ကမ္ဘာကြီးဆီက ထွက်ချင်တဲ့စိတ် ကြွေခဲ့
အချစ်ကို ငါနားမလည်ဘူးလို့ ထားလိုက်ပါ
ညီညာစွာ စိုက်ထားတဲ့ လရောင်ကြား
မင်းက လလည်းမသာဘူးနော်တဲ့
အချစ်ကို ငါနားမလည်ဘူးလို့ ထားလိုက်ပါ
နက္ခတ်တွေ အဆုံးစီရင်သွားတော့
မုသားတွေ မင်းထပ်မံထမ်းပိုးထားရ
အချစ်ကို ငါနားမလည်ဘူးလို့ ထားလိုက်ပါ
ရင်ခုန်သံ စီးနင်းတဲ့ ရထားနဲ့
ပြန်လမ်းမဲ့ ဘ၀တစ်ခု ခေါ်ဆောင်သွား
အချစ်ကို ငါနားမလည်ဘူးလို့ ထားလိုက်ပါ
လမိုက်ညထက် မှောင်တဲ့ည
မင်းစကားတွေ စိတ္တဇဆန်လိုက်တာ
အချစ်ကို ငါနားမလည်ဘူးလို့ ထားလိုက်ပါ
မင်းစီးနေတဲ့ တစ်ကိုယ်စာ စမ်းချောင်းမှာ
တစ္ဆေကို တကယ်မြင်ဖူးသွာပြီတဲ့လား
အချစ်ကို ငါနားမလည်ဘူးလို့ ထားလိုက်ပါ
အပြုံးတွေနဲ့ ပြတ်စဲစေတဲ့ အနမ်း
တစ်ခါလဲပြိုတာ တစ်ခါပြန်မထနိုင်တော့ဘူးလား
အချစ်ကို ငါနားမလည်ဘူးလို့ ထားလိုက်ပါ
သံဆူးကြိုးနဲ့ နှလုံးသားကို ထိထားရင်
ရှေ့နည်းနည်းတိုးတာနဲ့ နည်းနည်းပိုစိုက်ဝင်မှာပဲ
အချစ်ကို ငါနားမလည်ဘူးလို့ ထားလိုက်ပါ
မင်းမျက်ရည်ဘာသာဗေဒကို ခေါင်းအုံး နားမလည်သလို
ဘယ်သူမှလဲ မစာနာပေးခဲ့ဘူးမဟုတ်လား
အချစ်ကို ငါနားမလည်ဘူးလို့ ထားလိုက်ပါ
ဘာလဲ ... ငါ့ကို လာမပြိုင်ကြနဲ့လို့
မင်း အချစ်ဘုရင်မ လုပ်ချင်နေတာလား
အချစ်ကို ငါနားမလည်ဘူးလို့ ထားလိုက်ပါ
ဘာပဲဖြစ်ဖြစ် နင်ပြောပြောနေသလို
ငါ
အချစ်ကို နားမလည်ဘူးလို့ ထားလိုက်ပါ။
သိပ်ချစ်ရတဲ့ သူငယ်ချင်းသို့။