Tuesday, February 2, 2010

ချစ်သူကို သိပ်သတိရတယ်

Tuesday, February 02, 2010 Posted by ဂျေဂျူဝိုင်
တစ် - ချစ်သူကို သိပ်သတိရတယ်
နှစ် - ချစ်သူကို သိပ်သတိရတယ်
သုံး - ချစ်သူကို သိပ်သတိရတယ်
တစ်သိန်း - ချစ်သူကို သိပ်သတိရတယ်
တစ်သန်း - ချစ်သူကို သိပ်သတိရတယ်
မရေမတွက်နိုင်တဲ့ ဂဏန်းတွေအထိ
ချစ်သူကို သတိရနေတာပဲ
မနက်လင်းလင်းချင်း ချစ်သူကို သိပ်သတိရတယ်
သတိရခြင်းအပေါ် ကိုယ့်ကိုယ်ကို ပစ်ချလိုက်တော့
လိုင်းတွေ၊ ကြေးနန်းကြိုးတွေ၊ ကြိုးရဲ့ အတွင်းပိုင်းတွေမှာ
ကျွန်တော့် သတိရခြင်းတွေ ပြည့်သိပ်နေတယ်
အဆုံးရှိတဲ့ ပင်လယ်ပြင်မှာ
အဆုံးရှိတဲ့ တောင်တန်းတွေမှာ
အဆုံးရှိတဲ့ မြေပြင်တွေမှာ
အဆုံးရှိတဲ့ ဟင်းလင်းပြင်တွေမှာ
အဆုံးရှိတဲ့ ဆက်သွယ်မှုတွေမှာ
အဆုံးမရှိတဲ့ ကျွန်တော့်သတိရခြင်းတွေရှိတယ်
ကျွန်တော့် သတိရခြင်းတွေက
ရေလိုအေးပြီး ပန်းလိုမွှေးတယ်
ခဏတဖြုတ်လောက် သတိရခြင်းတွေကို
စားပွဲပေါ် တင်ထားကြည့်လိုက်တယ်
ကျွန်တော့်နှလုံးကသွေးတွေ လည်ပတ်မှုရပ်သွားတယ်
အရပ်လေးမျက်နှာက ငြိုးငယ်ခြင်းတွေ
ကျွန်တော့်တစ်ကိုယ်လုံး ရစ်ပတ်ထားလိုက်တယ်
သတိရခြင်းတွေ တဟူးဟူးနဲ့ လေပြင်းမုန်တိုင်းကျတယ်
ငါ သတိရခြင်းတွေကို ပြန်ဝတ်ဆင်လိုက်ကာမှ
လောကကြီးဟာ သဘာဝအတိုင်း ပြန်လည်
အသက်ဝင်သွားတယ်။