
မြေမြုပ်ဗုံးတစ်လုံးအကြောင်း

Saturday, August 22, 2009 Posted by ဂျေဂျူဝိုင်
ပြန်ပြင်မရတဲ့အိပ်မက်ဆိုးထဲက
အပူအပင်ကြီးကြီးမားမားနဲ့
ကန္တာရလို့ခေါ်ရမယ့် လူလယ်ခေါင်မှာ
မြေမြုပ်ဗုံးကို ရုတ်တရက် တက်နင်းမိလိုက်တယ်
ခြေကုန်လက်ပန်းကျအောင်ငါရပ်နေလည်း
ဒီဗုံးက ရွေ့သွားမှာမဟုတ်မှန်းသိတယ်
မင်းတို့ကောင်တွေ တံလျှပ်ကို ရေမထင်မိစေနဲ့စတဲ့
ခပ်ထက်ထက် ဒီမြေမြုပ်ဗုံးရဲ့ ဆုံးမချက်မှာ
အချစ်ကိုရှာခဲ့ပေမယ့် အပြစ်သာပိုများလာတယ်
နှုတ်ခမ်းတစ်စုံမှာနစ်မွန်းနေတဲ့ဗုံးက
သူ့ကိုယ်သူ မိုက်ဘက်ကိုပါနေမှန်းမသိသေးဘူး
ငါခေါ်မိလို့ လိုက်လာတဲ့သူတွေရဲ့
ခြေအောက်တိုင်းဆီ ဒီမြေမြုပ်ဗုံးက ရုတ်တရက်
ပွားတက်သွားတာကို ငါနဲ့မဆိုင်ဘူးလို့
ငါစိတ်ချလက်ချနေခွင့် မရှိတော့ဘူး
သူတို့က ကမ္ဘာပေါ်က မြန်မာတွေ
ခရိယာန်ပါတယ် အစ္စလာမ်ပါဝင်ခဲ့တယ်
ဘီလူးလက်ထဲ ၀ရဇိန်ထည့်ခိုင်းခဲ့မိတယ်
“မနာလိုတာပါ” တစ်ခွန်းတည်းသာ ရမယ့်
ဒီမြေမြုပ်ဗုံးဖယ်ရှားရေး လုပ်ငန်းစဉ်မှာ
ငါ အရမ်းအားကိုးရာမဲ့နေခဲ့ပြီ
ငွေတစ်သိန်းရတယ် ငွေနှစ်သိန်းရတယ်ဆိုတိုင်း
ငါ့ရင်တစ်ခုလုံး ပူလောင်နာကျင်တယ်။
ငါ လမ်းပျောက်နေတဲ့ အကျဉ်းသားတစ်ဦး
မကြာသေးချိန်က မထင်မှတ်ပဲ ဖြစ်နေခဲ့ရပါပြီ။