတွေကို အပတ်တကုတ်ဖတ်မိတယ်
ငါ့ဆင်ခြင်ဉာဏ်တွေကြောင့် မင်းကို မထိခိုက်စေချင်ဘူးလေ။
မင်းလို့ ငါတွေးမိလိုက်တိုင်း
ငွေစငွေနတွေကို ခြစ်ချုပ်စုမိတယ်
မင်းကို သောကတွေ သိပ်ကင်းစေချင်တယ်။
မင်းလို့ ငါတွေးမိလိုက်တိုင်း
ငါလူတိုင်းကို ပြုံးပြမိတယ်
မင်းကို ငါခွင့်လွတ်ကြောင်း သိစေချင်တဲ့စိတ်က
အမြဲတမ်း ခွင့်လွတ်ပြုံးလေး ပြုံးမိနေစေတယ်ကွယ်။
ငါတို့ လျှောက်ရမယ့်လမ်းထဲ
ငါ့တယောက်တည်း လျှောက်ရင်း
ငါတယောက်တည်းဆိုတဲ့အသိက
ငါနဲ့ငါ့ကိုတောင် သိပ်မသင့်မြတ်စေဘူး ကလေးရယ်။