Sunday, May 29, 2016

တုတ်ကောက်

Sunday, May 29, 2016 Posted by ဂျေဂျူဝိုင်
From FB

နေဟာ သူ့အပူနဲ့သူ
မီးလိုလည်းပူရ သောကလိုလည်းပူရ
သူဆက်ရှင်သန်ပေးရမလိုလို ခုပဲ သေပေးရတော့မလိုလို
ကမ္ဘာပေါ်က နိုင်ငံငယ်လေး တခုမှာလည်း
ညဟာ တဆတ်ဆတ်တုန်ဖို့ မေ့နေတာ ကြာပေါ့
သိုးတွေ သူတို့အမွေးကို သပ်သပ်ရပ်ရပ် ဝတ်ဆင်နိုင်တော့မှာပါ
အိမ်အပေါ်ထပ်ကလည်း ဂိုဒေါင် ဖြစ်နေတာ
သူ့ကိုယ်ထဲမှာ လူနေဖူးတာ ခမျာအိပ်မက်လိုလို
မလုပ်ခဲ့ပါဘူး
မလုပ်တော့ပါဘူး တဲ့
အမူးလွန်နေတဲ့ ဂုဏ်သိက္ခာရှိရှိ တရားတွေ
ငါတို့ တောင်ကုန်းမှာ ငါတို့ မသိတဲ့ အလံတွေ
လာပြီး အောင်ပွဲခံသွားတဲ့အခါ
မိုးထဲ လေထဲ ပြီးတော့ မုန်တိုင်းတွေထဲ ကူသူမဲ့ခဲ့ပေါ့
အလိုလိုနေ ယုန်ကလေး ဖြစ်နေရှာတယ်
ခုလို သူတို့ငိုတဲ့အခါ ဘယ်လို ချော့သိပ်ရလဲ
“ဟေ့ ကလေးတွေ သွားသွား
ဟိုချောင်းထဲ ဘယ်ကားမှ မလာဘူး
ဘောလုံးကို အဲမှာသွားကန်”
ငါတို့ စမ်းချောင်းတွေ
ဆေးရုံတခုခုကို ပို့လို့ မရဘူး
စိပ်ပုတီးနဲ့ ရိပ်ကြီးခိုလို့ မရဘူး
ဖုန်းဆို ဘောလုံးက ရေထွက်ခဲ့ဖူးတဲ့
သစ်ငုတ်ညှောင့်လေးနဲ့ သွားဆောင့်ရော
တကယ်တမ်း သူတို့ အနာဂတ်ကွဲသွားတာ
ဘာမှ မရှိခြင်းမှာ ဘာမှ မရှိဘူး။
တခုခု ရှိရမယ်ဆိုရင်
အဲဒီတခုခုအတွက်
တခုခုကတော့ ရှိရမယ်
ငါတို့ အနာဂတ်အိုကြီး
မတ်တပ်ရပ်နိုင်ဖို့ သေးသေးလေး ဖြစ်ဖြစ်။