
ညညအိမ်ရှေ့က

Thursday, February 11, 2010 Posted by ဂျေဂျူဝိုင်
ည ဆယ်နာရီခွဲရင် ရေခဲချောင်းရောင်းသည်လာတယ်။ မယုံမရှိနဲ့ ၃၁ လမ်းက လူတွေ အကုန်မေးလို့ရတယ်။ ဖြစ်မှ ဖြစ်ရလေ ပြောတော့ ရေခဲချောင်းက တော်တော် ရောင်းရနေတယ်။ ဗေဒင်ဆရာက ရောင်းခိုင်းလို့လား။ လူတွေက နေ့မှန်း ညမှန်း အေးမှန်း ပူမှန်း မသိတော့တာလား။ (ခု ညပိုင်းတော်တော်အေးသေးတယ်)


မီးကင်းသမားတွေက အချိန်ပြည့် တောင်စဉ်ရေမရ စကားပြောတယ်။ အမောဖောက်လာတဲ့အခါ အသက်ငင်နေတဲ့ အသံနဲ့ “ဒဿဂီရိ အချစ်ရှုံးသမား အချစ်ရှုံးတယ်လို့ ဘယ်သူကပြောလဲ” ဆိုတဲ့ သီချင်းအော်ဆိုတယ်။ အဲလို ဆိုနေရင် တစ်ယောက်ယောက်က “မယ်သီတာကို သုံပိုင်းပိုင်းပြီး တစ်ပိုင်းမီးကင်စား” လို့ ဖျက်ဖျက်တယ်။


လက်ဘက်ရည်ဆိုင်က ဘောလုံးပွဲ ပွဲကောင်းရှိတဲ့ညဆို တစ်ညလုံးမအိပ်ဘူး။ တနေ့ထက် တစ်နေ့ ဒီစားပွဲထိုးတွေ ငါ့ထက် ပိုပိန်လာကြတယ်။ ဆိုင်ရှင်က စီးပွားရေးနဲ့ ကလေးငယ်လေးတွေရဲ့ အနာဂတ်ကို ချင်ဆီထုတ်ကြတဲ့ ပွဲပေါ့လေ။ ခုလာနေတဲ့ ချဲလ်ဆီး၊ အာဆင်နယ်နှင့် မန်ယူ။ ဝေါ ခနဲ အားပေးသံက စိတ်ဖြေဖျောက်မှုလား၊ ကိုယ့်စိတ်ကို ပြန်သတ်ကြတာလား။


ညတစ်နာရီထိုးရင် ညပိုင်းမှ လာဖွင့်တဲ့ ထမင်းကျော်ဆိုင်က လှည်းတွေ တွန်းပြန်သံ တ၀ုန်းဝုန်းကြားတယ်။ လက်ဘက်ရည်ဆိုင်က ကောင်လေးတွေနဲ့ အဲဒီက ပြန်လာတဲ့ ကောင်မလေးတွေ ည တစ်ခုလုံး လန့်ပြေးမယ့် စကားမျိုးနဲ့ နှုတ်ဆက်ကြတယ်။ ညဟာ ဒီလိုပုံစံနဲ့ ဆိုင်ကယ်သံ တ၀ူးဝူးနဲ့ မရိုးဘူး။ ဒီကောင် မရိုးတော့ဘူး။ မဆုမွန်ကို ချစ်တယ်ချည်း သွားသွားပြောနေတယ်။ သူနဲ့ မဆုမွန်ချစ်သူ ဖြစ်တာကိုလည်း သိတဲ့လူရော မသိတဲ့လူရော လိုက်လိုက် ပြောနေတော့တာပဲ။ မြင်ပြင်းကတ်တယ်။ မဆုမွန် သူ့ကို ပြန်ချစ်တာနဲ့ပဲ သူ့ကိုယ်သူ အမေရိကန်သမ္မတဖြစ်တာ ကျနေတာပဲ ဆိုတော့ အဲဒီထက်လွန်သေးတယ်ကွ တဲ့။




ကဗျာဆရာကြီး ကိုမိုးဝေးရေ ခင်ဗျားအတုခိုးပြီး LP ကဗျာရေးကြည့်တာပါ။