Thursday, June 17, 2010

တစေ့တစောင်း

Thursday, June 17, 2010 Posted by ဂျေဂျူဝိုင်
ငါရောက်နေတဲ့နေရာဆိုတာ မရှိဘူး

ငါသွားမယ့်နေရာဆိုတာ မရှိဘူး

လောကဓံက ရှစ်ပါးဆိုရင်

ငါ့အတွက် ရှစ်ပါးလုံး `ဒုက္ခ´ ပဲ

အချိန်ဟာအရေးကြီးတယ်၊ အဖိုးတန်ပဲ၊ ရွှေပဲ

ဒီစကားကို ငါပြောခွင့်ရရင်

ကမ္ဘာကြီးအခု မီးထလောင်မယ်

ဘာဖြစ်ချင်လဲဆိုတဲ့ မေးခွန်းအတွက်

ငါ့မှာအဖြေရှိခဲ့ရင်

အခု တတိယကမ္ဘာစစ်ထဖြစ်မယ်

ဒီတိုင်းသာဆိုရင်

အာရုံခြောက်ပါးမှာ စိတ်တွေ အနာဖြစ်ပြီး

အတောမသတ်ငါရူးတော့မယ်

ပူလွန်းလို့နှုတ်ခမ်းနဲ့မထိအောင်သောက်ရတဲ့

အရက်တွေ အစာမရှိတဲ့အူကို ဘယ်လောက်လောင်စေမလဲ

ပြောနေကျစကားနဲ့ အူကို ပြောလိုက်တယ်

`မြန်မြန်သေလည်း အေးတာပဲ

`မင်းကို ထမင်းမှ ၀အောင် မကျွေးနိုင်တာ´

မသေရုံတမယ် ငါ့ကို ထမင်းကျွေးထားတဲ့မြို့

ကျောချစရာကို အမြဲဖွက်ထားတယ်

ကိုယ့်ကိုကိုယ်လေးစားစရာမရှိတဲ့ လူအန္ဓအတွက်

တာဝန်ကျေပွန်တတ်တဲ့ ကံကပေးအပ်ခဲ့တာကို

ဘယ်မျက်လုံးနဲ့ ငိုပြီးတိုင်တည်တိုင်တည်

တမာပင်အောက်က ကြက်ဟင်းခါး

ဘယ်တော့မှ ချိုမှာ မဟုတ်သလို။