Monday, August 24, 2009

မြှားဆိပ်တက်ခြင်း

Monday, August 24, 2009 Posted by ဂျေဂျူဝိုင်
ငါမလိုချင်လို့ လွင့်ပစ်ထားတာပါ
ဒီကောင်းကင်ကို ငါ့ပေါ်
မင်းဘာလို့ လာချသွားတာလဲ
ပြောလိုက်သေးတယ်
မချစ်ချင်စမ်းပါနဲ့တဲ့
နာရီက အချိန်ကို ရှာမရသလို
မီးက မီးပူလောင်နေသလို
သုတ္တန်ဒေသနာတွေ တရားမနာနိုင်တော့ဘူး
အချစ်က ကောင်းကင်ဘုံလောက်ဝေးလို့
ငါနဲ့ ငါပိုဝေးခဲ့ရပြီ
အနီရောင်မလေးရယ်
ပတ်ဝန်းကျင်ဖိအားလေးက
မင်းစိတ်ကို လှည့်ဖျားနေတာပါ
လောကဓံဆိုတာ
လူတွေကို ရယ်တတ်ဖို့ သင်ပေးတဲ့အရာပါ
မနက်ဖြန်ကို ပျံသန်းဖို့
ငါ့ကို အားကိုးရာ မမဲ့စေစမ်းပါနဲ့ကွာ။


မြေမြုပ်ဗုံးတစ်လုံးအကြောင်း

Saturday, August 22, 2009 Posted by ဂျေဂျူဝိုင်
ပြန်ပြင်မရတဲ့အိပ်မက်ဆိုးထဲက
အပူအပင်ကြီးကြီးမားမားနဲ့
ကန္တာရလို့ခေါ်ရမယ့် လူလယ်ခေါင်မှာ
မြေမြုပ်ဗုံးကို ရုတ်တရက် တက်နင်းမိလိုက်တယ်
ခြေကုန်လက်ပန်းကျအောင်ငါရပ်နေလည်း
ဒီဗုံးက ရွေ့သွားမှာမဟုတ်မှန်းသိတယ်
မင်းတို့ကောင်တွေ တံလျှပ်ကို ရေမထင်မိစေနဲ့စတဲ့
ခပ်ထက်ထက် ဒီမြေမြုပ်ဗုံးရဲ့ ဆုံးမချက်မှာ
အချစ်ကိုရှာခဲ့ပေမယ့် အပြစ်သာပိုများလာတယ်
နှုတ်ခမ်းတစ်စုံမှာနစ်မွန်းနေတဲ့ဗုံးက
သူ့ကိုယ်သူ မိုက်ဘက်ကိုပါနေမှန်းမသိသေးဘူး
ငါခေါ်မိလို့ လိုက်လာတဲ့သူတွေရဲ့
ခြေအောက်တိုင်းဆီ ဒီမြေမြုပ်ဗုံးက ရုတ်တရက်
ပွားတက်သွားတာကို ငါနဲ့မဆိုင်ဘူးလို့
ငါစိတ်ချလက်ချနေခွင့် မရှိတော့ဘူး
သူတို့က ကမ္ဘာပေါ်က မြန်မာတွေ
ခရိယာန်ပါတယ် အစ္စလာမ်ပါဝင်ခဲ့တယ်
ဘီလူးလက်ထဲ ၀ရဇိန်ထည့်ခိုင်းခဲ့မိတယ်
“မနာလိုတာပါ” တစ်ခွန်းတည်းသာ ရမယ့်
ဒီမြေမြုပ်ဗုံးဖယ်ရှားရေး လုပ်ငန်းစဉ်မှာ
ငါ အရမ်းအားကိုးရာမဲ့နေခဲ့ပြီ
ငွေတစ်သိန်းရတယ် ငွေနှစ်သိန်းရတယ်ဆိုတိုင်း
ငါ့ရင်တစ်ခုလုံး ပူလောင်နာကျင်တယ်။
ငါ လမ်းပျောက်နေတဲ့ အကျဉ်းသားတစ်ဦး
မကြာသေးချိန်က မထင်မှတ်ပဲ ဖြစ်နေခဲ့ရပါပြီ။

Tuesday, August 18, 2009

မျက်နှာဖုံး

Tuesday, August 18, 2009 Posted by ဂျေဂျူဝိုင်
စိတ်မကောင်းပါဘူး သူငယ်ချင်းလေးရယ်
ငါ့မျက်နှာဖုံးကို မင်းလှပ်ကြည့်လိုက်တဲ့အခါ
ကံစီမံရာ မလွန်ဆန်နိုင်တဲ့
အ၀ိဇ္ဖာမီးအလောင်ခံ
အလေ့ကျပင်တွေနဲ့ တောရိုင်းတစ်ခု မင်းတွေ့မယ်
ထပ်မံဖုံးထားတဲ့ မျက်နှာဖုံးအောက်မှာ
မြွေပူရာကင်းမှောင့်ခံရတဲ့
ဆေးပြန်သုတ်ထားတဲ့ မျှော်လင့်ချက်တွေအကြောင်း
မဖြစ်စလောက်တွေကို
တစ်ခုပြီးတစ်ခု လက်တည့်စမ်းနေတဲ့
အနာဂတ်မေ့ရောဂါသည်အကြောင်း
မျှဝေသူမဲ့ရာသီမှာ
အမြဲတမ်းမိုးတစက်စက်
အပြင်ထွက်ဖို့ခက်တဲ့ ဗလာအကြောင်း
အပျင်းပြေဆိုတဲ့ ရည်မှန်းချက်ကြီးနဲ့
ဘာသင်တန်းညာသင်တန်းဆိုပြီး
သင်တန်းစုံထပ်နေတဲ့ ခြေသလုံးကြွက်သားအကြောင်း
ပန်းပုထုလို့မရ ထင်းစိုက်လို့မရတဲံ
ဝင်သက်ထွက်သက်ရှိ သစ်ဆွေးတုံးအကြောင်း
ဘ၀ကပေးတာတွေလည်းမရ
ဘ၀က မပေးတာတွေလည်းမရ
ရေချိန်မကိုက်ဘဲ ယိမ်းထိုးမူးအန်ပြရတဲ့
အလိုလိုအဓိပတိဖွားတွေအကြောင်း
နေရောင်နဲ့ထိရင် ပုပ်ပွမယ့် အသားအရေနဲ့
လွတ်လပ်မှုအတွက် ထုတ်ပြရတဲ့ အစွယ်အကြောင်း
မရေရာမှုနဲ့ ခုတ်ထစ်ထားတဲ့
လမ်းလွှဲလိုက် အရိပ်မဲ့
ပွင့်ပွင့်လင်းလင်းပြောဖို့ခက်တဲ့ ဝေဒနာတွေအကြောင်း
မင်းဆက်မသိတာ ကောင်းတယ် သူငယ်ချင်း။

သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ဆုံခြင်း

Tuesday, August 18, 2009 Posted by ဂျေဂျူဝိုင်
ရိုးအလွန်းတဲ့ လမ်းမတွေကြောင့်
ကျွန်တော့်မြို့လေး ကျကျန်ရစ်ခဲ့
သိပ်တော်ပြီး ရိုကျိုးတတ်သူနဲ့ ဆွေးနွေးတဲ့အခါ
တိမ်တွေဟာ အနေရခက်ငုပ်လျှိုး
ကိုယ်ကျင့်တရား မကောင်းတဲ့ရာသီမှာ
ပွင့်တဲ့ပန်းက ရာဇ၀င်တွင်ရစ်ချင်တယ်လို့
သွေးဆိုးနဲ့ ခြယ်သထားတဲ့ ကမ္ဘာကြီးက
အမှန်တရားကင်းမဲ့စွာ အသက်ရှင်
ကျွန်တော်တစ်ယောက်တည်း မှားနေပြန်ပြီ
မိုးကောင်းကင်က နိမ့်နိမ့်လေးပါလားလို့
သူ့ကိုယ်သူ တွေ့ရှိချိန်မှာ
အ၀ီဝိက သူ့ရင်ဘတ်ကို ဆက်ဆက်ဖွင့်
နာရီတွေ ချိုးဖျက်သွားတဲ့ မိုင်တိုင်တွေအားလုံး
ကလေး လုလင် ကုန်သည် ယောဂီတစ်ဦးဦး
ကမ်းခွာခံရတဲ့ ရေနဲ့ ကုန်းအစပ်လေးပါဘဲ
ဒါပေမယ့်
သေငယ်စောနဲ့ မျှောနေတဲ့ မျက်နှာကြက်လေးဟာ
နောက်ဆုံးထွက်သက်အထိ ကြမ်းပြင်ကို အုပ်မိုး
တယုတယအခြွေခံရတဲ့
ပွင့်ကြွေတွေကလွဲရင် အားလုံးပျော်နေကြမှာပဲ
အမှောင်ထဲက ဂျေဂျူဝိုင်တစ်ယောက်ကသာ...။

နှင်းဆီတေလေ

Tuesday, August 18, 2009 Posted by ဂျေဂျူဝိုင်
ငွေဆိုတာ ရှာတတ်ရင်
လွယ်လွယ်လေးတဲ့လား
ပြောပေါ့ကွာ
ဒီကား ဒီဆိုင်ကယ်တွေနောက်
မင်းဘယ်နှစ်နှစ်များ
အခန့်သား ထိုင်လိုက်သွားနိုင်မှာလဲ
ရုပ်ရှင်းမင်းသမီးနာမည်တွေနဲ့
မင်းသူငယ်ချင်းတွေနောက် လိုက်မသွားခင်
နံရံထက်မှာ မင်းကိုယ်တိုင်ချိတ်ထားတဲ့
မင်းအမေရဲ့ ဓာတ်ပုံလေး
တစ်ချက်လောက် ကြည့်ခဲ့ပါလား
နှင်းဆီအရောင်က
ပြာနှမ်းနှမ်းကြီးပါကွာ
ငါတို့လမ်းပေါ်မှာ
မင်းနာမည် ကျကွဲသံတွေ
ငါ ထပ်မကြားချင်တော့ဘူး
ဘ၀တိုတိုလေးမှာ
မင်းရဲ့ယစ်မူးအနမ်းလေးလည်း
တိုတိုလေးပဲ ရိုစီရဲ့
စမ်းကြည့်ပေါ့လေ
ကံထမ်းလာတယ်ဆိုတာမျိုးက
မြင်ရတာမှ မဟုတ်တာ
ဒီငရုတ်သီးတွေထဲမှာ
တစ်တောင့်တစ်လေတော့
မင်းအတွက် ချိုကောင်းချိုနေမှာပါ

မန္တလေးရှုခင်း

Tuesday, August 18, 2009 Posted by ဂျေဂျူဝိုင်
နွေရောက်ရင် မီးထဲခုန်ဆင်းပြီး
ဆောင်းမှာ အေးရိပ်ခဏခိုတတ်တဲ့
မြို့လေးဟာ
မိုးမှာ တစ်ခါခါ ရေအကြာကြီးချိုး တတ်ပြန်တယ်။
မနက် မနက် သိပ္ပံလမ်းနှင့် ၇၈ လမ်းမပေါ်
စက်ဘီးလှိုင်းလုံးကြီး လမ်းမလျှံကျမတတ် စီးဝင်လာပြီဆိုရင်
မြို့လေးဟာ
အိပ်ယာပေါ်ကထဖို့ ပျင်းကြောဆန့်တယ်
ဘုရားကြီးအရှေ့မုဒ် ၈၄ လမ်းနှင့် လမ်းမကြီးတစ်လျှောက်
ကားတွေ ဆိုင်ကယ်တွေ စက်ဘီးတွေ ရှုပ်ပြီဆိုရင်
မြိ့လေးဟာ
လိုချင်တဲ့အရုပ်ရတဲ့ကလေးလို ပြုံးတယ်
ကျုံးဘေးကို ဖြတ်မိသူ ဘယ်သူမဆို
မြို့လေးဟာ
ဘာနဲ့မှ မတူတဲ့ကြည်နူးမှုကို ပေးတယ်
နန်းစိုက်ခဲ့ရာမို့ ၀တ်စားဆင်ယင်မှုတွေယဉ်ကျေး
မြို့လေးဟာ
ရိုးရိုးလေးနဲ့ တော်ဝင်ထိုက်တယ်
ရွှေကျောင်းကြီး မန်းတောင်တော် ရှေးဘုရားတွေရှိတဲ့
မြို့လေးဟာ
ကမ္ဘာကြီးကိုလည်း ညှို့တယ်
၂၂ လမ်းထိပ်မြစ်ကမ်းရယ် ဧရာဝတီမြစ်ပြင်ရယ်
မင်းကွန်းတောင်ရိုးအောက် လျိုးဝင်သွားတဲ့ နေမင်းရဲ့မြင်ကွင်းနဲ့
မြို့လေးဟာ
ရိုးတွင်းချင်ဆီထိတဲ့ အလှကိုပိုင်တယ်
ရင်ငွေ့လှုံ မဟာမုနိနှင့် စေတီပုထိုးများမှာ
မြို့လေးဟာ
ပွဲတော်တစ်ခုပုံစံနဲ့ အမြဲစည်ကားတယ်
လမ်းတိုင်း ရပ်ကွက်တိုင်းမှာ ဓမ္မာရုံနဲ့
မြို့လေးဟာ
ဆွမ်းလောင်းအသင်း ၀တ်အသင်းနဲ့ ပြည့်စုံတယ်
ပတ်ဒူး စလွယ်သိမ်း မဟာနွယ်ဆိုပြီး
မြို့လေးဟာ
ညနေခင်းဆို ခြင်းဝိုင်းမှာ အပန်းဖြေတယ်
ဆောင်းရောက်လို့ ဇာတ်ပွဲတွေရှိပြီဆိုရင်
မြို့လေးဟာ
ဇာတ်စင်ရှေ့က မထစတမ်းပွဲကြည့်တယ်
ပလာစာ အင်တာနက်ကဖီးတွေနဲ့
မြို့လေးဟာ
ဂလိုဘယ်လိုက်ဇေးရှင်းနဲ့အညီလည်းပြေးတယ်

အသံတိတ်တီးလုံးများ

Tuesday, August 18, 2009 Posted by ဂျေဂျူဝိုင်
လေးဖြူရဲ့သီချင်းဟောင်းကို နားထောင်ရင်း
စီးကရက်ကို ခပ်ပြင်းပြင်းရှိုက်ဖွာရင်း
မောက်စ်ဝီးလ်လေးကို လိမ့်ဆင်းရင်း
ငါ မောင်ချောနွယ်၊ အောင်ချိမ့်နှင့် အောင်ဝေးတို့ရဲ့
ကဗျာတွေကို အသစ်လို ဖတ်နေတယ်
ငါ့ရင်ထဲ ပြည့်နေတဲ့ မင်းအကြောင်းတွေကို
ခလုတ်လေးတစ်ခုနှိပ်ပြီး ဖျက်ပစ်လိုက်လို့ရရင်
အကောင်းသား ဒါပေမယ့် အခု
မင်းနာမည်ပဲ Screen အပြည့် ရေးမိတယ်။
မင်းနဲ့ငါနဲ့ နေ့လည်ခင်းက
တဖြည်းဖြည်းမှောင်လာတာကလွဲလို့
အသစ်စက်စက် အိပ်မက်ကို
လှုပ်နှိုးပစ်လိုက်ရတာကလွဲလို့
င့ါအ၀ိဇ္ဇာချည်တိုင်မှာ
မင်းအပြုံးတွေ အမြဲသစ်လွင်နေတာကလွဲလို့
အသိရခက်တဲ့ အကြည့်နက်နက်တွေထဲ
မင်းရဲ့နားလည်မှုကို ငါနားမလည်ခဲ့ဘူး
ငါ့ရဲ့နားလည်မှုကို မင်းနားမလည်ခဲ့ဘူး
ဒါနဲ့ အဲဒီမေ့မရတဲ့ အချစ်ထဲ
ငါ့တစ်ယောက်တည်း ငုတ်တုတ်ထိုင်ကျန်ရစ်ခဲ့။

Thursday, July 30, 2009

အသံမမြည်အောင်တီးတဲ့ဘင်ခရာ

Thursday, July 30, 2009 Posted by ဂျေဂျူဝိုင်
စိတ်ညစ်နေတယ်၊ ဒုက္ခပါပဲ
အထပ်ထပ်ကြားနေရတဲ့ စကားများ
ငါလည်း သူတို့လို
ပိုက်ဆံတွေ ပိုက်ပြီး စိတ်ညစ်ချင်လိုက်တာ
ဒုက္ခရဲ့ မြူဆွယ်မှုအောက်ထဲ
ခေါင်းတိုးဝှေ့ချင်လိုက်တာ
ဒါမှ မနက်ဖြန်ဆိုတာ နည်းနည်းတော့
အဓိပ္ပါယ်ရှိမယ် မဟုတ်ပါလား။
ကတ္တီပါဖုံးထားစရာမလိုဘူး
ရွှေဓားဖြစ်ဖို့ မလိုပါဘူး
ခင်ဗျားတို့ ထိုးမယ်ဆိုရင်
ကြိုက်တဲ့ဓားကိုသာယူခဲ့ပါ
နောက်ကျောကိုထိုးသွားလည်းခွင့်လွတ်တယ်
ဒါမှ ဂျေဂျူဝိုင်ဆိုတာ အသက်ရှင်နေဆဲလို့
ကိုယ့်ကိုယ်ကို ခန့်မှန်းနိုင်မယ် မဟုတ်ပါလား။
ဘ၀ကို စစ်တမ်းကောက်လိုက်ရင်
အမှားတွေ တစ်ထပ်ကြီးနဲ့
နောင်တတွေ တစ်သီတတန်းကြီး ထွေးပိုက်ထားချင်လိုက်တာ
ဒါမှ အမှန်တစ်ခုလောက် ရဖူးရင်
ကြည်နူးမှုဆိုတာကို ရရှိဖူးမယ် မဟုတ်ပါလား။
တိုးတိုး တိုးတိုးနဲ့ ကျွတ်ကျွတ်လို့ စုတ်သပ်ပြီး
ဂျေဂျူဝိုင်ဆိုတာ သူလေ၊ မိုက်လိုက်တာဟယ်
ဆိုတဲ့ စကားသံမျိုးကြားချင်လိုက်တာ။
ဒါမှ ကျွန်တော် တစ်ယောက်ယောက်နဲ့
ပတ်သက်နေကြောင်း သိရမယ် မဟုတ်ပါလား။
ဖြန့်လက်တဲ့ လက်ဝါးထဲ ဘာမှ မပါခဲ့ဖူးသလို
ဆုတ်လိုက်တဲ့ လက်ထဲမှာလည်း ဘာမှ ပါမလာခဲ့ဖူးပါဘူး။


လေးဖြူ၏ အပယ်ခံ သီချင်းကို နားထောင်ရင်း စပ်မိတဲ့ ကဗျာလေးတစ်ပုဒ်ပါ။


အသည်းကွဲဆည်းဆာ

Tuesday, September 23, 2008 Posted by ဂျေဂျူဝိုင်
အသည်းကွဲသီချင်း

ဖြစ်ကောင်းဖြစ်မယ်။ ဖြစ်မှာပါဘဲ။

အပြင်ဘက်ကို ကျမလာတဲ့ မျက်ရည်

ရင်ထဲမှာ ဆက်လက်ကူးခတ်နေမှာဘဲ။

အပြင်မှာ လှုပ်ရှားနေသူတစ်ယောက်

ရင်ထဲမှာ ထိုင်ပြီးငိုင်နေမှာဘဲ။

နားလည်မှုကို ကျောခိုင်းသွားတဲ့သူရဲ့ နားလည်မှု

စုံလုံးကန်းဘ၀ကို နားလည်သွားမှဘဲ။

အသက်ကို ဖက်တွယ်တတ်တဲ့ အ၀ိဇ္ဖာသာမရှိရင်

ကျွန်တော့်ရဲ့စိတ်ကို လွတ်ချလိုက်မိမှဘဲ။


ဟိုဘက်ကမ်း

Sunday, September 21, 2008 Posted by ဂျေဂျူဝိုင်

လာမိတ်ဆွေ
သောင်မမြင်တဲ့လမ်း
ကမ်းမမြင်တဲ့ အနီးရှိ အဝေးဆုံးခရီး
တက်မကြီးကြီးနဲ့ခတ်
စိတ်ဓာတ်ကျမယ့်စကား
ကမ်းစပ်မှာထားခဲ့
သံယောဇဉ်ကြိုးအဆွေးတွေကို
အဝေးဆုံးချည်တိုင်မှာစွပ်ခဲ့
ရူးသွပ်မှုအရေခွံတွေကို
ဟို သောင်စပ်မှာ ချွတ်ခဲ့
ပေါ့ပါးလန်းဆန်း
ကမ်းက ခွာမယ်
မြန်မြန်သွက်သွက်
ကမ်းက ထွက်မယ်
အို မိတ်ဆွေ
ရှေ့မှာကာဆီး
သတိထားပြီးရှောင်
ကျောက်ဆောင်လေလား
ရေခဲတောင်လား
ငါးမန်းဆူးတောင်လား
ချွန်းချွန်းထက်ထက်နဲ့
တို့အသက်ကိုလုမယ့်
မိုးသက်လေပြင်းတွေ
အို မိတ်တွေ
လှော်ထားခတ်ထား
အနရယ်ကြားမှာပျော်
မုန်တိုင်းထန်လည်းပျော်
လှိုင်းထန်လည်းပျော်
အားတင်းလှော်ထား
စိတ်မကားစားနဲ့
မကြာခင်ညဥ့်နက်လာလိမ့်မယ်
လေပြင်းမုန်တိုင်း ငြိမ်သက်လာလိမ့်မယ်
အရုဏ်တက်ဖို့ နီးလာလိမ့်မယ်
မျှော်လင့်ချက် ခရီးရောက်လာလိမ့်မယ်
အားတင်းလှော်လေ... အိုမိတ်ဆွေ။


ငါ့အကြောင်း

Thursday, September 11, 2008 Posted by ဂျေဂျူဝိုင်
အဖိနှပ်ခံ အိပ်မက်တစ်စင်းနဲ့
“တစ်” ရာခိုင်နှုန်းလောက်အလင်းနဲ့
သိမ်ငယ်ခြင်းတစ်ကိုယ်စာ အကျဉ်းနဲ့
မသိနားမလည်ခြင်း ခံနိုင်ရည်အားနဲ့
ငါပိုင်ဆိုင်သမျှ ငါ့အကြောင်းမှာ
ကိုယ်တစ်ခြမ်းသေနေတဲ့ သော့ချောင်းရယ်
ချောင်းဆိုးရင်ကြပ်ဖြစ်နေတဲ့ နာရီလက်တံရယ်
အသစ်ဟန်ဆောင်ထားတဲ့ ရက်လွန်အိပ်ဆေးတစ်လုံးရယ်
စိတ်အေးလက်အေးကြွားဝါနေတဲ့ ဥခွံအဟောင်းရယ်
မီးစွဲနေတဲ့ အတိတ်က အရိပ်မည်းတွေရယ်
မဆိုစလောက် စိတ်ဝင်စားစရာတွေ ပဲရှိပါတယ်
ငါ ရုပ်ရှင်လက်မှ မ၀ယ်ဘူး။ သရဲရထားမစီးဘူး
ငါ ပန်းသီးမစားဘူး။ ဧည့်ခံပွဲမတက်ဘူး
ငါ တီမတူးဘူး။ ငါးမမျှားဘူး
ငါ မိန့်ခွန်းမပြောဘူး။ စီရင်ချက်မချဘူး
ငါ ဘုရားကျောင်းမတက်ဘူး။ အာပတ်မဖြေဘူး
အဲဒီ အလင်းရောင်တွေက ငါနဲ့ဝေးတယ်
ငါ ဂျေဂျူဝိုင်ပါ
ယုတ္တိဗေဒအရ မှားပါတယ်
သိပ္ပံနည်းအရ မဖြစ်နိုင်ပါဘူး
သဘာဝတွက်ချက်မှုအရ မရှိ
ထို မှားသော မဖြစ်နိုင်သော မရှိသောသူသာ
ဂျေဂျူဝိုင်ဖြစ်၍ ဂျေဂျူဝိုင်သည်မရှိ
မရှိသော ဂျေဂျူဝိုင်သာ ဂျေဂျူဝိုင်ဖြစ်သဖြင့်
ဂျေဂျူဝိုင်သည် မှားသည် မဖြစ်နိုင်။ ။

Tuesday, September 9, 2008

အလင်းနဲ့မိုင်အဝေး

Tuesday, September 09, 2008 Posted by ဂျေဂျူဝိုင်
ပုံပန်းတကျ ရေတိမ်နစ်နေတဲ့အကြောင်း
တော်ရာအရပ်မှာ တော်ရာငရဲ ကျနေရတဲ့အကြောင်း
ဒုက္ခက လွတ်ထွက်သွားမှာစိုးလို့ သူ့ကို
တင်းတင်းကြပ်ကြပ်အဖက်ခံထားရကြောင်း
ကျမ်းကျိန်စရာမလိုတဲ့ငါ့အတွက်
အပိုသက်သက်အတ္တဘောတစ်ခုကို
သံသရာကြွေးတပွေ့တပိုက်နဲ့
မနေ့က အဖြစ်အပျက်ကို
အလွယ်တကူမေ့နိုင်တဲ့ စွမ်းအားတွေနဲ့
အနတ္တကို မီးရှို့ပစ်ချင်သေးတဲ့
ဟောဒီဂျေဂျူဝိုင်အတွက်
သရော်မှုတွေ ရွံရှာမှုတွေ
မှန်တွေရဲ့ နောက်မှာ ဘီးတွေရဲ့ အောက်မှာ
ဟွန်းသံဘေးမှာ မီးပွိုင့်တည့်တည့်မှာ
မာန်ဖီကြ၊ တစ်ယောက်တစ်ဝက်လုကြ
ပလက်ဖောင်းမရှိတဲ့မြို့
သစ်ရိပ်ဝါးရိပ်ကောင်းကောင်းမရှိတဲ့မြို့
စည်းကမ်းသည်လူ၏တန်ဖိုးလို့ ရေးထားတဲ့မြို့
လူဆီအစ်နေတဲ့မြို့
အဲဒီမြို့ရဲ့ အဓိကလမ်းမတွေပေါ်မှာ
ဂျေဂျူဝိုင်ဆိုတဲ့ ငါကလည်း
ဆေးလိပ်ကို သောက်ပြီးလမ်းလျှောက်ရင်း
အဆီခံကို လက်မနဲ့ လက်ခလယ်ကြားညှပ်ပြီး
ခပ်ဝေးဝေးကို တောက်ထုတ်လိုက်တယ်။

ပုံမှန်တစ်ခွက်

Tuesday, September 09, 2008 Posted by ဂျေဂျူဝိုင်
ငါနဲ့ ငါကြား အက်ကြောင်းတွေ ပိုထင်းထင်းလာ
သိစိတ်က တစ်ခုခုလုပ်စဉ်
မသိစိတ်က ကမ်းပါးစွန်းမှာ
တပျော်တပါးပြေးလွားဆော့ကစား
မီးခိုးနံ့တွေ
အသားကို မီးလောင်နံ့တွေ
ထိတွေ့ကိုင်တွယ်လို့မရတဲ့ ဒြပ်တွေ
ရင်ဆို့နေတဲ့ အကြည့်တွေ
မိုးမစဲ၊ ခ၀ါမချ
ဆရာဝန်မက
ရှင်နောက်ဆုံးခရီးးကို သွားရဖို့ အဆ ၂၀ နီးလာပြီ
ရှင့်နှလုံး တော်တော်ပုပ်နေပြီ
ရှင်က လူဖြစ်ရှုံးအောင်နေထိုင်သူပဲ
ဟား ဟား ဟား
ကြားလိုက်ရတဲ့ ဆရာမရဲ့ ဟာသ
ငါတို့အားလုံးရဲ့ ရန်သူဟာ ဘယ်သူလဲ. . .လို့
သိပ္ပံပညာရှင်ကြီးတစ်ယောက်ရဲ့ မေးခွန်းက
အိန္ဒိယကျောင်းသူလေးတစ်ဦးကဖြေတယ်
“ဆင်းရဲမွဲတေမှု”. . .။

Thursday, September 4, 2008

ကျွမ်းလောင်ခြင်း

Thursday, September 04, 2008 Posted by ဂျေဂျူဝိုင်
ခင်ဗျားဟာ မတော်တဆ ခပ်ညံ့ညံ့ဖြစ်နိုင်တယ်

ဆိုကြပါစို ဒီကဗျာဖတ်လို့ ဂျေဂျူဝိုင်နဲ့ခင်လို့

ဒါပေမယ့် ခင်ဗျားဟာ ခပ်ညံ့ညံ့ မဟုတ်ပေဘူး

ဆိုကြပါစို့ ဒီကဗျာကိုမဖတ်လို့ ဂျေဂျူဝိုင်မခင်လို့။

ခင်ဗျားဟာ မတော်တဆ ရာဇ၀တ်ကောင်ဖြစ်နိုင်တယ်

ဆိုကြပါစို့ ပဋိဇီဝဆေးသုံးလို့ ဂျေဂျူဝိုင်နဲ့ခင်လို့

ဒါပေမယ့် ခင်ဗျားဟာ ရာဇ၀တ်ကောင် မဟုတ်ပေဘူး

ဆိုကြပါစို့ ပဋိဇီဝဆေးဝယ်မရလို့ ဂျေဂျူဝိုင်မခင်လို့။

ခင်ဗျားဟာ မတော်တဆ ရူးသွားနိုင်တယ်

ဆိုကြပါစို အရှက်ကွဲလို့ ဂျေဂျူဝိုင်နဲ့ခင်လို့

ဒါပေမယ့် ခင်ဗျားဟာ ရူးမသွားပေဘူး
ဆိုကြပါစို့ ဂျေဂျူဝိုင်ကို မသိလို့ မခင်လို့။

ခင်ဗျားဟာ မတော်တဆ သေသွားနိုင်တယ်

ဆိုကြပါစို ကားတိုက်လို့ ဂျေဂျူဝိုင်နဲ့ခင်လို့

ဒါပေမယ့် ခင်ဗျားဟာ သေမယ့်သူ မဟုတ်ပေဘူး
ဆိုကြပါစို့ အိမ်ပြင်မထွက်လို့ ဂျေဂျူဝိုင်မခင်လို့။

ခင်ဗျားဟာ မတော်တဆ ခင်ဗျားဖြစ်နိုင်တယ်

ဆိုကြပါစို့ သံယောဇဉ်ကြီးတတ်လို့ ဂျေဂျူဝိုင်နဲ့ခင်လို့

ဒါပေမယ့် ခင်ဗျားဟာ ခင်ဗျား မဟုတ်ပေဘူး

ဆိုကြပါစို့ သံယောဇဉ်ဖြတ်နိုင်လို့ ဂျေဂျူဝိုင်မခင်လို့။