ခပ်ကြမ်းကြမ်းနဲ့ လေးလံနေတဲ့ကျွန်တော့်ကမ္ဘာကို
ဝါဂွမ်းစလေးလို နူးညံ့ပေါ့ပါးစေခဲ့တယ်
ချစ်သူရဲ့ စကားလေးကိုလည်း တံခါးအထပ်ထပ်
ပိတ်သိမ်းထားမိ၊ ဘယ်လိုကြာညောင်းလဲ
အရောင်မပြောင်းဘူးဆိုတာ သိတော့ ပျော်တယ်
လူ့ဘ၀ဆိုတာ အလကားကိစ္စဆိုပြီး
အားငယ်မှု အမြဲတစေ ခြိမ်းခြောက်နေတဲ့ ဘ၀လည်း
သီချင်းတွေနဲ့ စွတ်စိုစိမ်းလန်းတတ်စေခဲ့တယ်
သူမရဲ့ “မချစ်ဘူး”ဆိုတဲ့ ကျီစယ်မှုလေးဟာ
နာကျည်းမှု ကဗျာတွေနဲ့ အမုန်းတေးတွေ ဖွဲ့တတ်တဲ့
လူသားတစ်ဦးရဲ့ ကိုယ့်ကိုယ်ကို တွေ့ရှိမှုအသစ် ဖြစ်စေတယ်
ချစ်ခြင်းတစ်ခုတည်းနဲ့သာ ကျွန်တော့်ကို ချစ်တဲ့
သူမအချစ်ဟာ သမိုင်းသစ်ကိုလည်း ရေးခြစ်တယ်
အခုဆို သူမရဲ့ အချစ်နဲ့
ကျွန်တော်သတ္တိတွေလည်း တော်တော်ကောင်းလာတယ်။
ဘာအကြောင်းပြချက်နဲ့မှလည်း ချစ်သူကို မုန်းမှာမဟုတ်ဘူး
ကမ္ဘာမပျက်သ၍ တည်မဲ့အရာဆိုလို့
ဘယ်သင်္ခါရတရားကမှ မဖျက်နိုင်တဲ့
ကျွန်တော်နဲ့ သူမရဲ့ အချစ်ပဲ ရှိတယ်
ဘယ်လောက် ဝေးဝေး ဘယ်လိုဝေးဝေး
ကလစ်ကလေးတစ်ချက်ချလိုက်ရုံနဲ့
ကျွန်တော့်ရဲ့ ရင်ခွင်ထဲ သူမအမြဲမှေးစက်တယ်
ကျွန်တော်ကလည်း ကြည်နူးတေးလေးအဖြစ်
ဟောဒီကဗျာလေး ရေးလိုက်တယ်၊ ဘယ်တော့မှ မရိုးဘူး
“အရမ်းချစ်တယ် ချစ်သူရယ်”