
ငါ့အကြောင်း

Thursday, September 11, 2008 Posted by ဂျေဂျူဝိုင်
အဖိနှပ်ခံ အိပ်မက်တစ်စင်းနဲ့
“တစ်” ရာခိုင်နှုန်းလောက်အလင်းနဲ့
သိမ်ငယ်ခြင်းတစ်ကိုယ်စာ အကျဉ်းနဲ့
မသိနားမလည်ခြင်း ခံနိုင်ရည်အားနဲ့
ငါပိုင်ဆိုင်သမျှ ငါ့အကြောင်းမှာ
ကိုယ်တစ်ခြမ်းသေနေတဲ့ သော့ချောင်းရယ်
ချောင်းဆိုးရင်ကြပ်ဖြစ်နေတဲ့ နာရီလက်တံရယ်
အသစ်ဟန်ဆောင်ထားတဲ့ ရက်လွန်အိပ်ဆေးတစ်လုံးရယ်
စိတ်အေးလက်အေးကြွားဝါနေတဲ့ ဥခွံအဟောင်းရယ်
မီးစွဲနေတဲ့ အတိတ်က အရိပ်မည်းတွေရယ်
မဆိုစလောက် စိတ်ဝင်စားစရာတွေ ပဲရှိပါတယ်
ငါ ရုပ်ရှင်လက်မှ မ၀ယ်ဘူး။ သရဲရထားမစီးဘူး
ငါ ပန်းသီးမစားဘူး။ ဧည့်ခံပွဲမတက်ဘူး
ငါ တီမတူးဘူး။ ငါးမမျှားဘူး
ငါ မိန့်ခွန်းမပြောဘူး။ စီရင်ချက်မချဘူး
ငါ ဘုရားကျောင်းမတက်ဘူး။ အာပတ်မဖြေဘူး
အဲဒီ အလင်းရောင်တွေက ငါနဲ့ဝေးတယ်
ငါ ဂျေဂျူဝိုင်ပါ
ယုတ္တိဗေဒအရ မှားပါတယ်
သိပ္ပံနည်းအရ မဖြစ်နိုင်ပါဘူး
သဘာဝတွက်ချက်မှုအရ မရှိ
ထို မှားသော မဖြစ်နိုင်သော မရှိသောသူသာ
ဂျေဂျူဝိုင်ဖြစ်၍ ဂျေဂျူဝိုင်သည်မရှိ
မရှိသော ဂျေဂျူဝိုင်သာ ဂျေဂျူဝိုင်ဖြစ်သဖြင့်
ဂျေဂျူဝိုင်သည် မှားသည် မဖြစ်နိုင်။ ။