Tuesday, August 18, 2009

မျက်နှာဖုံး

Tuesday, August 18, 2009 Posted by ဂျေဂျူဝိုင်
စိတ်မကောင်းပါဘူး သူငယ်ချင်းလေးရယ်
ငါ့မျက်နှာဖုံးကို မင်းလှပ်ကြည့်လိုက်တဲ့အခါ
ကံစီမံရာ မလွန်ဆန်နိုင်တဲ့
အ၀ိဇ္ဖာမီးအလောင်ခံ
အလေ့ကျပင်တွေနဲ့ တောရိုင်းတစ်ခု မင်းတွေ့မယ်
ထပ်မံဖုံးထားတဲ့ မျက်နှာဖုံးအောက်မှာ
မြွေပူရာကင်းမှောင့်ခံရတဲ့
ဆေးပြန်သုတ်ထားတဲ့ မျှော်လင့်ချက်တွေအကြောင်း
မဖြစ်စလောက်တွေကို
တစ်ခုပြီးတစ်ခု လက်တည့်စမ်းနေတဲ့
အနာဂတ်မေ့ရောဂါသည်အကြောင်း
မျှဝေသူမဲ့ရာသီမှာ
အမြဲတမ်းမိုးတစက်စက်
အပြင်ထွက်ဖို့ခက်တဲ့ ဗလာအကြောင်း
အပျင်းပြေဆိုတဲ့ ရည်မှန်းချက်ကြီးနဲ့
ဘာသင်တန်းညာသင်တန်းဆိုပြီး
သင်တန်းစုံထပ်နေတဲ့ ခြေသလုံးကြွက်သားအကြောင်း
ပန်းပုထုလို့မရ ထင်းစိုက်လို့မရတဲံ
ဝင်သက်ထွက်သက်ရှိ သစ်ဆွေးတုံးအကြောင်း
ဘ၀ကပေးတာတွေလည်းမရ
ဘ၀က မပေးတာတွေလည်းမရ
ရေချိန်မကိုက်ဘဲ ယိမ်းထိုးမူးအန်ပြရတဲ့
အလိုလိုအဓိပတိဖွားတွေအကြောင်း
နေရောင်နဲ့ထိရင် ပုပ်ပွမယ့် အသားအရေနဲ့
လွတ်လပ်မှုအတွက် ထုတ်ပြရတဲ့ အစွယ်အကြောင်း
မရေရာမှုနဲ့ ခုတ်ထစ်ထားတဲ့
လမ်းလွှဲလိုက် အရိပ်မဲ့
ပွင့်ပွင့်လင်းလင်းပြောဖို့ခက်တဲ့ ဝေဒနာတွေအကြောင်း
မင်းဆက်မသိတာ ကောင်းတယ် သူငယ်ချင်း။