Tuesday, September 9, 2008

အလင်းနဲ့မိုင်အဝေး

Tuesday, September 09, 2008 Posted by ဂျေဂျူဝိုင်
ပုံပန်းတကျ ရေတိမ်နစ်နေတဲ့အကြောင်း
တော်ရာအရပ်မှာ တော်ရာငရဲ ကျနေရတဲ့အကြောင်း
ဒုက္ခက လွတ်ထွက်သွားမှာစိုးလို့ သူ့ကို
တင်းတင်းကြပ်ကြပ်အဖက်ခံထားရကြောင်း
ကျမ်းကျိန်စရာမလိုတဲ့ငါ့အတွက်
အပိုသက်သက်အတ္တဘောတစ်ခုကို
သံသရာကြွေးတပွေ့တပိုက်နဲ့
မနေ့က အဖြစ်အပျက်ကို
အလွယ်တကူမေ့နိုင်တဲ့ စွမ်းအားတွေနဲ့
အနတ္တကို မီးရှို့ပစ်ချင်သေးတဲ့
ဟောဒီဂျေဂျူဝိုင်အတွက်
သရော်မှုတွေ ရွံရှာမှုတွေ
မှန်တွေရဲ့ နောက်မှာ ဘီးတွေရဲ့ အောက်မှာ
ဟွန်းသံဘေးမှာ မီးပွိုင့်တည့်တည့်မှာ
မာန်ဖီကြ၊ တစ်ယောက်တစ်ဝက်လုကြ
ပလက်ဖောင်းမရှိတဲ့မြို့
သစ်ရိပ်ဝါးရိပ်ကောင်းကောင်းမရှိတဲ့မြို့
စည်းကမ်းသည်လူ၏တန်ဖိုးလို့ ရေးထားတဲ့မြို့
လူဆီအစ်နေတဲ့မြို့
အဲဒီမြို့ရဲ့ အဓိကလမ်းမတွေပေါ်မှာ
ဂျေဂျူဝိုင်ဆိုတဲ့ ငါကလည်း
ဆေးလိပ်ကို သောက်ပြီးလမ်းလျှောက်ရင်း
အဆီခံကို လက်မနဲ့ လက်ခလယ်ကြားညှပ်ပြီး
ခပ်ဝေးဝေးကို တောက်ထုတ်လိုက်တယ်။