Sunday, March 20, 2011

ဒီနေ့ရာသီအခြေအနေ

Sunday, March 20, 2011 Posted by ဂျေဂျူဝိုင်
မ်က္ရည္က်မယ့္အတူတူ

လက်ခုံကို မင်းအိပ်ကပ်ထဲကနေ ဆွဲထုတ်လိုက်ပါ

ကမ္ဘာမှာ မင်းတစ်ယောက်တည်း

အပေါ်ကို မော့ကြည့်နေပါ

အခု မင်းရှိနေတဲ့ နေရာက

မင်းအတွက် ကန္တာရပါ

မင်းရှိုက်သံကြောင့် မုန်တိုင်း မထန်ပါဘူး

မင်းမျက်ရည်ကြောင့် ဒီကုန်းမြေ ရေမလွှမ်းပါဘူး

မင်းနှစ်နှစ်ကာကာချစ်ခဲ့သမျှ အရာရာဟာ

အရင်ကအတိုင်း မင်းတစ်ယောက်တည်းပါပဲ

ဝိညာဉ်ချင်းလည်း ချိတ်ဆက်ချင်မှ ချိတ်ဆက်လိမ့်မယ်

ချစ်တတ်သူတစ်ယောက်ယောက်ရဲ့

လှမ်းလက်ကို ဆွဲယူ

ပန်းပွင့်စတွေ လွှင့်တက်လာတဲ့

အနမ်းစတွေ လွှင့်ထွက်လာတဲ့

ညမှာ ကြယ်တွေကြွေတာ ချစ်သူနဲ့

အတူကြည့်ချင်နေသေးလား

သံစဉ်တစ်ခုခု ဂီတသံတစ်ခုခု

လွှင့်မျောနေတဲ့ နာမည်တစ်ခုခု

အော်ခေါ်ပါ

ချစ်သူကြားအောင်အော်ခေါ်ပါ

အရမ်းမပြေးပါနဲ့

မင်းအော်ခေါ်သည်နှင့်အမျှ

မင်းဟာ ဂြိုဟ်သိမ်ဂြိုဟ်မွှားလို လွင့်ထွက်နေ

ငေးကြည့်

အတိတ်ကို ငေးကြည့်

ချစ်ခဲ့ဖူးတာကို ငေးကြည့်

နမ်းခဲ့ဖူးတာကို ငေးကြည့်

ငေးကြည့်လို့ လှသထက်လှနေဆဲ အတိတ်မှာ

အနမ်းကို

တစ်ယောက်နဲ့တစ်ယောက်

တင်းတင်းကြပ်ကြပ်ဖက်ပြီး

နမ်းခဲ့ဖူးပေမယ့်

အလွမ်းဆိုတာမျိုးက

ချစ်သူတွေကို ခပ်ဝေးဝေးခွဲဖို့ပဲ

စဉ်းစားနေတာ။

Friday, January 28, 2011

တစ်နေ့နေ့ရဲ့ မနက်ဖန်

Friday, January 28, 2011 Posted by ဂျေဂျူဝိုင်
ဘယ္သူကမ်ား
"အချစ်"ဆိုတဲ့စကားလုံးအောက်
ဒုက္ခမရောက်ဘဲ
ရှိခဲ့ကြဖူးလဲ။

ချစ်တတ်သူတိုင်း
ချစ်ရသူ ကောင်းစားစေချင်တဲ့စိတ်နဲ့
ချစ်ရသူနဲ့ ဝေးရမှာ ကြောက်တဲ့စိတ်
အမြဲလွန်ဆွဲနေခဲ့မှာ

အချစ်သာ ပဓာနရယ်လို့
ဘဝကို သောကဘုံထဲပို့ဖို့ဆိုပြန်တော့လည်း
မျက်ရည်လေးတစို့စို့
ကိုယ့်ရဲ့ တစ်ယောက်သောသူကို
ဒီတိုင်း မကြည့်ရက်ကြတာ
သဘာဝပဲ မဟုတ်လား

မြတ်နိုးရသူ မျက်နှာငယ်မှာစိုး
အတ္တအစွယ်ကိုချိုးပြီး
တိတ်တခိုးနဲ့ ငိုမိရယ်မိ
ဒါကို
ချစ်သူသိမှာလည်း ကြောက်ခဲ့ရတယ်

ချစ်သူရဲ့ ခိုလှုံရာဆီ ခိုးခိုးသွား
အရှိုက်ထိအောင် နာခဲ့ရခြင်းအတူတူ
သူ ပိုနာကျင်သွားလေမလားလို့
စိုးရိမ်မိတာကလည်း
သိပ်ချစ်လွန်းလို့ မဟုတ်ပါလား

တစ်ဆင့်ပြီးတစ်ဆင့်
တနင့်နင့်နဲ့
သီးသမျှ သတိရခြင်း သစ်သီးတွေ
ရင့်ရင့်ပြီးတော့ကြွေ
ဒီရင်ကို မီးလိုမွှေနေတာ
ဘယ်သူမှ မသိခဲ့ပါဘူး

ချစ်ရသူတစ်ယောက်
နောက်ရင်ခွင်မှာ
ပျော်မှ ပျော်ပါ့မလားလို့
သောကအစုံအလင်နဲ့
လင်းနေတဲ့ ကိုယ့်ကောင်းကင်
ဒီရင် ပူလောင်လိုက်မလဲ

အခု ကိုယ်ဆိုနေတဲ့သီချင်းမှာ
ဒဏ်ရာကင်းတာဆိုလို့
ချစ်သူနာမည်ပဲရှိ
အဲဒီ့စိမ်းလန်းတောအုပ်မှာ
ကိုယ် တစ်သက်လုံးနေချင်မိတာ
ဆန်းသလား

မြွေတွေ အဆိပ်ဘယ်လောက်ပြင်းပြင်း
အချင်းချင်းတော့ မထိခိုက်သလို
ကိုယ်တို့
အဆိပ်များစွာဆီက
လွတ်ကင်းခဲ့ပေမယ့်
အတ္တမြင်းရိုင်း ခွာသံအောက်မှာ
မြစ်တို့ သိပ်ကွေ့ကောက်လွန်းခဲ့တယ်

တန်ဖိုးအတုတွေနဲ့
ဘဝအတုမှာ
ပျော်စရာအတုတွေ
ရှာနေသူကြား
ကိုယ်တို့လမ်းမှားခဲ့
တစ်ခါခါ
လွတ်လပ်စွာကွဲလွဲခွင့်ဆိုတာ
နှလုံးသားတည့်တည့်
ချိန်ပြီးပစ်လိုက်တဲ့
ကျည်ဆံ

တစ်ရက်ထက်တစ်ရက်
ကြီးရင့်လာတဲ့ အသက်နဲ့အတူ
ကိုယ့် အမှားတွေ
အဆင့်တက်
နရက်မှာ ပြာတွေ ဆက်ပူမယ့်အတူတူ
ဗုံကို အသံခပ်ပြင်းပြင်း
မြည်အောင် ထုလိုက်
အသက်ကိုတော့ မှန်မှန်ရှူ
ကော်ဖီတွေ ပူနေရင် မှုတ်သောက်ပေါ့
ပတ်ဝန်းကျင်ဆိုတာ
ယားရင်ကုတ်လို့ကောင်းတဲ့
အနာစိမ်း

လူတွေဦးနှောက်က
စက်ရုံက တိုက်ရိုက်ပို့ထားတဲ့ မှန်များ
ကော်ပတ်စားထားတဲ့ ကျွမ်းတိုင်
သေချာကိုင်ရင်တောင်
စွန်းတယ်

ချစ်သူရေ
သဘာဝဇာတ်ညွှန်းအတိုင်း
အခု ကိုယ်တို့
တစ်ယောက်နဲ့တစ်ယောက်
အထင်လွဲပြီး
နာကျည်းကြတဲ့ အလွမ်းခန်းကို
ဆက်က ကြရမယ်




ဂျေဂျူဝိုင်ရဲ့ အချစ်ကဗျာကို ဖတ်ချင်တယ်ဆိုလို့ အလောတကြီး စပ်ပေးလိုက်ပါတယ်။


သုံးသုံးလီ=ကိုး

Saturday, January 22, 2011 Posted by ဂျေဂျူဝိုင်
နည်းနည်းလေး ပိုပြီးတော့လည်း မယူခဲ့ရပါဘူး
အတိတ်မျက်ဝန်းကိုက ရင်ထဲကိုပဲ စိုက်စိုက်ကျနေတာပါ
ငါတို့အချစ်စစ်စစ်တွေနဲ့ ချစ်ခဲ့ကြပြီး
ဘယ်လိုမှ မဝေးနိုင်ခဲ့ပေမယ့်
ငါတို့ဆွဲခဲ့တဲ့ စင်ကြယ်မှုအနာဂတ်ပန်းချီမှာ
ဘေးကနေ ပက်ကျဲချလိုက်တဲ့
အမုန်းရောင် အစွန်းအထင်းများခဲ့တယ်
ကွေ့သော ကောက်သော လောကီတရားမှာ
အသားအရေ ပါးလှပ်လှပ်နဲ့
ကိုယ်ခံအားနည်းကြသူတွေကြား
ငါတို့
ဒိုင်းတွေ လွှားတွေအကြောင်း မဆွေးနွေးမိခဲ့ဘူး
ရေအသွန်ခံလိုက်ရတဲ့ အလှမွေးကန်ထဲက ငါးတွေ
ဘယ်လိုပဲ ဖျတ်ဖျတ်လူးနေ
ရေနဲ့ နီးရာကို မရောက်ခဲ့ဘူး
အချစ်ရယ်
မင်းမျက်ဝန်းတချို့နဲ့ မင်းအချစ်အကြောင်း
၏ သည် မလွှဲ
ငါ့ရင်ထဲ ခိုဆဲ ကပ်ဆဲ
မောင်လို့ခေါ်သံကို နားနဲ့ဆတ်ဆတ်ကြားဆဲ။


သုံးသုံးလီ=ကိုးကို ၁၂၅ ထဲမှ ကြာသပတေးနှုတ်၍ ရလာပါသည်။


ခံစားချက်မပါဘဲ စပ်တဲ့ကဗျာ

Wednesday, December 29, 2010 Posted by ဂျေဂျူဝိုင်
ဖတ်ခဲ့ဖူးပါတယ် ထားဝယ်ကဗျာထဲမှာ
သူတို့လေ တမ်းတခဲ့ကြဖူးတယ် ဒီလို
အိမ်ခေါင်မြုပ်အောင် ရွာလိုက်ပါမိုး… လို့
ဝေးသွားတာကို ဝေးသွားတဲ့အတိုင်း
ပြန်မလာတာကို ပြန်မလာတဲ့အတိုင်း
တစ်နေရာရာမှာ သိမ်းထားလို့ မဖြစ်တဲ့အဆုံး
အိမ်ခေါင်မြုပ်အောင် မိုးရွာစေချင်တယ်
အကျွမ်းတဝင်နေမိကာမှ
ကျွမ်းသားတဲ့ ကိုယ့်အသည်းကို
ဘယ်လိုမှ ကုလို့ မရတဲ့အဆုံး
အိမ်ခေါင်မြုပ်အောင် မိုးရွာစေချင်တယ်
မျက်ရည်တွေလည်း ဝေလို့
သူမပုံရိပ်တွေလည်း အနားမှာဝေ့လို့
သူမနဲ့ ကျွန်တော်တို့ ဝေးခဲ့ကြတယ်
ဝေ ဝေ့ ဝေး မှာ နီးဖို့ မဖြစ်နိုင်တဲ့အဆုံး
အိမ်ခေါင်မြုပ်အောင် မိုးရွာစေချင်တယ်
ဒီလိုနဲ့
ငါတို့ရဲ့ ဇာတာမှာ အမြဲတမ်းမိုးခေါင်ကြောင်း
ငါတို့ ဆက်ပြီး မေ့ချင်ယောင်ဆောင်ကြတာပေါ့
သူငယ်ချင်း။

Numb

Wednesday, December 29, 2010 Posted by ဂျေဂျူဝိုင်
မင်းအခန်းနံရံကို အားကုန် ထုနေလို့ကော
ဘုရားကျောင်းကို ခြေကုန်သုတ်ပြေးတော့ရော
စာသင်ခန်းမထဲ မင်းတစ်ယောက်တည်း ကျန်ခဲ့လို့ကော
လှေကားအဆင်းမှာ တိုက်မိလို့လဲတော့ရော
မင်းမသောက်ဖြစ်တဲ့ ကော်ဖီခွက်တွေအတိုင်း
ပတ်ဝန်းကျင်က အေးစက်ပဲမဟုတ်လား
ဖြတ်ခနဲ မင်းလန့်ဖျတ်သွားပုံက
သူများတွေ လက်ညိုးထိုး ဟားတိုက်စရာ
ဆောင်းမနက်က အိမ်နံရံများလို
နှင်းရည်မစိုရုံတမယ် မင်းမျက်နှာက
မင်းခံနိုင်ရည် မရှိတဲ့ အထီးကျန်မှုထဲဆီ
မင်းကိုယ်တိုင်ပဲ ဆွဲခဲ့တဲ့မြေပုံပေါ့
လူရာမဝင်တဲ့ ရူးသွပ်မှုက
မင်းလုပ်သမျှ မင်းကျောပိုးအိတ်လို
မင်းကို မျက်နှာလွှဲပါပေါ့
မင်းတကူးတက သယ်လာတဲ့အပြုံးတွေ
မင်းရပ်နေတဲ့ တံတားအောက်ကိုသာ ပစ်ချလိုက်ပါတော့
မင်းရှေ့မှာဘယ်သူမှ မရှိသလို
မင်းနောက်ကိုလည်း ဘယ်သူမှ လိုက်မလာဘူး
အခု မင်းဝတ်ထားတဲ့ ဝတ်စုံကို
ဘယ်လို ဝတ်စုံမျိုးလဲလို့ မင်းမသိနိုင်သေးသ၍။

Linkinpark ၏ Numb တေးသရုပ်ဖော်ကို သီဖွဲ့သည်။

အခုခင်ဗျားကြည့်နေတာ ဖြူမည်းရုပ်ရှင်

Wednesday, December 29, 2010 Posted by ဂျေဂျူဝိုင်
အက္ခရာ လေးဆယ့်နှစ်လုံးကိုခိုစီး
ကိုယ့်ခရီးကို ဖြောင့်ဖြောင့်တန်းတန်း ထွက်ခဲ့
အတွေ့အကြုံ သိပ်သည်းဆ ဖွဖွလေးနဲ့
လမ်းလယ်မှာ ရပ်စောင့်နေတဲ့ တစ်ခါကဧည့်သည်ကို
နှုတ်ခမ်းမှာ လက်ညိုးထောင်ပြီး ခပ်တိုးတိုးနေဖို့ပြောတုန်း
ငါ့မျက်နှာမူရာမှာ နေဝင်သွားတယ်
ငါ့ကို ချစ်ပါ၊ ငါ့ကို မုန်းပါ၊ ငါ့ကို ထားရစ်ပါ
သရကြားထဲ ဗျည်းတွေ ထိုးသွင်းတဲ့ စာလုံးတွေနဲ့
မျက်စောင်းတွေထိုးသွင်းပါ ဓားတွေ လှံတွေ ထိုးသွင်းပါ
သကြားထဲ ဆားထည့်ထားတဲ့ စာလုံးတွေလို့မှားဖတ်ပြီး
ကျောက်ခဲတွေနဲ့ ပစ်ခတ်ပါ သေနတ်တွေနဲ့ ပစ်ခတ်ပါ
ဖိုနဲ့မ ခွဲခြားလို့ မရသလို သရနဲ့ ဗျည်းခွဲခြားလို့မရ
အဲဒီလို ကျွန်တော်နဲ့ သူမကို ခွဲခြားလို့မရ
အခု သူမလက်ထပ်သွားပြီဆိုတာကလည်း
သရကြားထဲ ဗျည်းညှပ်သွားတဲ့ ပြဿနာ
ဒီတစ်ခါ သကြားထဲ ဆားမထည့်မိပြန်ဘူး
သံသာကမ်းတိုင် တူပြိုင်ကူးမယ်လေ ဆိုတဲ့ သီချင်လည်း
သရကြားထဲ ဗျည်းညှပ်တဲ့ ပြဿနာ
ဒီလမ်း ဒီမြို့ပြ ဒီနေရာတွေမှာ လမ်းလျှောက်ရင်း
ပျောက်မသွားတဲ့ ငါ့ကို ပြန်ရှာလို့မရ
ဒီလိုနဲ့ မန္တလေးမှာ မိုးတွေရွာ၊ အခြားနေရာတစ်ခုမှာ မိုးတွေရွာ
ခေါင်းလောင်းကို တစ်ချက်ထိုးလိုက်ပါ
အလောင်းကောင်ကို သုဿာန်တစပြင်ကို ပို့ပါ
မျက်နှာမည်းတစ်ယောက်ယောက်ကို အကူအညီတောင်းပါ
ပါးစပ်ကို ခေါင်းနဲ့ အနီးဆုံးမှာ ထားပါ
စကားကို အူထဲကထွက်တဲ့ အသံနဲ့ပြောပါ
ဆုလာဘ်မပါတဲ့ တံဆိပ်ကောင်းတွေ ရယူပါ
ဘယ်တော့မှ မလွဲချော်မယ့် နားလည်မှုကိုသိမ်းပိုက်ပါ
မြွေပွေး၊ သရအပြည့်အစုံပါတဲ့ ခခွေးအက္ခရာ
ဝင်းဝင်းမြင်လို့ မီးကျီးကို ရွှေထင်တဲ့
(အသိဉာဏ်ကန်းနေတဲ့ မျက်လုံးစွေစွေသတ္တဝါ)
သူစိမ်းတရံများ၏ ဟာလာဟင်းလင်း ကရုဏာတွေနဲ့
တစ်ယောက်တည်းလာပြီး နှစ်ယောက်ထွက်ချင်
ကောက်ရိုးမျှင်ဆိုတာ သေချာသွားပြီလား
ဆန္ဒတွေ မသင့်လျှော်တဲ့ မိုက်မဲမှုတွေအပြည့်
ကိုယ့်ဝမ်းသာမှုကို ကိုယ်တိုင် မကောင်းကြောင်းပြောရင်း
ကိုယ့်လက်မှာ ထိုးထားတဲ့ မင်ကြောင်ကို ကိုယ်တိုင်ဖျက်ရင်း
ကြည့်သူမရှိတဲ့ ရုပ်ရှင်ရုံထဲ လူပြည့်မယ်အထင်နဲ့
(ရှိခဲ့ရင်လည်း ကိုယ့်ခြေကိုယ်မမြင်တဲ့ မြွေတွေပဲ ဖြစ်မှာ)
ဒီလမ်းမှာ ထောင့်ချိုးတစ်ခု ရှိမယ်အထင်နဲ့။

မျက်နှာချင်းဆိုင် အဝေး

Wednesday, December 29, 2010 Posted by ဂျေဂျူဝိုင်
ကျွန်တော်နှင့် သူမ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်
နေကောင်းလား၊ နေရထိုင်ရ အဆင်ပြေလား၊ ကျန်းမာရေးဂရုစိုက်
မေးခွန်းများကို အဆင်ပြေတဲ့ နေရာကို ပစ်ချ
အခုကော ဘာလုပ်နေလဲ၊ ပုံမှန်စား ပုံမှန်အိပ်ရဲ့လား
ကျွန်တော် ဂါထာတစ်ပုဒ်ကို ရွတ်ဆိုရင်း နေရာပြင်ထိုင်
တလောကတောင် သူနဲ့ တွေ့တော့ ရှင့်အကြောင်းပြောဖြစ်သေးတယ်
နာမဝိသေသန၊ နာမ၊ ကြိယာဝိသေသန၊ ကြိယာ
ဘယ်သူကတော့ ရှင့်ကို ဘယ်လိုဖြစ်တယ်ဆိုလားပဲ
သူမမျက်လုံး ရှေ့တည်တည့် လက်ဝါးကို ဖြန့်ပြီး ဘယ်ညာခါယမ်း
ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ရှင့်ဘက်က ဘယ်လိုခံစားရလဲ
ကျွန်တော် ဟာသတော်တော်များများကို ခပ်မြန်မြန်တွေး
တကယ်တော့ တကယ်မှန်တာ တစ်ခုခုရှိရမယ် သိလား
ကျွန်တော် သူမနဲ့ အနီးဆုံး နေရာသို့ ရွှေ့ထိုင်
ရှင့်ဆေးလိပ်မီးခိုးငွေ့ကို ဒီဘက်မှုတ်မထုတ်နဲ့လေ
သူမထံတွင် မျက်ရည်အိပ် ပါမပါ သိပ်မသေချာ
အော် ကျွန်မ ရှင့်ကို ပြောစရာ ရှိတာ ခုမှ သတိရတယ်
ဆိုရိုးများ၊ ကျင့်ဝတ်များ၊ ပတ်ဝန်းကျင်များ၊ ထုံးတမ်းစဉ်လာများ
ကျွန်တော် နားဖာကလော်ဝယ်ရန် လိုနေကြောင်း သတိရ
ထိုစဉ်
ဒီဇင်ဘာဆောင်းတစ်ခု သူမနဲ့ ကျွန်တော့်ကြားသို့ ဖြတ်ဝင်။

ကောင်းကင်ထက်က `လ´

Wednesday, December 29, 2010 Posted by ဂျေဂျူဝိုင်
အချိန်တန်ပြီလို့ သတ်မှတ်ပြီး
ကိုယ့်အကြည့်ကို သူမဆီက
ပြန်ရုတ်သိမ်းရတာ ပင်ပန်းလှပြီ
သွင်သွင်ကျိုးအောင် ရိုက်ချိုးထားလည်း
သူမကို ချစ်တဲ့စိတ်က
ဘာနဲ့ တားတား မရ
ဘယ်ကနေများ
နှလုံးသားတည့်တည့်ပေါ်
သူမ ပြုတ်ကျခဲ့တာပါလိမ့်
သူမကို ချစ်မိတဲ့ပုံစံကလေ
အကြိမ်ကြိမ်ဖျက်ဆီးလိုက်လည်း
ပြန်ဖြစ်တည်မှု အသစ်အသစ်က
ခြေချစရာ မရှိအောင်ပြည့်ကြပ်
သူမရဲ့ နားသယ်စ၊ ဆံနွယ်များ
နှာတံဖျား၊ လက်သည်းခွံ
စသဖြင့် စသဖြင့် သေးသွေးမွှားမွှားလေးထိ
ကျွန်တော့်အချစ်တွေ ပြေးဝင်နားခို
နဂိုရ်မမြင်ရတဲ့ လေနဲ့ မိုးကိုမမြင်ပေမယ့်
အချိန်ရှိတိုင်း သူမတစ်ယောက်တည်းကို သာမြင်
သူမရဲ့ မွေးညှင်းဖျားများထိ
မဆုံးနိုင်တဲ့ ၀ါကျတွေနဲ့
ကဗျာကို မကြာခဏ ရေးဖွဲ့မိ
သူမကို ချစ်တဲ့ ကျွန်တော့်ကဗျာ
သဘာဝဘေးအန္တရာယ်၊ နျူကလီးယား အန္တရယ်
စစ်မက်အန္တရာယ် ကင်းလျှက် စင်ကြယ်
အတိုင်းသား အနေအထားမပျက်။

အမှန်တရားက ဒီမှာရှိတယ်

Wednesday, December 29, 2010 Posted by ဂျေဂျူဝိုင်
ကိုယ့်စိတ်ကူးနဲ့ တည့်တဲ့ စိတ်ကူးကို
စိတ်ကူးထဲ အသေအချာထည့်ပြီး
မနေ့က လူပြောသူပြောများခဲ့တဲ့ စကားတဖြတ်
မနေ့က သတင်းစာမှာ ပါခဲ့တဲ့ အသံတစ်ဝက်
မနေ့က ရေဒီယိုမှာ လွင့်ခဲ့တဲ့ အပိုင်းတစ်စ
ရှေးပုရပိုက် ဆေးညွန်းအတိုင်း
ကိုယ်ထင်တာ တစ်ဝက်
ဆွဲချတာ တစ်စိတ်
ယုံတမ်းက တစ်ပိုင်း
သမအောင် ရောမွှေပြီး
ကိုယ့်စိတ်ကူးနဲ့ တော်တည့်မှန်ကန်အောင်
ခပ်မြန်မြန်လေး သောက်ချလိုက်တယ်
သံချေးတက်နေတဲ့ စိတ်ကူးအတွက်
ဒီကဗျာထဲမှာ
အကောင်းဆုံး ဆေးကို ဖော်စပ်ပေးခဲ့တယ်
ခင်ဗျားလည်း သောက်ထားတယ်မဟုတ်လား။


လှသော အရှုံး

Wednesday, October 13, 2010 Posted by ဂျေဂျူဝိုင်

အခုဒီကဗျာစပ်ပြီးရင်
ငါ့လို ငါ့လို ငါ့လိုဆိုပြီး
ကိုယ့်ကိုယ်ကို မာန်အပြည့်နဲ့ မှန်ထဲ ပြန်ပြန်မကြည့်တော့ဘူး
ငါဟာ သာမန်ပဲဆိုတာ သေချာသွားလို့
အခုဒီကဗျာစပ်ပြီးရင်
ငါသိ ငါတတ် ငါတော် အတွေးတွေနဲ့
ညဉ်းပန်းနှိပ်စက်မှုကို မခံရတော့ဘူး
ငါ ဘာကိုမှ သိပ်မသိတာ သေချာသွားလို့
အခုဒီကဗျာစပ်ပြီးရင်
ငါမှန်တယ်ဆိုတာ ငါပဲသိတယ်လို့
မဝရေစာနဲ့ ကိုယ့်ကိုယ်ကို မမွေးမြူတော့ဘူး
အမှန်ကို ထောင့်မျိုးစုံက လှည့်တွေးနိုင်တယ်ဆိုတာ သေချာသွားလို့
အခုဒီကဗျာစပ်ပြီးရင်
အသိဉာဏ်ချွတ်ချခံထားရတဲ့
ကိုယ်လုံးတီးအတွေးနဲ့ စကားမပြောတော့ဘူး
စကားဓားချက်ဟာ ဘဝပေါင်းများစွာကို သတ်နိုင်တာ သေချာသွားလို့
အခုဒီကဗျာစပ်ပြီးရင်
ရွံ့အထပ်ထပ်နဲ့ ကိုယ့်နာမည်ကို
အရောင်းမြင့်တင်ရေးတွေ မလုပ်ဖြစ်လောက်တော့ဘူး
ဘယ်အရာမှ မတည်မြဲဘူးဆိုတာ သေချာသွားလို့
အခုဒီကဗျာစပ်ပြီးရင်
ဘယ်သူ့ကိုမှ မမုန်းတော့ဘူး
ကိုယ်ချစ်ရင် ကိုယ့်တစ်ယောက်တည်းရှုံးပေမယ့်
ကိုယ်မုန်းရင် နှစ်ယောက်လုံး ရှုံးတာ သေချာသွားလို့။
မွေးနေ့အမှတ်တရစပ်ဖြစ်တဲ့ကဗျာ

ဇရာ

Wednesday, October 13, 2010 Posted by ဂျေဂျူဝိုင်

နေ့တွေက ကုန်လွယ်လိုက်တာ
နေ့တာတွေက ရှည်လိုက်တာ
နေ့တွေ ဘယ်လို ကုန်သွားမှန်း မသိဘူး
ဟော ကုန်ပြန်ပြီ တစ်ရက်
ကဲ တစ်နေ့စာတော့ပြီးပြီ
စတာတွေ စတာတွေနဲ့
ကျွန်တော်တို့ မသွားခဲ့ပါဘူး
ဒါပေမယ့် ကျွန်တော်တို့ ရောက်ခဲ့တယ်
သူကလည်း မလာခဲ့ပါဘူး
ဒါပေမယ့် ကျွန်တော်တို့ ဧည့်ခံနေရတယ်
မသိသာလွန်းတော့
ရောက်လို့ ရောက်ခဲ့မှန်း မသိဘူး
လာလို့ လာခဲ့မှန်း မသိဘူး
ဒီလိုနဲ့
ကိုယ့်ရုပ်ကိုယ် မှန်ထဲ ရဲရဲမကြည့်ဝံ့တော့သလို
အသက်ကိုလည်း ရဲရဲမဖြေရဲတော့ဘူး။

အတ္တနဲ့ မလွတ်ကင်းခြင်း

Wednesday, October 13, 2010 Posted by ဂျေဂျူဝိုင်

ဟောဒီ ကမ္ဘာလုံးကြီးရဲ့ သေးသေးလေးတစ်နေရာမှာ
မထင်မရှား မှုန်မွှားမွှားလေးအဖြစ်
သင် နင် ငါ ခင်ဗျား နေထိုင်နေပါတယ်
တကယ် မထင်မရှား၊ တကယ်မှုန်မွှားမွှား
ကိုယ့်အိမ်လေးကနေ သွားနေကျ လမ်းအတိုင်း
နေ့စဉ်နေ့တိုင်း ထွက်ထွက်လာပြီး လာခဲ့တဲ့ လမ်းအတိုင်း
အမြဲတမ်း ပြန်ပြန်ခဲ့တာ တစ်နေ့ကို မိုင်တစ်ရာ မပြည့်
တစ်နှစ်မှာ တစ်ခါတော့ မိုင်တစ်ရာကျော် ခဏသွားကြည့်မိတတ်တာမှ အပ
စားနေကျအတိုင်း၊ ဝတ်နေကျအတိုင်း နေ့ရက်များမှာ
တစ်ခါခါ နည်းနည်းလေး ပိုပိုပြင်မိတာကမှ အပ
အားလုံးပုံမှန်ပါပဲ၊ ပုံမှန်ဆိုက်တဲ့ ရထားလို
အချိန်ချိန်နည်းနည်းလေးပဲ တိမ်းစောင်းမိတာမှ အပ
ဟောဒီကမ္ဘာလုံးကြီးထဲမှာနေနေကြတယ်
တစ်ခါခါ လေးထောင့်ကျကျ ကျင့်မိတာမှအပ
တစ်ခါခါ တြိဂံလို ပဉ္စဂံလို ပြောဆိုမိတာမှအပ
ဟောဒီလုံးလုံးကြီးထဲမှာ အသက်ကို ရှုကြတယ်
လမ်းကလေးက လမ်းကလေးမှာပဲ နေတယ်
သစ်ပင်က သစ်ပင်မှာပဲ နေတယ်
အဆောက်အဦတွေက အဆောက်အဦမှာပဲနေတယ်
သင် နင် ငါ ခင်ဗျား အဲဒါလေးတွေနဲ့ အခြားအခြား
နေရာများဆီ နေထိုင်သွားလာ လှုပ်ရှားပြီး
လမ်းရဲ့ ချိုင့်ခွက်များ အကြောင်း
သစ်ပင်ရဲ့ ဓာတ်ကြိုးနဲ့ မလွတ်တဲ့အကြောင်း
အဆောက်အဦရဲ့ အထာမကျတဲ့အကြောင်း
စကားထဲ ထည့်ပြောရင်း ပိုပိုလာတဲ့
ပခုံးချင်းတိုက်မိတဲ့သူရဲ့ အကြောင်း
ဟိုလူ မျက်စိစွေတဲ့ အကြောင်း
ဒီလူ နားမကောင်းတဲ့အကြောင်း
တစ်ပတ်ပြည့်အောင် လှည့်ပြောတယ်
ဟောဒီ ကမ္ဘာကြီးလုံးလုံးထဲမှာနေရင်း
မြင်တာကို မမြင်ချင်ယောင်ဆောင်ရင်း
ကြားတာကို မကြားချင်ယောင်ဆောင်ရင်း
ရှက်တာကို မရှက်ချင်ယောင်ဆောင်ရင်း
ကြောက်တာကို မကြောက်ချင်ယောင်ဆောင်ရင်း
မချစ်တာကိုကျ ချစ်ချင်ယောင်ဆောင်ရင်း
မမုန်းတာကိုကျ မုန်းချင်ယောင်ဆောင်ရင်း
နောက်ကျောထိုးမယ့်ဓားကို ကိုယ်စီဖွက်ထားကြရင်း
ဟောဒီကမ္ဘာကြီးထဲက သင် နင် ငါ ခင်ဗျား
တစ်ယောက်နဲ့ တစ်ယောက် မေးထူးခေါ်ပြောကြတယ်
လူမှုရေးကြောင့်၊ စီးပွားရေးကြောင့်၊ ခမည်းခမက်ကြောင့်
ခံစားနေရတဲ့ ဒုက္ခကို ပြုံးပြနှုတ်ဆက်ကြတယ်
နားချင်းအတူတူဆီ ငြိမ်းချမ်းအကြောင်း
လူကြားကောင်းအောင် ပြောကြတယ်
မျက်လုံးချင်း အတူတူဆီ အောင်မြင်မှုအကြောင်း
လူမြင်ကောင်းအောင် ပြကြတယ်
ငါ့ကို ဘာမှတ်နေလဲ၊ ငါ့အကြောင်းကောင်းကောင်း သိစေရမယ်
ငါ့လို လူငယ်ရှေ့ဆောင်ကို၊ ငါ့လို နိုင်ငံသားကောင်းကိုတဲ့
ကိုယ်အော်နေတာကို ကမ္ဘာကြီး ကြားမကြားထက်
ကိုယ်တိုင် ပြန်မကြားပဲ ဆိုးဆိုးရွားရွားအော်တယ်
ဆွဲအားအပြည့်နဲ့ ကမ္ဘာကြီးထဲနေပြီး
တစ်ပတ်ပြီးတစ်ပတ် လည်ရင်း ပတ်ရင်း
ဖိအားအပြည့်နဲ့ မြေကြီးထဲ နိမ့်ဆင်းနေကြတဲ့
သင် နင် ငါ ခင်ဗျား
နေရထိုင်ရ သင့်တောင့်သက်သာ ရှိပါရဲ့လား။

Sunday, October 3, 2010

……. ဖြည့်ရန်ကျန်ရှိ

Sunday, October 03, 2010 Posted by ဂျေဂျူဝိုင် ,
နင့်ကို ငါမုန်းတယ်ဆို
တဲ့စကားကို မထစ်မငေါ့ပြော
ဖို့ကြေငြာချက်တစ်ရပ်မထုတ်
ပြန်မီ သင်ပြုံး
သလောက်
သင်ခံ
ရစေမယ်။
မဟုတ်ဘူးဟုတ်
တယ် သံသယဆူးခင်းထဲကိုယ့်မျက်
နှာကို ဖိနပ်လုပ်စီးနင်းခြေ
ဖျက်။
ဘယ်ဒေါက်တိုင်ကပို
ခိုင်မလဲ ညှပ်နေတဲ့စ
ကားများက လမ်းဆုံလမ်း
ခွကျမှ ပို
ပိုမူးဝေအော့
အန်။
နင့်ကိုငါမုန်း
တယ်မှာ ……. ကွက်
လပ်များ
ကျန်။
ကိုယ့်ဘဝမေး
ခွန်းတိုင်းမှာ ဖြည့်စွက်ဖြေဆို
ရန်…….များ…….များ …….များ
ထပ်
တူကျန်ရှိ။
နင့်
ကိုငါ
မုန်း
တယ်မှာ…….ကွက်
လပ်များ
ထပ်မံကျန်
ရှိသော ထပ်တူသံသယမေး
ခွန်း။


သမိုင်းဆိုတာ မကျွတ်လွတ်တဲ့တစ္ဆေ

Wednesday, September 22, 2010 Posted by ဂျေဂျူဝိုင်
ငါးမိနစ်သုံးယောက်နှုန်းလူတွေ သေနေတယ်
အဆုတ်ကင်ဆာကြောင့်
အစာအိမ်ကင်ဆာကြောင့်
သွေးကင်ဆာကြောင့်
ကပ်ရောဂါကြောင့်
ရာသီဥတုဖောက်ပြန်မှုကြောင့်
အသေခံဗုံးကြောင့်
စည်းကမ်းမဲ့ သေနတ်သမားကြောင့်
တစ်ဦးတစ်ယောက်ရဲ့ ပေါ့ဆမှုကြောင့်
သေဒဏ်ကျတဲ့ ပြစ်မှုတစ်ခုခုကြောင့်
သေကြောင်း ကြံစည်မှုကြောင့်
တစ်ခုခုနဲ့ ခင်ဗျားသေရတော့မယ်ဆိုပါစို့
အဲဒီတစ်ခုခုက အခြားတစ်ခု မဟုတ်ဘူးဆိုပါစို့
ဒီကိစ္စဟာ ဒီနေ့တည်းမှာပဲ အခုအချိန်ပဲ
ခွင့်လည်း ထပ်မရတော့ဘူးဆိုကြပါတော့စို့
ချက်ချင်းဆိုတော့ ခင်ဗျား ဘာလုပ်သွားချင်လဲ
အောက်စီဂျင်အဝရှုသွားချင်သေးလား
နိုင်ငံသားကောင်း လူငယ်ဂုဏ်ဆောင်ဆိုပြီးတော့
ကိုယ်ထင်ရာနဲ့ ကိုယ်မှန်ကန်ခဲ့ချင်သေးလား
နျူကလီးယားကိစ္စ ဆွေးနွေးသွားခဲ့ချင်လား
ကမ္ဘာပေါ် စာမတတ်သူဦးရေ သန်းခုနှစ်ရာအတွက်
တစ်ခုခု လုပ်ပေးခဲ့ချင်သေးလား
သုံးယောက်သေရင် တစ်ယောက်ဟာ
အာဟာရပြတ်လတ်မှုကြောင့် ဖြစ်ရတာကို
တားဆီးခဲ့ချင်သေးလား
အပြစ်မဲ့သေနေရတဲ့ ပြည်သူတွေအတွက်
မျက်ရည်တွေ ချန်ပေးခဲ့ချင်လား
ဘာလဲ ဇော်ဂျီရဲ့ သင်သေသွားသော်
ကဗျာထဲက စာသားတွေကို သဘောကျနေလား
အခု ကောင်းတာကို လုပ်နေတာလား
ကောင်းတယ်လို့ ထင်တာကို လုပ်နေတာလား
ကောင်းတယ်လို့ ယူဆရလို့ လုပ်နေတာလား
ကောင်းတယ်လို့ ကြားဖူးလို့ လုပ်နေတာလား
ကောင်းတယ်လို့ မြှောက်ပေးခံရလို့ လုပ်နေတာလား
ကျမ်းဂန်လာလား၊ မိရိုးဖလာလား
မထွေပြားဘူးလား၊ မဝေဝါးဘူးလား
ရူပဗေဒအရလား၊ ဘဝပေးတာဝန်ဆိုပြီးတော့လား
လူတိုင်း တစ်ခုခုကိုကျွမ်းကျင်ကြတယ်ဆိုတာ သိလား
အဲဒီ ကျွမ်းကျင်မှုကို နေ့စဉ်အသုံးချနေတယ်ဆိုတာကော သိလား
မည်သူမဆို ကောင်းတဲ့နေရာမှာ မကျွမ်းကျင်ခဲ့ရင်
ဘယ်နေရာမှာ ကျွမ်းကျင်တယ်ဆိုတာကို
ဗေဒင်လိုက်မမေးနဲ့ သိလား
ဒါနဲ့ စကားမစပ် ခင်ဗျားသေတော့မှာနော်
ရွေးချယ်ခွင့်မရှိတဲ့ တစ်ခုခုနဲ့ ခင်ဗျားသေတော့မှာ
ဒါတွေ မလုပ်နိုင်ဘူးဆိုရင် ဘာကို ရွေးချယ်မလဲ
တစ်နေရာရာမှာ နာမည်ရေးထိုးခဲ့ချင်သေးလား
ပေထက်မှာလား လေထက်မှာလား
ကျောက်ထက်မှာလား ချောက်နက်မှာလား
မုန်းမိတဲ့သူကို ပျစ်ပျစ်နစ်နစ် ဆဲခဲ့ချင်လား
ချစ်မိတဲ့သူကို စူးစူးနစ်နစ် တစ်ချက်လောက် နမ်းခဲ့ချင်လား
ငါးမိနစ် လူသုံးယောက်နှုန်းသေနေတယ်
အခု ငါးမိနစ်မှာသေမယ့် လူသုံးယောက်ထဲက တစ်ယောက်ဟာ
အခု စာဖတ်နေတဲ့ ခင်ဗျားမဖြစ်နိုင်ဘူးလို့ ပြောရဲလား။

ဒီလို ကြေးလား

Wednesday, September 22, 2010 Posted by ဂျေဂျူဝိုင်

ကြားခါစက ဒီအဖြစ်အပျက်လေးကို
ယုံတောင် မယုံနိုင်ဘူးတကယ်ပါ
ဒီမိုကရေစီဆိုတဲ့ နိုင်ငံတစ်နိုင်ငံကပေါ့
စိတ်ကူးယဉ်သိပ္ပံဝတ္ထုစာရေးဆရာတစ်ယောက်ကို
ဝေဖန်ရေးသမားတစ်ယောက်က ဝေဖန်သတဲ့
မမှန်တာတွေ အများကြီးပါနေတော့
စာရေးဆရာက မေးသတဲ့
ဘာဖြစ်လို့ အဲလိုရေးရသလဲဆိုတော့
ခင်ဗျားဝတ္ထုကိုလည်း မဖတ်ဖူးပါဘူး
ခင်ဗျားအကြောင်းကိုလည်း မသိပါဘူး
လူပြောသူပြောများနေတာကို
ထောက်သောအားဖြင့် ခင်ဗျားမှားတယ်ဆိုတာ
သေချာနေပြီးသားပါတဲ့
စာရေးဆရာက ချက်ချင်း သေနတ်ကောက်ကိုင်လိုက်တယ်
ပြီးမှ ငါ့ကျည်ဆန်တွေ သူနဲ့ မတန်ဘူးဆိုပြီး
နံရံကို အချက်ပေါင်းများစွာ ပစ်လိုက်သတဲ့
မျက်မမြင်တစ်ဦးကပြောပြတဲ့
အရောင်တွေအကြောင်းကို
အခြား မျက်မမြင်တစ်ဦးယုံကြည်သလိုမျိုး
ခပ်ညံ့ညံ့ နားတွေကို အသုံးပြုခဲ့ကြ
ကိုယ့်နောက်ကို တကောက်ကောက်လိုက်နေတဲ့
ထိခိုက်ပွန်းရှ အနာတရတွေနဲ့
တချိန်မှာ မှားသွားပါလားလို့ တရမယ့် တရားကို
ရှည်ရှည်လျားလျားဟောကြ ရွတ်ကြ နာယူကြ
လောက ကစားပွဲထဲကနေ
မညီမျှတဲ့ ဖဲတွေ ဝေပြီး
စားပွဲပေါ် ဓားထောက်လိုက်တဲ့ တစ်ဖက်ကန်းဆီ
အနိုင်ဖဲကို အတင်းအဓမ္မ ထိုးပေးကြ
အမှန်တရားမှတ်တိုင်မှာ
အမှန်တရားအကြောင်းပြောပြီး
တစ်ယောက်ကို တစ်ယောက်ချီးကျူး ဂုဏ်ယူရင်း
ရောက်လာတဲ့ မုသာဝါဒကားကို တက်စီးကြ
ဘယ်တော့မှ အမြင့်ခုန်တမ်း မကစားဖူးခဲ့
ကိုယ့်ရဲ့ ရူးသွပ်မှုက ဖျက်ဆီးထားတဲ့ ကိုယ့်စိတ်ကို
ကိုယ်တကယ် မသိတာတွေနဲ့
ငိုကြွေးမှုဆီ ဘဝကို မောင်းနှင်ကြ
ဟောဒီဒွန္နယာမှာ နေသမျှတော့
ဒီလိုလူတွေနဲ့ သင်ဘယ်လို နေမလဲ
ဒီလိုကြေးစိန်ခေါ်ရင် ဒီလိုကြေးလောင်းမလား
သင့်ကျည်ဆန်တွေကို နံရံပေါ်မှာပဲ ဖြုန်းလိုက်ပါ
သင့်မျက်လုံးကို သင့်မျက်လုံးဆီမှာပဲထားပါ
သင့်နားကို သင့်နားဆီမှာပဲ ထားပါ
သင့်ဦးနှောက်ကို  သင့်ခေါင်းထဲမှာပဲထားပါ
သင့်နှလုံးသားကို သင့်ရင်ဘတ်ထဲမှာပဲထားပါ
သင်ကောင်းသမျှသာ သင်ဖြစ်သလို
သူတို့ကောင်းသမျှသာ သူတို့ဖြစ်မှာပါ။


မထိုက်တန်လို့ လွှင့်မျှောနေတာ

Sunday, September 19, 2010 Posted by ဂျေဂျူဝိုင်
အများညီလို့ ဤကို ကျွဲဖတ်နေကြတဲ့
ဒီပုတ်ထဲက ဒီပဲမှာ
ဘယ်ငါးခုံးမက ပိုပုပ်နေလဲ
ပါပသိံ္မ ရမတိ မနောတွေနဲ့
သင့်ရဲ့ လုပ်ရပ်တွေကမှ
သူတော်ကောင်းလုပ်ရပ်တဲ့လား
အရူးက တစ်မူးသာကြေးဆိုရင်
သင်ဟာ သိပ်ထူးခြားတဲ့ ဥမ္မတကောပဲ။
ကိုယ့်ကြောင့်ပဲ ကိုယ်က
သူများလက်ခုပ်ထဲကရေဖြစ်ရတာကို
ခေါင်းမရွေ့ချင်သေးဘူးလား
သူများမှားတာကို လက်ညိုးတတ်တာနဲ့ပဲ
ကိုယ်ကသာ အမှန်ကို မြတ်နိုးသူလို့ ထင်နေတုန်းလား
ဂုဏ်ပြုလောက်တဲ့ ထိုထိုသောမြတ်နိုးမှုကလေ
ရေနောက်ရင် ခြေရာပျောက်တယ်
ရင်ထုမနာအောင် ချော်လဲရောထိုင်တဲ့
အမှားနဲ့ ချိန်းမိတဲ့ ကျိန်စာဟာ
ကိုယ့်စကားတစ်ခွန်းနဲ့ ကျေကြေးဆိုရင်
ကိုယ့်မျက်နှာကိုယ်လှီးဖို့ ဓားတွေ ပေါ်ခဲ့မှာ မဟုတ်ဘူး
ပြောရေးဆိုခွင့် သံဆူးကြိုးတွေ ဆုတ်မိတာနဲ့
ယဉ်ကျေးပြနေကျ လူ့ယဉ်ကျေးတွေလို
ကျီးယောင်ယောင် ဒေါင်းယောင်ယောင် ဆောင်ကြည့်တာလား
-၏ -သည် မလွဲမှားတယ်
ကိုယ့်အားနဲ့ မမျှဘဲ ခဲကို အပေါ်ထိ မပစ်နဲ့
ကိုယ်သိထားတဲ့ အပေါ်ဟာ ကိုယ့်ဆီကျိုးကျမယ့်
ပင်စည်ကိုင်းတစ်ကိုင်း ဖြစ်နိုင်တယ်
ကိုယ့်လက်ညိုး လှမလှ ပြပြစားရင်း
ကိုယ့်ကိုယ်ကို လုံအောင်ဖုံးတယ်
လုံချည်က သိပ်မလောက်ငဘူးနော်
ကိုယ့်ကိုယ်ကို လုံအောင်ပုန်းပြန်တယ်
တစ်ယောက်နောက်ကွယ်မှာ တစ်ယောက်
ကိုယ့်ကိုယ်ကို မလုံမလောက် ချစ်တယ်
အနာကို နောက်ထပ် ယင်းမထရုံတမယ်
ကိုယ့်ကိုယ်ကို မလုံမလောက် နစ်တယ်
ကိုယ်နစ်သွားတဲ့ နေရာက ရေမှာမဟုတ်ခဲ့။


အကုသိုလ်နဲ့ ဖက်လဲတကင်း

Wednesday, September 15, 2010 Posted by ဂျေဂျူဝိုင်
နေ အဲဒီမှာ ငြိမ်ငြိမ်နေ
ငါနဲ့ ခပ်ဝေးဝေးမှာနေ
မခေါ်ဘဲ မလာနဲ့
သင်ဟာ ငါ့ရဲ့ အဖော်ကောင်း မဟုတ်ဘူး
နေ့လည်း နေ့မို့လို
ညလည်း ညမို့လို့
အကြောင်းပြချက်အမျိုးမျိုးနဲ့
သင်ဟာ ငါ့ကို စုန်းပူးသလို ဖြစ်အောင်
ကွယ်ရာကနေ ငါ့ကို တွန်းလွတ်တယ်
ငါ့မှာ သင့်ဘေးတီးမှုကြောင့်
သိလျှက်နဲ့ မသိသလိုလို
မသိလျှက်နဲ့ သိသလိုလို
ငါနဲ့ငါ ငြိမ်းချမ်းရေး ရယူလိုက်
ငါနဲ့ငါ ပုန်ကန်ထကြွလိုက်
ငါ သေတော့မယ်လို့ အော်ငေါက်လိုက်တော့
မထီတရီ အပြုံးနဲ့ ငါ့ကို ပခုံးပုတ်နှစ်သိမ့်တယ်
ငါမြင်တာကို ငါမြင်တဲ့အတိုင်း မမြင်အောင်
ငါကြားတာကို ငါကြားတဲ့အတိုင်း မကြားအောင်
ငြင်ငြင်သာသာ လှည့်ဖျားတတ်တာ
သင်ဟာ ငါ့ရဲ့ နတ်မိစ္ဆာမတစ်ပါးပဲ
ငါ့ပိုင်ဆိုင်မှုမှန်သမျှ
ငါ့ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်မှန်သမျှ
အဖျက်တရား ဦးဆောင်တဲ့ သဘောနဲ့
ဥပဒေမဲ့ ဝင်ရောက်စွက်ဖက်တတ်သေးတယ်
ငေးငေးငိုင်ငိုင်နေမိရင်
ရည်းစားဟောင်းကို လွမ်းနေတာလို့ စွပ်စွဲတယ်
တက်တက်ကြွကြွနေမိရင်
ရည်းစားသစ်ရနေပြီနေလို့ စွပ်စွဲတယ်
ပြီးတော့ သင့်ကိုယ်တိုင် ငါစာ
သင့်ရည်းစားလုံးစား လုံးဝမဟုတ်ဘူးလို့ ငြင်းတယ်
င့ါအမေ ကျန်းမာရေး မကောင်းဘူး
မကြာခင် ငါခွဲစိပ်ကုသရကိန်းရှိတယ်
အမြင့်ကနေ ကျကိန်းရှိတယ်
အချုပ်အနှောင်ရှိတယ် သတိထားဆိုပြီး
ငါ့ရဲ့ အရှိုက်ကို ခပ်ပြင်းပြင်းထိုးတယ်
အဲဒီအရိပ်မည်းကို ငါပုန်းရင်
သေနတ်နဲ့ချိန်ပြီး ရှေ့ထွက်ခိုင်းတယ်
မရရင် သီအိုရီသစ်နဲ့ ငါ့ကို ချော့မြူတယ်
ငါကြောင်တောင်တောင် အတီးအတဖြစ်အောင်
မြှောက်ပေးဖို့ သင်ဘယ်နှစ်လီကို သင်ခဲ့လဲ
ငါ့အသံတိမ်တိမ်လေး မြှုပ်နှံဖို့
ဝမ်းနည်းခြင်း ကျင်းတွေ ဘယ်လောက်တူးခဲ့လဲ
ဝမ်းတစ်ထွာအတွက် သမုဒ္ဒရာပေါင်း
ဘယ်နှစ်စင်းထိအောင် သင်ဖန်ဆင်းပေးနေလဲ
ငါ့ကို ကြည့်ကြမယ့် မျက်လုံးတွေထဲမှာ
ရွံရှာခြင်း စက်ဆုပ်ခြင်း မုန်းတီးခြင်းတွေ
ဘာလို့ အပြည့်အပြည့်လိုက်ထည့်နေလဲ
ငါ့မကောင်းကြောင်းတွေကလည်း
ငါ့နားပင်းလုမတတ်ဘဲ သိလား
ငါ့မြင်ကွင်းထဲက
ပျော်ရွှင်ရခြင်း ကြည်နူးရခြင်းတွေဟာ
အနှေးပြကွက်နဲ့ နောက်ဆုတ်နေတဲ့ ရုပ်ရှင်
ငါ့ကို ငါမသိသလို
သင့်ကိုလည်း ငါမသိဘူးဆိုတော့
မြင်ဖူးနေကျပါ တဲ့
သင့်ရုပ်ကို ပြပါဆိုတော့
ငါ့မျက်လုံးကို အဝတ်စဖုံးပြီး
သေသေချာချာကြည့်လို့ ပြောရင်းသင်ရယ်တယ်
သင် ငါ့နောက်ကို တကောက်ကောက်လိုက်နေတာလား
သင့်နောက်ကို ငါက တကောက်ကောက်လိုက်နေမိလား
ကောက်ကွေ့သော ဝင်္ကပါမှာ
ငါ့အပေါ် သင်အကောက်ကြံဖို့ပဲ ချောင်းနေတယ်
ငါပြေးနေတာ အသက်ထွက်လုနေပြီ
လမ်းတွေကို သင် ထပ်ပြပေးမနေနဲ့တော့
သင်လမ်းပြပြပေးနေတာကို ငါမုန်းတယ်
ငါဘယ်လောက် ညံ့ညံ့ ငါဘယ်လောက်ဖျင်းဖျင်း
ငါစိတ်ကို တင်းပြီး ငါ့ခရီးစဉ်ကို
ငါကိုယ်တိုင် ခင်းကျင်းချင်ပါသေးတယ်
ငါ့ပခုံးပေါ်က ခပ်တင်းတင်းဆုပ်ထားတဲ့ သင့်လက်ကို
အခုချက်ချင်း ဖြုတ်ပေးပါ
နေ အဲဒီမှာ ငြိမ်ငြိမ်နေ
ငါနဲ့ ခပ်ဝေးဝေးမှာနေ
မခေါ်ဘဲ မလာနဲ့
သင်ဟာ ငါ့ရဲ့ အဖော်ကောင်း မဟုတ်ဘူး။


နောက်ဆုံးရေစက်အထိ သက်တန့်များထွက်ပေါ်

Sunday, September 12, 2010 Posted by ဂျေဂျူဝိုင်
ထက်ပိုင်းဆိုတာ သေချာသလောက်
ကျိုးသွားတာက ရင်
စိစိညက်ဆိုတာ သေချာသလောက်
ကြေမွသွားတာက အသည်း
ပျက်စီးဆိုတာ သေချာသလောက်
အပြုံးမဲ့သွားတာက မျက်နှာ
ဒါတွေကို သေချာတော့ စုထားတယ်
(အဟောင်းဝယ်သူများ ဝယ်မလားလို့)

စိုင်းထီးဆိုင် သီချင်းထဲကလို
ကြင်နာတာ နာကျင်တာ နေရာလဲခဲ့လို့
တာတမံကို ခပ်မြန်မြန် ပြန်ဖို့နေရတယ်

အချစ်နဲ့ စစ်မှာ မတရားတာ မရှိဘူးဆိုပေမယ့်
အသေခံဗုံးခွဲတိုက်ခိုက်သူတွေ များလာလို့
လေထဲက တိုက်အိမ်ကို ခပ်မြန်မြန် ပြန်ဖျက်နေရတယ်

တွယ်တာသူက တွယ်တာတွေ များသွားလို့
သင်္ခန်းစာတွေကို ကြိုးနဲ့ သီပြီး
ဆိုင်ရာနတ်ကို ခပ်မြန်မြန် ပူဇော်ပသထားရတယ်

တောင်ကြီးမြို့က မနက်ခင်းမှာ
နေရောင်ခြည်နဲ့ နွေးထွေးပါရဲ့လား
မန္တလေးမြို့က ထန်းရိပ်ညိုမှာ
အနုပညာရှင်တွေ စည်ကားပါရဲ့လာား
ရန်ကုန်မြို့က လိုင်းကားတွေမှာ
အတက်အဆင်းလူတွေ သက်သာပါရဲ့လား
ဒီလို စိတ်ကို ကိုယ်နဲ့ ခပ်ဝေးဝေးမှာ ထားရတယ်

ဟင်၊ ဟုတ်လား၊ သေချာလား၊
ဝမ်းသာတယ်ကွာ၊ စိတ်မကောင်းဘူးဗျာ တကယ်
ဒီလို အကယ်ဒမီရမယ့် မျက်နှာနဲ့
နေထွက်ရာဘက်ကို မျက်နှာမူတယ်

တစ်ခုခုကို ဝင်တိုက်မိရင် ကိုယ်က ဦးအောင် တောင်းပန်တယ်
သစ်ပင်ဖြစ်ဖြစ်၊ ဓာတ်တိုင်ဖြစ်ဖြစ်၊ ရပ်ထားတဲ့ ကာားဖြစ်ဖြစ်

ထားခဲ့လို့ ရတဲ့အရာကို ထားခဲ့လို့ရတဲ့နေရာမှာ
တတ်နိုင်သမျှ မရရအောင် ထားခဲ့တယ်

သတိရဖြစ်မှာစိုးလို့ အမှတ်တရမရှိတဲ့ နေရာကို
သေသေချာချာ ရွေးချယ်သွားလာ နေထိုင်ခဲ့တယ်

ဆင်ခြင်တုံတရားတွေ စိတ်နဲ့ မလွတ်အောင် ဘယ်လိုချုပ်နှောင်နှောင်
အသိဉာဏ်တွေဘယ်လောက် မြင့်မားအောင်ထားထား
ထားခဲ့ပေမယ့် မနေခဲ့တဲ့ အရာကို ပြန်လိုက်စုနေမိတယ်
အမှတ်တရ မရှိတဲ့နေရာမှာလည်း သတိက ရရနေတယ်
ခေါင်းနဲ့ ငြင်းပယ်ထားတဲ့အရာ မှန်သမျှ
နှလုံးသားက လိုက်ငြင်းပယ်ပေးရင် သိပ်ကောင်းမယ်။


ငါဆိုတဲ့ငါ

Saturday, September 11, 2010 Posted by ဂျေဂျူဝိုင်
လောကကြီးကပဲ ရောက်လာတဲ့ကိုယ့်ကို
မှင်နီနဲ့ ကြက်ခြေခတ်ဖို့ စောင့်နေသလား
မှင်နီနဲ့ ကြက်ခြေခတ်ကပဲ
ကိုယ်သွားတဲ့ နေရာတကာကို လိုက်နေတာလား
ကိုယ်က နေရင်းထိုင်ရင်းမှားတယ်
အမှားက နေရင်းထိုင်ရင်း ကိုယ့်ကို ခလုတ်တိုက်တယ်
အမှားဆိုတဲ့ကောင်က ကိုယ့်ထမင်းကိုယ်စားပြီး
သူများ မကောင်းကြောင်းလိုက်ပြောနေတဲ့ သတ္တဝါလိုပဲ
လူတွေရဲ့ ဂုတ်သွေး ဘယ်လိုချိုမြတယ်ပဲ သိတယ်
နေ့ခင်းမှာတောင် အမှောင်ရှိတဲ့ နေရာကိုပဲ ရှာတယ်
ကိုယ့်လားရာမှာ ရန်သူများတာကိုပဲ လိုတယ်
ကောက်ရိုးတစ်မျှင် တွေ့ပြီဆိုရင်ဖြင့်
ကျောက်စရစ်တစ်လုံး ကောက်ယူပြီး
သရဲခြောက်တယ်လို့ ကြားဖူးတဲ့နေရာကို လှမ်းပေါက်တယ်
ကိုယ်ချင်းစာတရား မရှိပုံများ ပြောရရင်
အမှန်တရားကို ဘယ်တော့မှ မပြောဘူး။

Monday, September 6, 2010

ခါချဉ်ကောင်ပုံပြင်

Monday, September 06, 2010 Posted by ဂျေဂျူဝိုင်
ပြည်သူ့အပန်းဖြေဥယျာဉ်တစ်ခုထဲမှာ
သူလည်းလေ လောကီသားဆိုတဲ့
ထူးထူးခြားခြား သစ်ပင်တစ်ပင်ရှိခဲ့တယ်
ထင်ထင်ရှားရှားပါပဲ
မသိသူရှိမှာစိုးလို့ စာလည်းရေးထားတယ်
ဒါနဲ့များ ဝေဝေဝါးဝါးတွေ ရှိခဲ့သလို
ယောင်ယောင်မှားမှားတွေလည်း ရှိခဲ့တယ်
အပင်မှန်သမျှ အရိပ်ရှိတယ်
အရိပ်မှန်သမျှ အေးမြစေတယ်
လောကဓမ္မတာ တရားအရဆိုပါစို့
ခူယားကောင်တွေလည်း ရှိတတ်တယ်
မတော်တဆ ကိုင်းကျိုးကျမှာလည်း ကြောက်ရတယ်
အခြား အန္တရာယ်တွေအနေနဲ့ ပြောမရတာတွေလည်း ရှိမယ်
ရှိနေတဲ့ အရိပ်ကလေးကိုတော့ဖြင့်
သစ်ပင်က သူပိုင်တဲ့ အေးမြခြင်းကို
ဘယ်တော့မှ ဖယ်ထုတ်မှာ မဟုတ်ဘူး
တစ်နေ့သ၌ သစ်ပင်ရဲ့ အရိပ်ကလေးကို
နတ်သမီးတစ်ပါးက ခိုးယူသိမ်းပိုက်လိုက်သတဲ့
အဲဒီမှာ ပေါက်ပင်ဘာကြောင့်ကိုင်းဆိုတဲ့
သမိုင်းသစ်တစ်ခု ပူမှုဆယ်ထွေစီအောင်
စုန်းမှော်တစ္ဆေ အတတ်ပညာတွေနဲ့
ဝိုင်းဝန်းပြီး တိမ်ညွန့်စားကြရောတဲ့ကွယ်
သစ်ပင်ကလေးက စဉ်းစားသတဲ့
သူရို့
ဘာမှ မဟုတ်တဲ့ သစ်တစ်ပင်အတွက်တောင်
အခက်ဝေ ရတက်ပွေနေကြရင်
ဝင်္ကပါတောအုပ်ကို ဘယ်ဇာတ်ရုပ်နဲ့ကနေကြမလဲ ... လို့
ခါချဉ်ကောင်ရဲ့ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။