
မှန်ကြည့်ပြီးရေးတဲ့ကဗျာ

Wednesday, September 30, 2009 Posted by ဂျေဂျူဝိုင်
(၁)
ရာဇဖွားသာဆိုရဲ့
ယိုင်နဲ့နဲ့ ရှင်သန်မှု သက်တမ်းမှာ
ဘယ်သူ့အပေါ်မှလည်း သြဇာမလွမ်းခဲ့

(၂)
ကောင်းကင်တည်ရာမှားပုံပေါက်ရဲ့
မီးတောက်က လင်းချင်သမျှ
ဖယောင်းတိုင်က ဇောက်ထိုး
(ဒီလိုနဲ့)
ရိုးရိုးလေးပဲ ငြိမ်းမှောင်ခဲ့ရ

(၃)
ရဲရင့်သော လူငယ်စိတ်ကို
ကြိုးတန်းတစ်ခုလို သွယ်တန်းပေးမိတော့
အတ္တတွေ လာလာတင်လှန်းကြ
ပြန်ရသမျှက နောင်တနဲ့ သံဝေဂ
တရားရဖို့တော့ ဝေးစွ အန္ဓ

(၄)
ချစ်သူတွေကို
ရန်သူတွေကို
ကောက်ကျစ်သူတွေကို
ယုတ်မာသူတွေကို
ရက်စက်သူတွေကို
ရိုင်းစိုင်းသူတွေကို
လူလည်လူရှုပ်တွေကို
မလည်ရှုပ်တွေကို
မာန်ထောင်သူတွေကို
ဟန်ဆောင်သူတွေကို
မုန်းခဲ့ရ
..........................
နောက်ဆုံးကျမှ
ကိုယ့်ကိုယ်ကို မုန်းဖို့သတိရ

(၅)
လက်ကို ပြန်ကိုက်လည်း
မိုက်သောခွေးကို အစာကျွေးခဲ့မိ
အခက်ကို ဆိတ်ချိုးလည်း
ဆိုးသောသူအပေါ် အရိပ်မိုးခဲ့မိ
အဲသည်လို ပေးဆပ်တာလည်းရှိ
ပြီးတော့ ... တေးမှတ်တာလည်းရှိ
ကိုယ့်အမှားတွေ ကိုယ်ပြန်သိဖို့
ကြည့်စရာ မော်နီတာမရှိ
ပြစရာ ပရိုဂျက်တာ လည်းမရှိ

(၆)
အများသူငါလိုပါပဲ
မွေးကတည်းက မှားခဲ့တယ်
အသက်အရွယ်အလိုက် အပိုင်းအခြားအလိုက်
ဆက်မိုက် ဆက်တိုက်မှားပြန်တယ်
အလိမ်မပေါ်အောင် ဟန်ဆောင်ရင်း
စာရင်းတိုးလာတဲ့ မုသာဝါဒတွေ
ညက များသွားတာနဲ့ မနက်မှာ ပြန်ဖြေ
တစ်စ တစ်စ ပွားများလာတဲ့ သူရာမေရိယတွေ
...........................................
...........................................
ချစ်သော ကလေးရေ
ငါဟာ လောက်လန်းတစ်ကောင်ပါကွယ်
ရွံစရာ ဒန္နယာထဲမှာ
မရွံမရှာ ကျွမ်းထိုးနေဆဲပဲ။

ဧထက်