Monday, July 29, 2019

ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Monday, July 29, 2019 Posted by ဂျေဂျူဝိုင်


ဓာတ်ပုံ အဟောင်းတွေ
ခင်မင်မှု အဟောင်း
ချစ်ခဲ့ခြင်းတွေ အဟောင်းနဲ့အတူ
အလွမ်း အယ်လ်ဘမ်တစ်ခုလုံး ထွက်ကျလာတယ်။
ငါတို့မှာ ဘာရှိမတုန်း
ငါတို့မှာ ဘာရှိလိမ့်မတုန်း
ငါတို့မှာ ငါတို့တွေ ဆိုတာ
ဘယ်လိုမှ ရှာဖွေလို့ ဘယ်ရှိခဲ့မတုန်းကွယ်။
ငါတို့ မျက်ရည်တွေဆိုတာ
ငါတို့ ရယ်မောဖို့အတွက်ပဲပေါ့
ငါတို့ ရယ်မောကြတဲ့အခါ
မျက်ရည်တွေတောင် ကျခဲ့ရတယ်။
တစ်ခုခုဆိုခဲ့ရင်တောင်
ဓာတ်ပုံတစ်ပုံဆိုခဲ့ရင်တောင်
ငါတို့ စတေးတပ်တွေနဲ့
တပါးသူကို စိတ်ဒုက္ခမပေးဘူး။
ငါတို့ မုန်းခဲ့ကြသေးသလား
ငါတို့ မုန်းဖို့ အချိန်ရှိခဲ့ရဲ့လား
ငါတို့ မုန်းခဲ့မယ်ဆိုရင်တောင်
ငါတို့ မာနကင်းခဲ့ကြသေးတယ်။
ငါတို့ သိပ်မမှတ်မိတော့တဲ့
ငါတို့ ပျော်ရွှင်ခဲ့ကြခြင်းတွေ
ငါတို့ကို နင်းပြီး ဖြတ်လျှောက်သွားပေါ့
ရင်ဘတ်မှာ ခွင့်လွတ်ခြင်းဒဏ်ရာတွေ။
ဘဝတစ်ပါးက သူငယ်ချင်းတွေ
ဘဝမခြားတဲ့ သူငယ်ချင်းတွေ
ဘယ်မှ မသွားတဲ့ သူငယ်ချင်းတွေ
ဖြစ်ရပ်တွေ ခြားနားခဲ့ကြတယ်။
ဓာတ်ပုံ အဟောင်းတွေ
ခင်မင်မှု အဟောင်း
လွမ်းခဲ့ခြင်းတွေ အဟောင်းနဲ့အတူ
ချစ်ခြင်း အယ်လ်ဘမ်တစ်ခုလုံး
ငါတို့ ဘာလို့ လွင့်ပစ်မိခဲ့ကြပါလိမ့်။

ဂျေဂျူဝိုင်

Tuesday, April 2, 2019

ဟစ်တလာဖြစ်ချင်တယ်

Tuesday, April 02, 2019 Posted by ဂျေဂျူဝိုင်


ပုလင်းတူဗူးဆို့ချင်းချင်းကနေ
ငါ့ပုလင်းက အာမီရမ်အပြင်းစားကွလို့
စက်ရုံတစ်ခုထဲကနေ တံဆိပ်နှစ်ခုနဲ့ ခုန်ထွက်လာပြီး
ညည်းချင်းထပေးရသပေါ့
သည်လိုလည်း ရှိသေးသဟ
သည်လိုလေးလည်း ရှိပြန်သဟ
မှတ်ရ ကျက်ရ ပြန်ဆွေးနွေးရ
သမိုင်းစာအုပ်ထဲ ဘယ်အပိုဒ်ကို မကြိုက်မိသလဲ
အဲဒီအပိုင်းက သင့်ဘဝပဲ
အမှားကို အမှန်ခြစ်ပေးရပြန်တယ်
အချိန်ခရီးသာ သွားနိုင်ခဲ့မယ်ဆိုရင်တဲ့
မွေးကင်းစဟစ်တလာ သတ်မလား
လူသားတစ်ယောက်ဆိုပြီးတော့ ကယ်တင်ခဲ့မလား
သေသင့်သူတွေ သေရမယ်ဆိုပြီး လွတ်ထားမလား
သင့်မျိုးနွယ်တစ်ခုလုံး မတုန်းသွားဘူးဆိုရင်ပေါ့
ငါသာဆို ဟစ်တလာကို အားပေးခဲ့မယ်
တကယ်ဆို
ငါလည်း ဟစ်တလာလို မွေးဖွားလာသင့်ခဲ့တာ မဟုတ်လား
အားလုံးက ဟစ်တလာဖြစ်နေကြတာပဲ
ငါ
စိတ်နဲ့လည်း မျိုးတုန်းအောင် အသတ်ခံရတယ်
အပြောနဲ့လည်း မျိုးတုန်းအောင် အသတ်ခံရတယ်
အလုပ်တွေနဲ့လည်း မျိုးတုန်းအောင် အသတ်ခံရတယ်
ဟစ်တလာတွေနဲ့ ရင်ဆိုင်နေရမယ့်အတူတူ
ဟစ်တလာဖြစ်တာပဲ ကောင်းမယ်။

 Related image

Friday, January 18, 2019

အေးအေးလူလူကျန်ခဲ့သူနဲ့အေးအေးမြမြထွက်သွားသူ

Friday, January 18, 2019 Posted by ဂျေဂျူဝိုင်
အေးအေးလူလူကျန်ခဲ့သူနဲ့အေးအေးမြမြထွက်သွားသူ

ငါလျှောက်ရတဲ့ လမ်းတွေက ရှည်လိုက်တာ
ငါ လက်ထပ်လိုက်ပြီ
ဒီစကားမှာ ငါလျှောက်ရတဲ့ လမ်းတွေ ပိုရှည်သွားတာ
မင်းလွတ်မြောက်ပါစေ
မင်း အေးမြစွာ ပျော်ရွှင်စွာ တသောသောရယ်မောနိုင်ပါစေ
ဘယ်အနှောင့်အယှက်မှ မရှိပါစေနဲ့
အဆိပ်ဖြစ်ဖြစ် သောက်ရင်း
ဆွဲကြိုးချဖို့ ကြိုးတစ်ချောင်းလောက်ဖြစ်ဖြစ် ကျစ်ရင်း
ငါ နေခဲ့ပါ့မယ်
မပြတ်မသား ဆုံးဖြတ်မိခဲ့တာတွေ
မချေမငံ ပြန်ပြောမိတာတွေ
ဂရုတစိုက် မရှိခဲ့တာတွေကို
အသံမပါတဲ့ရုပ်ရှင်ကြည့်သလို ဆွံ့ဆွံ့အအပြန်ကြည့်ရင်း
ငါနေခဲ့ပါ့မယ်
ခြေပြတ် လက်ပြတ်ဖြစ်သွားသူတွေ
ကားအက်ဆီးဒင့်ထဲ ပါသွားသူတွေ
ချောက်ထဲ အတွန်းချခံရသူတွေ
ပြီးတော့
ဒဏ်ရာရတဲ့ စစ်သားတွေ သူတို့ဘယ်လိုနာကျင်ကြလဲ
ကျည်ဆန်တွေ အပြည့်ထည့်ထားတဲ့ သေနတ်ရဲ့
ခလုတ်ကို မင်းအလွယ်တကူပဲ ဆွဲလိုက်တယ်
ငါ့ရင်ဘတ် ပေါက်ထွက်သွားတာကိုပဲ
ယုံရမလို မယုံရမလိုလို ခဏခဏ ဖွင့်ကြည့်ရင်း
ငါ အေးအေးလူလူနေခဲ့ပါ့မယ်။
ဖြစ်ပြီးသွားတာတွေကို မှန်တယ်လို့ပဲ ယူပါ
အဲဒီအမှန်ကိုလည်း မှားတယ်လို့ မတွေးမိပါစေနဲ့
လူတိုင်းသိ လူတိုင်းပြောကြတဲ့ စကားတစ်ခွန်းရှိတယ်
အချိန်က ကုစားပေးလိမ့်မယ်တဲ့
အဲဒီစကားကိုလည်း နင်ယုံကြည်လိုက်ပါ
ဇနီးကောင်းတယောက်ဖြစ်ဖို့ ကြိုးစားပါ
ငါ့အတွက်ကိုတော့
အသည်းကွဲတာကို အနိုင်ယူနိုင်တဲ့ သူရဲကောင်းဆိုတာ
မရှိကောင်းလို့ မရှိဘူးလို့ပဲ မှတ်လိုက်ပါ။

Friday, October 19, 2018

ကမ္ဘာကြီးက မလှဘူးဒိုလာ

Friday, October 19, 2018 Posted by ဂျေဂျူဝိုင်

ငါတို့တတွေဟာ ငါတို့မသင်ကြားရတဲ့
ငိုကြွေးခြင်းတွေ ဒူးထောက်ရခြင်းတွေကို
နေ့တဒူဝ ကမ္ဘာကြီးကို ချချပြနေရတယ်
ကမ္ဘာကြီးက မလှဘူးဒိုလာ။
ငါတို့တတွေဟာ ငါတို့စီရရီချထားတဲ့
ငါတို့ကံကြမ္မာကို လူတကာက ချခွဲ
ဖရိုဖရဲဖြစ်သွားတာကိုပဲ ထိုင်ကြည့်နေရတယ်။
ကမ္ဘာကြီးက မလှဘူးဒိုလာ။
ငါတို့တတွေဟာ ကောင်းကောင်းအိပ်ပျော်မယ်
အိပ်မက်လှလှမက်မယ် နေ့သစ်ကို အားသစ်အင်သစ်နဲ့ကြိုမယ်
ဒီလို ယုံကြည်ခံရတဲ့ ငါတို့ရဲ့ အစီအစဉ်မှာ
စိတ်ရဲ့ ဧည့်သည်အသစ်တွေပါပါလာတယ်
ကမ္ဘာကြီးက မလှဘူးဒိုလာ။
အသစ်မရှိတဲ့ နေ့ရက်အဟောင်းတွေမှာ
တရက်ရက်တော့ နေ့သစ်ရှိလာမလားလို့
ခွန်အားတွေ ထပ်သစ်ရင်းနဲ့ပဲ
မအပ်မစပ်တွေနဲ့ ထပ်ထပ်ပဲ ကျင့်ကြံနေရတယ်
ကမ္ဘာကြီးက မလှဘူးဒိုလာ။
ငါတို့ပြသခဲ့တဲ့ အကြင်နာတရားတွေက
ငါတို့သိခဲ့ကြတဲ့အတိုင်း မဟုတ်ဘူး
ဖြစ်လာရမယ့်အတိုင်း မဖြစ်တဲ့ အမှတ်မထင်တွေပဲ
နည်းကုန် လမ်းကုန်  လှည့်ကွက်တွေ သင်ပေးနေတယ်
ကမ္ဘာကြီးက မလှဘူးဒိုလာ
ငါတို့ကအမြဲရှုံးပြီး သူကချည်းပဲ အမြဲနိုင်နိုင်နေတယ်
ကမ္ဘာကြီးက တကယ်မလှပါဘူး ဒိုလာ။