Tuesday, April 19, 2011

နာတာရှည်ရောဂါသည်

Tuesday, April 19, 2011 Posted by ဂျေဂျူဝိုင်
ကိုယ်နေသာ ထိုင်သာရှိဖို့ကိစ္စက
ယုတ်ယုတ်ညံ့ညံ့ စိတ်တစ်ချောင်းနဲ့
ငါ သူတော်ကောင်းပါ
ငါ မင်းလောင်းပါ
သူတပါး ဒဏ်ရာအကြောင်း
ဟောင်းဟောင်းသစ်သစ်
ထပ်ခုတ်ထစ်လိုက်ကြမယ်ပေါ့
လုပ်လိုက်ပါ ရဲဘော်
သင်ဟာ သူတော်ကောင်းပါ မင်းလောင်းပါ
ဟိုအကြောင်း ဒီအကြောင်း ပြောစရာကုန်ရင်
ခပ်ဆတ်ဆတ်လေး ခုတ်ထည့်လိုက်ပါ
တစ်တက်စားလည်း ကြက်သွန်
နှစ်တက်စားလည်း ကြက်သွန်ပဲ မဟုတ်လား
ကြက်သွန်စားရင် ကင်ဆာလည်း ကာကွယ်သေးတယ်လေ
ငါတော်ကြောင်း သူညံ့ကြောင်း
ဒီနှစ်ကြောင်းကို ရဲရဲချရေးလိုက်ပါ ရဲဘော်
ဗိုလ်အောင်ဒင်ဇာတ်လမ်းထဲက သစ္စာဖောက်“ရာမ”လို
လက်ထဲ သေနတ်ရောက်တာနဲ့
သွေးကို ရဲရဲကြီး ပြောင်းလိုက်စမ်းပါ
ကိုယ့်ကို သစ္စာဖောက်တာပဲဖြစ်ဖြစ်
ကိုယ့်ဘာသာကို သစ္စာဖောက်တာပဲဖြစ်ဖြစ်
သစ္စာဖောက်ကို ထောက်ခံမဲပေးတဲ့ လောကကြီးပါ
ရဲဘော်ကြီးရဲ့ပေါင်မှာလိုပဲ အခြားသူရဲ့ ပေါင်မှာလည်း
ဒဏ်ရာတွေ အနာတွေ အများကြီးနဲ့
သိပ်ချစ်ဖို့ကောင်းတဲ့ ဟောဒီ ဒွန္နယာမှာ
သင်တို့သာ သူတော်ကောင်း လုပ်ကြစမ်းပါ။